နေပြည်တော် စက်တင်ဘာ ၁၃

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံမြေပဲစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများသို့ မြေပဲမျိုးများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရိုးဝကျေးရွာရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခန်းမ၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမအသင်းသား တောင်သူများ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် သမဝါယမဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် သမဝါယမအသင်းများ၏ ဆီထွက်သီးနှံ စိုက်ပျိုးမည့် အခြေအနေကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအသင်းသား တောင်သူများ စိုက်ပျိုးသည့် သီးနှံ ၁၀ မျိုး၏ ပန်းတိုင်အထွက်နှုန်းရရှိမှသာ မိသားစုဝင်ငွေ တိုးပွား လာပြီး လူနေမှုအဆင့်အတန်း မြင့်မားလာမည်ဖြစ်ကြောင်း၊ သီးနှံပေါ်ပါက ယခုမြေပဲမျိုး တန်ဖိုးများ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ချေးငွေများ၊ သမဝါယမချေးငွေများ၊ မြစိမ်းရောင်ချေးငွေများကို အပြေအကျေ ပြန်ဆပ်ရန် လိုအပ်ကြောင်း၊ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရေးနှင့် ပတ်သက်၍လည်း မိမိတို့ဝန်ကြီးဌာနတွင် သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့်စစ်ကိုင်း)၊ သမဝါယမကောလိပ် (ဖောင်ကြီးနှင့်မန္တလေး)၊ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) တို့ဖြင့် သမဝါယမပညာရပ်များကို သင်ကြားပို့ချလျက်ရှိရာ စိတ်ပါဝင်စားသည့် ကျောင်းသား ကျောင်သူများအနေဖြင့် ချိတ်ဆက်တက်ရောက်နိုင်ကြောင်း၊ ကျောင်းဆင်းများ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိ ရေးအတွက်လည်း စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း တိုက်တွန်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှည်းကူး၊ မှော်ဘီ၊ သုံးခွ၊ ခရမ်း မြို့နယ်အတွင်းရှိ ကျေးရွာရှစ်ရွာမှ သမဝါယမအသင်း ရှစ်သင်း၏ ဆီထွက်သီးနှံ စိုက်ဧက ၁၀၀၀ အတွက် အထွက်တိုး မြေပဲမျိုးများ ထောက်ပံ့ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးကအသင်း သားတောင်သူများ၏ ဒေသဖွံ့ဖြိုး ရေးတင်ပြချက်များနှင့် လယ်ယာ သုံးစက်ကိရိယာ ဝယ်ယူနိုင်ရေး တင်ပြချက်အပေါ် သမဝါယမဦးစီးဌာန မြန့်မာလယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ လယ်ယာသုံးစက်ကိရိယာ ရောင်းချသည့် ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ မြန်မာ့ လက်မှုအနုပညာစင်တာ (MHC) သို့သွားရောက်၍ ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက် ဝယ်ယူနိုင်ရေး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်