ရန်ကုန် ဩဂုတ် ၂၇

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး  ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ ထုတ်လုပ်ထားသည့်  ပစ္စည်းနမူနာပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက်  ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု  ကော်မတီအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့်  မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း  လေးခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုအတည်ပြုပေးခဲ့ပြီး ဟိုတယ်ဝန်ဆောင်မှု  လုပ်ငန်း၊ ဆန်ဖြူ၊ ဆန်ကွဲသန့်စင်ခြင်း၊ အရောင်တင်ခြင်းနှင့် တင်ပို့ရောင်းချခြင်းလုပ်ငန်း၊  ဆန်ကြိတ်ခွဲဖွပ်ချောသန့်စင်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းများဖြစ်ကြောင်း သိရသည်။

 

 အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ငွေကျပ် ၉၄၆၆ ဒသမ  ၅၉၀ သန်းနှင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၉၅ သန်းဖြစ်ပြီး ၅ဝဝ၂ ဦးအတွက် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်  ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)