ရန်ကုန် ဩဂုတ် ၂၄
သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် သီလဝါ ဆိပ်ကမ်းရှိ Wailmar Myanmar ကုမ္ပဏီ၏ ဆီ၊ ဆန်၊ ဂျုံမှုန့်စက်ရုံများတွင် ထုတ်လုပ်ပုံလုပ်ငန်း အဆင့်ဆင့် လည်ပတ်နေမှုအခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ Wailmar Myanmar ကုမ္ပဏီ၌ ပြသထားသည့် ထုတ်ကုန်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် ကုမ္ပဏီ၏ Chairman ဦးမောင်ကျေးက လုပ်ငန်းများ ထုတ်လုပ်ပုံအဆင့်ဆင့် တို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် စက်ရုံအတွင်းရှိ တစ်နေ့လျှင် တန် ၄၆၀ ထုတ်လုပ်နိုင်သည့် စားသုံးဆီထုပ်ပိုးစက်ရုံတွင် လုပ်ငန်းအဆင့်ဆင့် လည်ပတ်နေမှုအခြေအနေများ ကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တံတားတွင် ထုတ်ကုန်များတင်ပို့နေမှုအခြေအနေ များကိုလည်းကောင်း၊ တစ်နေ့လျှင် တန် ၁၂၀၀ ကြိတ်ခွဲ ထုတ်လုပ်နိုင်သည့် ဆန်စက်ရုံတွင် လုပ်ငန်းအဆင့်ဆင့် လည်ပတ်နေမှုနှင့် ဆန်အမျိုးအစားများ ခွဲခြားနေမှုများကိုလည်းကောင်း၊ တစ်နေ့လျှင် တန် ၅၃၀ ကြိတ်ခွဲ ထုတ်လုပ်နိုင်သည့် ဂျုံမှုန့်စက်ရုံတွင် လုပ်ငန်းအဆင့်ဆင့် လည်ပတ်နေမှုအခြေအနေများကို လည်းကောင်း၊ 8MW စပါးခွံသုံး လျှပ်စစ်ဓာတ်အားထုတ်စက်ရုံတွင် လုပ်ငန်းများ လည်ပတ်နေမှု အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


