ရန်ကုန် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့နံနက် ပိုင်းက လှိုင်သာယာမြို့နယ်၊ တွံတေးမြို့နယ်နှင့် ရွှေပြည်သာ မြို့နယ်တို့၏ ဒေသဖွံ့ဖြိုး တိုးတက်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လှိုင်သာယာမြို့နယ် ရန်ကုန်- ပုသိမ်လမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးအတွက် နဝဒေးဥယျာဉ် အိမ်ရာရှေ့တွင် စက်ယန္တရားများဖြင့် အမှိုက်များနှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုနှင့် တံတားတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ရန်ကုန်-ပုသိမ်လမ်း တစ်လျှောက် လမ်းဘေး ဝဲ/ယာ လူသွားပလက် ဖောင်း ဆောင်ရွက်နေမှုနှင့် အုတ်စီရေမြောင်း ဆောင်ရွက်နေမှု၊ ရန်ကုန်-ပုသိမ်လမ်း သောင်းကြားချောင်းတံတား တိုးချဲ့ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက်တွံတေးမွေးမြူရေးဇုန် ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာများ၊ ဇုန်ကော်မတီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။
ထို့နောက်တွံတေးမြို့နယ် တွံတေးမွေးမြူရေးဇုန် ကန်ကြီးကုန်း ရေလှောင်ကန်အတွင်း ရေသိုလှောင်ထားရှိမှု၊ရေထုတ် ပြွန်၊ ရေပိုလွှဲ၊ ရေပိုလွှဲမြောင်းကူး တံတားများကြံ့ခိုင်မှုနှင့်ဆိုလာ စနစ်ဖြင့် ရေစုပ်ပန့်များအသုံးပြု၍ မွေးမြူရေးဇုန်အတွင်းရှိ ဂါလန် ၁၀၀၀၀ ဆံ့ Overhead Tank နှင့် ဂါလန် ၁၀၀၀၀ ဆံ့ မြေအောက်ရေကန်သို့ ရေစုပ်တင်မှုနှင့်ယင်းရေကန်မှ တွံတေးမွေးမြူရေးဇုန် အတွင်းရှိ မွေးမြူရေးခြံများသို့ ရေဖြန့်ဝေပေးနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှု၊ မွေးမြူရေးဇုန် ကော်မတီစီမံခန့်ခွဲရေးရုံး တည်ဆောက်နေမှုနှင့် အစာစက်ရုံ တည်ဆောက်နေမှု၊ မွေးမြူရေးခြံတွင် ဒေသနွားအကောင်ရေ ၅၅ ကောင် မွေးမြူထားရှိမှု၊တွံတေး တူးမြောင်းမှ တွံတေးမွေးမြူရေးဇုန်သို့ ဆိုလာစနစ်ဖြင့်ရေတင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ မွေးမြူရေးခြံတွင် ဝက်အကောင်ရေ ၁၆၃ ကောင်၊ ဥစားကြက်အကောင်ရေ ၁၅၀၀၀ နှင့် အသားတိုးကြက် အကောင်ရေ ၃၅၀၀ မွေးမြူထား ရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းတစ်လျှောက် တညင်းကုန်းလမ်းဆုံနှင့် လှော်ကားလမ်းဆုံအကြားရှိ ကန်သာယာ မှတ်တိုင်အနီးတွင် လမ်းပခုံးမြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ကွန်ပျူတာ တက္ကသိုလ်ရှေ့၌လမ်းတိုးချဲ့ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကို ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းနှင့် အုတ်စီရေမြောင်း ဆောင်ရွက်နေမှုတို့ကိုကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


