ရန်ကုန် စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို မရမ်းကုန်းမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီ ခွဲက စတင်ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ကျောင်းသား ကျောင်းသူများ၏ ဘင်ခရာတီးဝိုင်း၊ ပန်းဖွားအကများဖြင့် ကြိုဆိုကြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်၊ မရမ်းကုန်းမြို့နယ် အထက(၁) ကျောင်းအကျိုးတော်ဆောင်နာယက ဦးကြည်ဝင်း တို့က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အတွင်း စာပေစကားဝိုင်းဆွေးနွေးပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများနှင့် ဂိမ်းကစားနည်း ပြိုင်ပွဲများဖြစ်သည့် မြားပစ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ခွက်ရွှေ့ ပြိုင်ပွဲ၊ ဘောလုံးဖိပြိုင်ပွဲ၊ ခါးလှည့် ကွင်းပြိုင်ပွဲ၊ ခွက်စီပြိုင်ပွဲ၊ ဘိုးရိမ်း ပြိုင်ပွဲ၊ ဘောလုံးပစ်၊ စစ်တုရင် ပြိုင်ပွဲများကို လည်းကောင်း၊ ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်စာစောင် အရောင်းဆိုင်များကို လည်းကောင်း လှည့်လည်ကြည့်ရှု အားပေးကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် စာပေဟောပြောပွဲ၌ ဟောပြောမည့် စာရေးဆရာ မြင်းမူမောင်နိုင်မိုးအား ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်တို့ရှိ အခြေခံပညာကျောင်း ပေါင်း ၃၀ အတွက် သုတ၊ ရသ စာအုပ်ပေါင်း ၂၅၀၀ ကို ပေးအပ် လှူဒါန်းရာ သက်ဆိုင်ရာ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက လက်ခံရယူကြသည်။
အောင်မြင့်(ပြန်/ဆက်)


