ရန်ကုန် စက်တင်ဘာ ၉

 

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ လုံခြုံရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူးတို့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

 

ညနေပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည့် မြန်မာလက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းနှင့် အာဖဂန်နစ္စတန်လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းတို့၏ ၂၀၂၆ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။

 

၂၀၂၆ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတွင် အာဖဂန်နစ္စတန်လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)