၂၇  နိုဝင်ဘာ

မြန်မာပြည်မှာ ၁၈၇၈-၇၉  စာသင်နှစ်မှာ ရန်ကုန်အစိုးရဟိုက်စကူးတွင်    ရန်ကုန်ကောလိပ်ကို     စတင် တည်ထောင်တယ်။ ရန်ကုန်ကောလိပ်နဲ့အပြိုင် ဂျပ်ဆင်ကောလိပ်ကို ကူရှင်ကျောင်းမှာ ၁၈၉၄ ခုနှစ် မေလမှာ စတင်ဖွင့်လှစ်တယ်။ ရန်ကုန်ကောလိပ်ရော ဂျပ်ဆင်ကောလိပ်ပါ ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ဖြစ်တယ်။ ကာလကတ္တားတက္ကသိုလ်က  ပေးတဲ့ဘွဲ့ယူရတယ်။ အဲဒီအချိန်တုန်းက  မြန်မာပြည်မှာ   ဘွဲ့နှင်းသဘင် ခန်းမရယ်လို့ မရှိသေးဘူး။

၁၉၂၀ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်မှာ ပြည်သူတွေ    ကန့်ကွက်နေတဲ့ကြားက ရန်ကုန်တက္ကသိုလ်  ဥပဒေကို ဇွတ်ပြဋ္ဌာန်း အတည်ပြုပြီး  တက္ကသိုလ်တည်ထောင်ဖို့ ဖြစ်လာတဲ့အခါမှာ အင်းလျားကန်နဲ့ ဇော်ဂျီ လမ်းအတွင်း   ပြည်လမ်းနဲ့    အင်းလျား လမ်းကြား မြေချိန် ၄၁၄ ဒသမ ၇၆ ဧကရှိတဲ့ မြေကို အစိုးရက သိမ်းလိုက်တယ်။

မြေပိုင်ရှင်   ရွှေတိဂုံ  ဂေါပကလူကြီး ဦးဘကျော်က  မကျေနပ်လို့   အစိုးရကို တရားစွဲတယ်။ အစိုးရက ဦးဘကျော်ကို လျော်ကြေးငွေ ၈ သိန်း လျော်ကြေးပေးရတယ်။

အခု ဘွဲ့နှင်းသဘင်ဆောက်ထားတဲ့ နေရာမှာ မူလကရှိနှင့်ပြီးဖြစ်တဲ့ အင်းလျားရွာဟောင်း ဘုန်းတော်ကြီးကျောင်း ရွှေ့ပေးရတဲ့အတွက် အခုလှည်းတန်းစံရိပ် ငြိမ်မှာရှိတဲ့ အင်းလျားရွာသစ်ဘုန်းကြီး ကျောင်း တည်ရှိတဲ့မြေနေရာကို အစား ပေးရတယ်။ အဲဒီပြင် ရွှေ့ပြောင်းစရိတ်ကိုပါ ပေးရပါသတဲ့။

မူလက အင်းလျားရွာဟောင်းဟာ သိပ္ပံဆောင်များ၊ စာကြည့်တိုက်၊ ပဲခူး၊ သထုံ ဆောင်တွေဆောက်ထားတဲ့    နေရာတွေ တစ်ဝိုက်မှာ ရွာတည်နေထိုင်ကြတယ်။ ရွာတည် နေထိုင်တဲ့သူတွေကိုလည်း စံရိပ် ငြိမ်မှာ   မြေနေရာ    အစားပေးရတယ်။ ရွှေ့ပြောင်းစရိတ်လည်း အစိုးရကပေးလိုက် ရတယ်။

ဗမာပြည်မှာ တက္ကသိုလ်ရယ်လို့ စတင် ချိန်မှာ တက္ကသိုလ်အတွက် ဘဏ်မှာအပ် ထားတဲ့ငွေ   ၁ သိန်း ၄ သောင်းနဲ့  ၂၇ ကျပ်  ၂ ပဲ ၄ ပိုင်။ ငွေစုစာချုပ်အရ ၃ သိန်း ၄ သောင်း ၃ ထောင် ၂ ရာရှိပြီး လက်ဝယ်ရှိ ငွေက ၄၉ ကျပ် ၁၄ ပဲသာရှိတယ်။ ရှိတဲ့ငွေနဲ့ မြေရှင်း မြေပြင်လုပ်ငန်း တောင်ကုန်းတွေဖြို၊ ချိုင့်ဝှမ်း တွေဖို့၊ မလိုအပ်တဲ့သစ်ပင်တွေလှဲ၊ လိုအပ်တဲ့ အပင်တွေ        စိုက်လောက်သာ  ဖြည်းဖြည်းချင်း  လုပ်ရတယ်။

ရန်ကုန်တက္ကသိုလ် ဥပဒေပြဋ္ဌာန်း

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်မှာ ရန်ကုန်တက္ကသိုလ် ဥပဒေပြဋ္ဌာန်းလိုက်တယ်။ ရန်ကုန်တက္ကသိုလ်ကို ဒီဇင်ဘာလ ၁ ရက်မှာ ရန်ကုန်ကောလိပ်နဲ့ ဂျပ်ဆင် ကောလိပ်တို့ကို  ပူးပေါင်းပြီး   ရန်ကုန် တက္ကသိုလ်အဖြစ်   ဖွဲ့စည်းတည်ထောင် လိုက်တယ်။

မြန်မာပြည်သူပြည်သားတွေ၊ ဝိုင်အမ် ဘီအေ၊    ဂျီစီဘီအေစတဲ့အသင်းအဖွဲ့တွေ၊ နိုင်ငံရေးသမားတွေ၊ ဆရာတော်၊  သမား တော်တွေ၊ သတင်းစာဆရာတွေ၊ ကျောင်းသူ ကျောင်းသားတွေက  တက္ကသိုလ်ဥပဒေကို မကြိုက်လို့ ကျောင်းသားအများစုကြီး ဆန္ဒပြ သပိတ်မှောက်ခဲ့တယ်။

ဒါပေမယ့် နယ်ချဲ့အစိုးရက   အလျှော့ မပေးခဲ့ဘူး။  တက္ကသိုလ်အဓိပတိ   ဒုတိယဘုရင်ခံ     ဆာရက်ဂျီနယ် ကရက်ဒေါက်၊  ဒုတိယအဓိပတိ ဆာချားလ်စ် မော်ဂန် ဝက်ဘ်၊  ကျောင်းအုပ်ကြီး     မက်သယူးဟန်းတား နဲ့ တက္ကသိုလ်ကို  ဖွဲ့စည်းစေခဲ့တယ်။

၁၉၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက် ရန်ကုန် တက္ကသိုလ်ကို ဖွင့်လှစ်တဲ့အခါ  ကျောင်းသား ၂၇၀ ကျောင်းပြန်တက်ပြီး ၄၇ ယောက်ခွင့်ယူ ကာ ကျောင်းမတက်ဘူး။ ယုဒသန်  ကျောင်း သား ၇၄ ယောက် ကျောင်းပြန်တက်ပေမယ့် ၂၁ ယောက်   ခွင့်ယူတယ်။

ကျောင်းပြန်တက်တဲ့ ကျောင်းသားတွေ ဟာ  ဥရောပသားနဲ့  ကပြားတချို့၊  အရာရှိ သားသမီးတချို့တို့ ဖြစ်တယ်။ ကောလိပ် ကျောင်း နှစ်ကျောင်းပေါင်း သပိတ်မှောက်သူ တွေ ၅၀၉ ယောက်ရှိတယ်။

 

54ူး5ူး

 

ပထမဦးဆုံး   ဘွဲ့နှင်းသဘင်ပွဲ

၁၉၂၁ ခုနှစ်  နိုဝင်ဘာလ  ၂၈ ရက်မှာ ရန်ကုန်တက္ကသိုလ်   ပထမဦးဆုံး    ဘွဲ့နှင်း သဘင်ပွဲကို   ရန်ကုန်မြို့   ဂျူဗလီဟောမှာ ကျင်းပတယ်။ ဂျူဗလီဟောဆိုတာက မြန်မာ့ လွတ်လပ်ရေးသမိုင်းကို ရေးကြ၊  ပြောကြ မယ်ဆိုရင် ဂျူဗလီဟော  မပါရင် မပြည့်စုံဘူး။ ဂျူဗလီဟောဆိုတာ ဦးဝိစာရလမ်းနဲ့  ဘုရား လမ်းဆုံရာမှာ ဆောက်ထားတဲ့   အနောက် တိုင်းပုံစံ အဆောက်အအုံပဲ၊ အခုမရှိတော့ ဘူး။

မူလရည်ရွယ်ချက်က အနောက်တိုင်း ကပွဲတွေ၊ ပွတ်သဘင်တွေ အနောက်တိုင်း သားတွေကို အထင်ကြီးစေမယ့် ဟောပြော ပွဲတွေ၊    ဇာတ်ပွဲတွေ၊  ကပွဲတွေအတွက်  ရည်ရွယ်ခဲ့တာပဲ။ ဒါပေမယ့်  ဗမာတွေရဲ့ အသုံးချတတ်မှုကြောင့်     လွတ်လပ်ရေး ကြိုးပမ်းရာမှာ ဂျူဗလီဟော ပါခဲ့ရတယ်။

ဂျူဗလီဟောမှာ ကျင်းပတာက ဖွဲ့စည်း ပြီး တက္ကသိုလ်မှာ ဘွဲ့နှင်းသဘင်ခန်းမ မရှိ သေးလို့ပဲ။ ဒါပေမယ့် ရန်ကုန်တက္ကသိုလ်က ပေးပိုင်ခွင့်ရှိလာတဲ့  ဘွဲ့၊  ဒီဂရီ   အဆောင် အယောင်တွေကို ကိုယ့်သဘောနဲ့ ကိုယ်ပေး ပိုင်ခွင့်ရလာတဲ့အတွက် ဂုဏ်ယူစရာလိုဖြစ်ခဲ့ ပါတယ်။

အဲဒီ  ဘွဲ့ပေးအခမ်းအနားမှာ...

လယ်တီဆရာတော်ကြီးအား ဂုဏ်ထူး ဆောင် ဥပဒေပါရဂူဘွဲ့(L.L.D)။ ရှေးဟောင်း ဌာနမှူး မစ္စတာဒူရွိုင်းဇယ်ကို ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့နဲ့ ဝိဇ္ဇာ ၂၃ ဦး၊ ဝိဇ္ဇာဂုဏ်ထူး ကိုးဦး၊    သိပ္ပံ    ခြောက်ဦး၊    သိပ္ပံဂုဏ်ထူး  တစ်ဦး၊   ဥပဒေ ၁၄ ဦး စုစုပေါင်း ၅၃ ဦးကို အဓိပတိ ကရက်ဒေါက်က ဘွဲ့အပ်နှင်း ချီးမြှင့် ခဲ့တယ်။

တက်ရောက်ဘွဲ့ပေး

ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဒုတိယ ဘုရင်ခံ တက္ကသိုလ်အဓိပတိ ကရက်ဒေါက် တက်ရောက်ဘွဲ့ပေးတယ်။  ဘွဲ့နှင်းသဘင် အခမ်းအနားကို ဂုဏ်ပြုတပ်ဖွဲ့ ဘင်ခရာတီး ဝိုင်းက   ‘‘ဘုရင်မင်းမြတ်ကို  ဘုရားသခင် စောင်မပါစေ”(God Save the King)သီချင်း တီးခတ် ဖွင့်လှစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်    ဘွဲ့နှင်းသဘင် အခမ်းအနားများကို ရန်ကုန်တက္ကသိုလ်  ဘွဲ့နှင်းသဘင်ခန်းမအဆောက်အအုံ   မပြီး မချင်း (၁၀) ကြိမ်မြောက်   ဘွဲ့နှင်းသဘင် အခမ်းအနားအထိ   ဂျူဗလီဟောမှာ  ဂုဏ်ပြု တပ်ဖွဲ့  ဘင်ခရာ တီးဝိုင်းက ဘုရင်မင်းမြတ်ကို ဘုရားသခင် စောင်မပါစေ သီချင်းနဲ့ ဖွင့်လှစ်  ကျင်းပခဲ့တာပါပဲ။

ကိုယ်ပိုင်ဘွဲ့နှင်းသဘင်ခန်းမ   မရှိဘဲ ဂျူဗလီဟောမှာချည်း  ကျင်းပလာတာကို ဂုဏ်သိမ်တယ်လို့ ယူဆတာလား။ တက္ကသိုလ် ကြီးတစ်ခုလုံး   တည်ထောင်ပြီးမှ    ဘွဲ့နှင်း သဘင်ခန်းမ မရှိသေးဘူးဆိုတာကို သိက္ခာ မလုံတာလား မပြောတတ်။ ဘွဲ့နှင်းသဘင် ခန်းမဆောက်လုပ်ရေးကို  လုံးပန်းလာပါ တယ်။

တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို  ပုံစံဖော်ရေးဆွဲ

ဒါကြောင့်  ရန်ကုန်တက္ကသိုလ်ဆောက်လုပ်ရေး ဆပ်ကော်မတီနဲ့  မြေနေရာကော် မတီက တက္ကသိုလ် ဆောက်လုပ်ရေးကိစ္စရပ် များကို   ဆွေးနွေးညှိနှိုင်းပြီး    ရန်ကုန်တက္ကသိုလ် ဆောက်လုပ်ရေးဗိသုကာအဖြစ် မစ္စတာ တီအိုဖော်စတာကို  ၁၉၂၁-၂၂မှာ ရွေးချယ်ခန့်အပ်ခဲ့တယ်။

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကို မဆောက်မဖြစ် ဆောက်လုပ်ရန် လိုအပ် လာတဲ့အတွက် မစ္စတာ တီအို ဖော်စတာနဲ့ အဖွဲ့က တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို ပုံစံဖော်ရေးဆွဲခဲ့တယ်။

အဲဒီပုံစံအရ    ၁၉၂၂  ခုနှစ်  ဒီဇင်ဘာ  ၂ ရက်မှာ ဘွဲ့နှင်းသဘင် အဆောက်အအုံကို ကရက်ဒေါက် ကိုယ်တိုင် ဦးစီးပြီး ဖွဲ့စည်းပြီးစ ရန်ကုန်တက္ကသိုလ်အရန်တပ်ရင်း (6th Burma Battalion University Training Corps)ရဲ့ ဂုဏ်ပြုတပ်ဖွဲ့က ဘုရားသခင် စောင်မပါစေ သီချင်းတီးမှုတ်ပြီး ပန္နက်ချခဲ့ပါတယ်။

ပန္နက်သာချနိုင်ပြီး ဖောင်ဒေးရှင်းလောက်သာ လုပ်နိုင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆောက်အအုံ ဆောက်ဖို့  ငွေကြေးအင်အား အတော်လိုနေတာကြောင့် ဖြည်းဖြည်းချင်း ဆောက်ရတယ်။  ဆောက်နေရင်းလည်း တက္ကသိုလ်ရန်ပုံငွေ ဘယ်လိုရနိုင် မလဲဆိုတာ အာဏာပိုင်တွေ စဉ်းစားခဲ့တယ်။

ဆာစပင်ဆာဟာကုတ် ဘတ္တလာဟာ မြန်မာပြည်ရဲ့ အကြီးအကဲ ဘုရင်ခံဖြစ်လာပါတယ်။ မြန်မာပြည်ကို  အုပ်ချုပ်တာက အိန္ဒိယမှာရှိတဲ့ ဘုရင်ခံချုပ်ပါ။ မြန်မာပြည်ကို ဘုရင်ခံချုပ်ကိုယ်စား အုပ်ချုပ်တာက ဒုတိယ ဘုရင်ခံပါ။  ဒုတိယဘုရင်ခံတွေဟာ ပြည်နယ်တွေရဲ့ အုပ်ချုပ်သူဖြစ်လာပါတယ်။

ရန်ကုန်တက္ကသိုလ်ဥပဒေအရ ဒုတိယဘုရင်ခံဟာ ရန်ကုန်တက္ကသိုလ် အဓိပတိ တာဝန်ထမ်းဆောင်ရပါတယ်။ ဒါကြောင့် ၁၉၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှာ ဆာဟာကုတ် ဘတ္တလာ အဓိပတိတာဝန်      ထမ်းဆောင် ပါတယ်။ ဆာဟာကုတ်ဘတ္တလာ အဓိပတိ ဖြစ်ချိန်မှာ တက္ကသိုလ်အကောင်အထည် ဖော်ဖို့ စဉ်းစားပါတယ်။

 

ရန်ကုန်တက္ကသိုလ်    ကျောင်းအုပ်ကြီး ‘‘မက်သယူး ဟန်းတား”အလုပ်ကနားသွားလို့ ၁၉၂၃ ခုနှစ်  ဩဂုတ်လ ၈ ရက်တွင်    ရန်ကုန် တက္ကသိုလ်ကျောင်းအုပ်အဖြစ်   မစ္စတာ ဒီဂျေစလော့ စတင် အမှုထမ်းဆောင်ပါတယ်။ ရန်ကုန်တက္ကသိုလ် ဒုတိယအဓိပတိအဖြစ် စက်တင်ဘာလ ၂၂ ရက်မှာ စီအေစနိုးကို ခန့်အပ်တာဝန်ပေးပါတယ်။

ဆာဟာကုတ်ဘတ္တလာဟာ တက္ကသိုလ် ဆောက်လုပ်ရေးအတွက် ဆောက်လုပ်ရေး ဂေါပကအဖွဲ့ အက်ဥပဒေကို ၁၉၂၅ ခုနှစ် မတ်လမှာ အတည်ပြုပြီး ဇွန်လမှာ ဂေါပက ယာယီအဖွဲ့ကိုဖွဲ့ပြီး ဩဂုတ်လ ၄ ရက်မှာ ဆာဟာကုတ်ဘတ္တလာ အဓိပတိတာဝန်နဲ့ ဆောက်လုပ်ရေးတာဝန်ယူခဲ့တယ်။

၁၉၂၅ ခုနှစ်မှာ ဆောက်လုပ်ဆဲ ခေတ္တရပ်ဆိုင်းထားတဲ့ ဘွဲ့နှင်းသဘင်အဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်း များကို ဆက်လက်ဆောက်လုပ်ရန် ညွှန်ကြား ခဲ့ရုံမက ဆက်လက်ဆောက်လုပ်ရန် ငွေကြေးရှာဖွေရေး   စတာတွေကို ထည့်သွင်းစဉ်းစားခဲ့ပါသတဲ့။

 

127155304_2742880445952446_6027425589128556808_o

 

တက္ကသိုလ်တည်ဆောက်ရေး

မြန်မာနိုင်ငံ တက္ကသိုလ်တည်ဆောက်ရေးအတွက် နယ်ချဲ့အစိုးရက ငွေလုံးငွေရင်းစိုက်ထုတ်လုပ်လိုတဲ့ သဘောထားမရှိတဲ့အတွက် တက္ကသိုလ်တည်ဆောက်ရေးမှာ ငါးကြင်းဆီနဲ့   ငါးကြင်းကြော်ရန်   စီမံ ဆောင်ရွက်ရသလိုပေါ့။

၁၉၂၇ ခုနှစ် မေလ ၁၀ ရက်မှာ ဘုရင်ခံ ဆာဟာကုတ်ဘတ္တလာက တက္ကသိုလ် ဆောက်လုပ်ရေး ရန်ပုံငွေ  ထည့်ဝင်လှူဒါန်းကြရန် တိုင်းပြည်သို့ မေတ္တာရပ်ခံထုတ်ပြန်ခဲ့တယ်။ တစ်ပြိုင်နက်တည်းမှာ နိုင်ငံတစ်နံတစ်လျား၊ ဇနပုဒ် ကျေးလက်ပါမကျန်   အာဝါဒေးပွဲများ    ကျင်းပပြီး အကောက်အစားရယူကြရန်    ညွှန်ကြား ခဲ့တယ်။

ကျောင်းအုပ်ကြီး    စလော့ကလည်း ကြေညာချက်ထုတ်ခဲ့သတဲ့။    သူ့ကြေညာ ချက်က “Sums Large or Small Should be Sent to the University Building”လို့ ရေးထားသတဲ့။ ဒီစာတန်းရဲ့ Sums က Sent အထိ   ထိပ်စာလုံးကိုယူပြီးပေါင်းလိုက်ရင် “Sloss” လို့ အဖြေထွက်သတဲ့။စလော့ရဲ့   ထွင်လုံးတစ်ခု ပေါ့။   ဒီဇင်ဘာ   ၈ ရက်မှာ တက္ကသိုလ်စာကြည့်တိုက်  အုတ်၊  မြေချ အခမ်းအနားပြုလုပ်တယ်။

၁၉၂၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ လောင်းကစားဝိုင်းတွေ(Our Day)အာဝါဒေးဖွင့်ပြီး  အစိုးရက  တစ်နိုင်ငံလုံး အကောက်အစား ရယူခဲ့တဲ့ငွေနဲ့ အလှူခံရငွေပေါင်း ၄၇ သိန်း ၇ သောင်း ၉  ထောင်  ၉  ရာ  ၃ ကျပ်  ၁ ပဲ ၅ ပိုင်အပြင် ဘီအိုစီကုမ္ပဏီ၊   သူဌေး   ဦးညှိတို့လို  ငွေလုံးငွေရင်း  လှူသူတွေလည်း ရှိပါတယ်။

အလှူငွေပေါ်လိုက်ပြီး KSM,  ATM, စတဲ့ဘွဲ့တွေ ၂ သိန်းလောက်လှူတဲ့ ဦးညှိ တို့လိုလူတွေကို LLD စတဲ့ ဒေါက်တာဘွဲ့ ပေးပါတယ်။ ဘီအိုစီလို စတာလင်ပေါင် ၁ သိန်းလောက် လှူတဲ့သူကိုတော့ ရေနံ လုပ်ငန်းလုပ်နိုင်တဲ့    လုပ်ကွက်တချို့နဲ့ ဂုဏ်ထူးဆောင်လက်မှတ် တွေပေးတယ်။

တက္ကသိုလ်  ဆောက်လုပ်ရေးအတွက် ရရှိတဲ့ငွေတွေကို ထိန်းသိမ်းစီမံဖို့ ဥပဒေအရ ၁၉၂၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်မှာ ဂေါပက အဖွဲ့ကို  ဖွဲ့စည်းရာ အောက်ပါပုဂ္ဂိုလ်များ ပါဝင်ပါတယ်-

ဂေါပကအဖွဲ့ဝင်များ

 ၁။  တက္ကသိုလ် ဒုတိယအဓိပတိ ဆာဘင်ဂျမင် အိပ်ချ် ဟီးလ်၊

 ၂။  တရားလွှတ်တော်တရားဝန်ကြီး ချုပ်  ဆာဂိုင်းရပ်လက်ဂျ်၊

 ၃။  ဥပဒေပြုကောင်စီ လွှတ်တော်ဥက္ကဋ္ဌ   မစ္စတာ အော်စကာ ဒီဂလန်ဗီလ်၊

 ၄။  ဆာဂျေအေမောင်ကြီး  (ဘုရင်ခံ ခန့်)၊

 ၅။  မစ္စတာ   ဝီလျံအက်သယ်စတန်ကရေး တို့  ဖြစ်တယ်။

၁၉၂၈ ခုနှစ်မှာ  သထုံ၊  ပဲခူး၊  ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊  ရွှေဘို၊  ဒဂုံဆောင်တို့ ဆောက်လုပ်ပြီးစီးတဲ့အပြင် တက္ကသိုလ် ရိပ်သာလမ်းလည်း ဖောက်လုပ်ပြီးစီးတယ်။ သစ်တောပါမောက္ခ  ကော့ကရိန်း၊  မစ္စတာ ဆပ်သာလန်နဲ့ သစ်တောကျောင်းသား များက  ကံ့ကော်နဲ့ ပန်းအလှပင်များစိုက် ခဲ့တယ်။

၁၉၂၉ ခုနှစ် အကုန်လောက်မှာ ဘွဲ့နှင်း သဘင်အဆောက်အအုံ အပြင်ပန်းအကြမ်း ထည် ပြီးသလောက် ဖြစ်သွားပါတယ်။ အဲဒီမှာ ဘွဲ့နှင်းသဘင် အဆောက်အအုံနဲ့ ပတ်သက် ပြီး ဝေဖန်မှုတွေ ထွက်လာပါသတဲ့။ မြန်မာ မဆန်ဘူး၊ အနောက်တိုင်းပုံပေါက် နေတယ်   စသည်ဖြင့်   ဝေဖန်ကြသတဲ့။ ဒါကြောင့် မြန်မာဆန်ရလေအောင် ခြင်္သေ့ ကြီးတွေကို ဘွဲ့နှင်းသဘင်ရှေ့မှာ ခုမြင်ရ တဲ့အတိုင်း       ဖန်တီးပေးထားတာလို့ မှတ်သားမိဖူးပါတယ်။

၁၉၃၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်မှာ တက္ကသိုလ်အဓိပတိတာဝန်ကို      ဘုရင်ခံ  ဆာချားလ်အလက်ဇန္ဒားအင်းနစ်     စတင် တာဝန်ထမ်းဆောင်ချိန်     ဇွန်လထဲမှာ အင်းလျားဆောင်ကို      စတင်ဖွင့်လှစ်ပြီး ဇူလိုင်လ ၂၇ ရက်မှာ အဓိပတိ  ဆာချားလ် အင်းနစ်က     ဂျပ်ဆင်ဘုရားကျောင်းကို အုတ်မြေချတယ်။

ဇူလိုင်လ ၂၈ ရက်မှာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အအုံဖွင့်ပွဲကို (၁၁) ကြိမ်မြောက်    အထူးဘွဲ့နှင်းသဘင်အခမ်း အနားအဖြစ်  ကျင်းပပြီး   ဖွင့်လှစ်ခဲ့တယ်။ ဒါဟာ  ရန်ကုန်တက္ကသိုလ်  ဘွဲ့နှင်းသဘင် ခန်းမမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ဘွဲ့နှင်း သဘင်ဖြစ်တယ်။

အထူးဘွဲ့နှင်းသဘင်မှာ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ကို   တက္ကသိုလ်   ဒုတိယ အဓိပတိ ဆာဘင်ဂျမင် ဟားဘတ်ဟီးလ်။ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ကို သာသနာ ပိုင် ဦးဝိသုဒ္ဓိ၊ ခရစ်ယာန်ဘုန်းကြီး အာ-ဟာလီ ဒေးနဲ့   ဦးရွှေဇံအောင်။   ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့များကို   မစ္စလက်စလီမိုင်းလ်၊ ပုဂံဝန်ထောက်  ဦးတင်၊  ဦးမောင်ကြီးနှင့် ဦးကျော်ဒွန်းတို့ကို   ဆာချားလ်အင်းနစ်က ချီးမြှင့်ခဲ့ပါတယ်။

ဘွဲ့ရသူ ၁၉၉ ဦးတို့ကို  ဒုတိယအဓိပတိ ဆာ     ဘင်ဂျမင်အိပ်ချ်ဟီးက   ဘွဲ့ချီးမြှင့်ပါသတဲ့။

အဲဒီကစပြီး ဘွဲ့နှင်းသဘင်မှန်သမျှ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သတဲ့။   ဘွဲ့နှင်းသဘင် ကျင်းပတိုင်း ဂုဏ်ပြုတပ်ဖွဲ့နဲ့ ဗြိတိသျှနိုင်ငံတော်သီချင်း ဒါမှမဟုတ်  ဘုရင်မင်းမြတ်ကို    ဘုရားသခင် စောင့်ရှောက်ပါစေဆိုတဲ့သီချင်းနဲ့ ဖွင့်ရတယ်။

လွတ်လပ်ရေးရပြီးစ ရန်ကုန်တက္ကသိုလ် ပထမဦးဆုံးဘွဲ့နှင်းသဘင်ကို ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ ရန်ကုန်  မြို့တော်ခန်းမ မှာ ကျင်းပပါတယ်။ အဲဒီဘွဲ့နှင်းသဘင်မှာ ဆရာ ဝန်ကြီးဒေါက်တာဘသန်းက ကျောင်း အုပ်ကြီး ဒေါက်တာထင်အောင်၊ အဓိပတိဦးနု တို့နှင့် တိုင်ပင်ကာ  အနောက်တိုင်းဘင်ခရာ တီးဝိုင်းအစား   စန္ဒရား   ကိုရည်နွယ်ကို   ဝါး ပတ္တလားနှင့် ဝတ်ရုံတော်ဘွဲ့  ကြိုးသီချင်း တီးခတ်စေကာ ဘွဲ့နှင်းသဘင်ဖွင့်လှစ် ပါတယ်။  

တက္ကသိုလ်ဘောလုံးအသင်းနဲ့ ပုလိပ်ကြီးအသင်းတို့ ၁၉၃၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရာတက္ကသိုလ်အသင်းက အောင်နိုင်ပြီး သုံးနှစ်ဆက်တိုက် ဗိုလ်စွဲခဲ့တဲ့အတွက် အောင်ပွဲခံတဲ့ အနေနဲ့   ဘွဲ့နှင်းသဘင်ခန်းမမှာ  အောင်ပွဲ အခမ်းအနားကျင်းပပြီး ဘွဲ့နှင်းသဘင်ရှေ့မှာ အငြိမ့်နဲ့ဧည့်ခံတယ်။

၁၉၃၅ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်မှာလည်း ဘောလုံးပွဲအောင်နိုင်တဲ့အတွက် ဘွဲ့နှင်းသဘင်ခန်းမမှာ      ညစာစားပွဲနဲ့ ဖျော်ဖြေရေးအစီအစဉ်လုပ်ပါတယ်။ ယိမ်း အက၊ တစ်ခန်းရပ်ပြဇာတ်၊ တပင်တိုင်အက စတာတွေ ပါပါသတဲ့။ အဲဒီပွဲမှာ  ကျောင်းသား တွေကိုယ်တိုင်    တစ်ဆောင်နဲ့တစ်ဆောင် အပြိုင်ကကြဆိုကိုး။

“ဘောခင်ခင် တစ်ခန်းရပ်ပြဇာတ်”လည်း ပါပါတယ်။ ဂျာမနီက ဟစ်တလာ  နန်းရင်း ဝန်ကြီးဒေါက်တာ ဘမော်၊ ပရော်ဖက်ဆာ အေဘရု၊   တက္ကသိုလ်ဂျပိုး  နှစ်ယောက်၊ အိန္ဒိယက မဟတ္တမဂန္ဒီ စသူတွေ“ဘောခင်ခင်” ကို ဝိုင်းဝန်းပိုးပန်းကြပေမယ့် ဘောခင်ခင်က ပြန်မကြိုက်ပါဘူး။ ဖိုးစွန်ဆိုတဲ့ ကိုညိုမြ (ငရဲခွေးဆောင်းပါးရေးသူ)က   ဘောလုံးအသင်းဝတ်စုံဝတ်ကာ   ဘောလုံးပိုက်ပြီး ထွက်လာမှ ဘောခင်ခင်က ပြန်ကြိုက်သတဲ့။

အဲဒီမှာ   ထူးခြားတာက  စကားတစ်လုံးနဲ့တစ်လုံးကျီးကန်းတစ်ညအိပ်လောက်ကြာတယ်လို့ တင်စားပြောရတဲ့ ဆရာဦးညိုမြ။ ဆရာဒဂုံတာရာက“မတုန်မလှုပ် ကျောက်ရုပ်”လို့ရေးရလောက်တဲ့   ကျုပ်တို့ ဆရာ ဦးညိုမြက ဘောလုံးသမား “ဖိုးစွန်”အဖြစ် သရုပ်ဆောင်ပြီး   ဘောခင်ခင်ကို   တအားဖက်နမ်းတဲ့ အခန်းဟာ  ပတ်တုပ်မရအောင် ပွဲကျလှပါသတဲ့။

ထူးခြားတာက တက္ကသိုလ်ကောင်စီ အစည်းအဝေးကို ၁၉၃၆ ခုနှစ် မတ်လ ၂ ရက် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပပြီး တက္ကသိုလ် အဓိပတိအား သပိတ်စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပေးရန် မေတ္တာရပ်ခံခဲ့တယ်။

မတ်လထဲမှာ ကိုအောင်ဆန်းကို ရန်ကုန် တက္ကသိုလ်မှ ၃ နှစ် ထုတ်ပယ်ကြောင်း ဘွဲ့နှင်းသဘင်ရုံးမှ ကြေညာချက်ထုတ်ပြန် ကြေညာခဲ့တယ်။

ဇွန်လ ၁၈ ရက်မှာ မြန်မာထဲမှ ပထမဆုံး တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ဆရာကြီး ဦးဖေမောင်တင်ကို    ခန့်အပ်ခဲ့တယ်။   အဲဒီအချိန်က မြန်မာတွေကို အစိုးရဌာနတွေမှာ အကြီးအကဲခန့်တာ အင်မတန်ရှားပါးတဲ့ အချိန်ပေပဲ။ ဆရာကြီးဟာ ဘွဲ့နှင်းသဘင်ရှိ ကျောင်းအုပ်ကြီးရုံးခန်းမှာ  စတင်ရုံးထိုင်ပါတယ်။

ဘွဲ့နှင်းသဘင်ခန်းမမှာ  ဟောပြောပွဲ၊ စကားစစ်ထိုးပွဲ၊ ညစာထမင်းစားပွဲ၊ ကျပန်း စကားပြောပွဲတွေ၊ ကပွဲတွေ အခါအားလျော်စွာ ကျင်းပပြုလုပ်ခဲ့တာ ၁၉၆၀-၆၁စာသင်နှစ် စာရေးသူ ဒီဂျေ(Diploma in Journalism) တက်တဲ့နှစ်အထိပါပဲ။

အဲဒီနှစ်မှာ ဆရာကြီး  ဦးရန်အောင်က တစ်ဖက်၊ ဒေါ်စောမုန်ညင်းတို့က  တစ်ဖက် စကားစစ်ထိုးပွဲကို ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပခဲ့တယ်။

၁၉၅၃-၅၄    စာသင်နှစ်လောက်မှာ ထင်တယ်။ တက္ကသိုလ် ငွေရတုသဘင် အခမ်း အနားကို စာရေးသူတို့ ပါဝင်ကျင်းပပါတယ်။ အဲဒီပွဲရဲ့ဟောပြောပွဲတွေကို ဘွဲ့နှင်းသဘင် ခန်းမမှာ ပြုလုပ်ခဲ့တယ်။ တက္ကသိုလ်ပရဝဏ် အတွင်းမှာ   ကြည့်ချင်ပွဲတွေ၊   ပြပွဲတွေ အဆောင်ကျောင်းသူကျောင်းသားတွေ ပါဝင် ကပြခဲ့တယ်။

ဖဆပလအစိုးရက ခွင့်ပြုတာမဟုတ်ပေမယ့် ဆရာတွေ လိုလားသူတွေကြောင့် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ အစည်းအဝေးတွေ၊ ဟောပြောပွဲတွေ ကျင်းပပြုလုပ် ခွင့်ရခဲ့တယ်။

ဝန်ကြီးချုပ်ဦးနုလက်ထက် ၁၉၅၈ခုနှစ် ဩဂုတ်လ   ၉  ရက်မှ  ၁၂  ရက်အထိ   ရန်ကုန် တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမမှာ      ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်၊  ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂတို့က ဦးစီးပြီး ပညာရေးနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့တယ်။

ပညာရေးနှီးနှောဖလှယ်ပွဲကို စာရေးသူတို့ကိုယ်တိုင် ပါဝင်ဦးဆောင် ကျင်းပခဲ့တယ်။ အဲဒီတုန်းက ဖဆပလ ဝန်ကြီးချုပ်သက်တမ်းတစ်လျှောက်လုံး ကျောင်းသားတွေနဲ့ မညှိနှိုင်းဘဲလုပ်ခဲ့တာလို့ ဦးနုက ဝန်ခံပြောကြားခဲ့တဲ့ အပြင် ဘွဲ့နှင်းသဘင်ခန်းမမှာ ပညာရေးနှီးနှောဖလှယ်ပွဲကို ပညာရှင်များနဲ့ ကျင်းပခွင့်ပြုခဲ့တယ်။

၁၉၇၀ ပြည့်နှစ်   ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်ပွဲကိုလည်း ဘွဲ့နှင်းသဘင်ခန်းမမှာပဲ လုပ်ခဲ့ပါတယ်။  အဲဒီတုန်းက   သပိတ်မှောက် ကျောင်းသားခေါင်းဆောင်ကြီးတွေနဲ့   အမျိုးသားကျောင်းအုပ်ကြီး ဦးပုတို့ကိုယ်တိုင် တက်ခဲ့တယ်။     အစိုးရအာဏာပိုင်အဖွဲ့အစည်း တွေလည်း တက်ခဲ့ပါတယ်။   

 

127212815_2742880389285785_7423064743404379593_n

 

ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း

--------------------

- အမည်ရင်း လေးမြင့်ဖြစ်ပါသည်။

- အဖ  ဦးသိန်းမောင်-    အမိ ဒေါ်ရွှေတင်တို့မှ ၁၉-၃-၁၉၃၄ ခုနှစ်တွင် မွေးဖွားသည်။ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်      ပုဇွန် မြောင်းရွာ     ဇာတိဖြစ်သည်။

- ပုဇွန်မြောင်း     အလယ်တန်း ကျောင်း၊ ရန်ကုန်ကူရှင်ကျောင်း (အထက-၄ အလုံ)  တွင် တက်ရောက်ခဲ့ပြီး ၁၉၅၃-၁၉၆၂ အထိ တက္ကသိုလ်တက်ရောက် ခဲ့သည်။ ၁၉၆၀-၆၁ တွင် သတင်း စာ ပညာဒီပလိုမာ တက်ခဲ့သည်။

- ၁၉၅၃-၅၄  တွင်     လူထုသတင်းစာ နှင့်      ဂျာနယ် ရန်ကုန်တိုက်ခွဲ သတင်းထောက်၊     အလုပ်သင် အယ်ဒီတာ၊ ၁၉၅၄ တွင် အိုးဝေ သတင်းစာ အယ်ဒီတာ  တာဝန် များ    ဆောင်ရွက်ပြီး သတင်းစာ နှင့်     မဂ္ဂဇင်းများစွာတို့တွင် အယ်ဒီတာ မှအယ်ဒီတာချုပ်အထိ တာဝန်ယူ လုပ်ကိုင်ခဲ့သည်။

- မြန်မာ့လွတ်မြောက်ရေးကြိုးပမ်း မှုဆိုင်ရာ နိုင်ငံရေးစာပေများနှင့်ဝတ္ထုများ   ရေးသားထုတ်ဝေခဲ့ သည်။

- ကျောင်းသားများသမဂ္ဂ၊ လူငယ်များသမဂ္ဂနှင့် အလုပ်သမားများ သမဂ္ဂတို့တွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့ပြီး    လက်ရှိတွင် စာရေးဆရာသမဂ္ဂ၌ နာယက အဖြစ်  လုပ်ကိုင်လျက်ရှိသည်။

- သမိုင်းသုတေသနနှင့်    အမျိုးသား စာကြည့်တိုက်     ဦးစီးဌာနက စာရေးသူ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘဝဖြတ်သန်းမှုသမိုင်းမှတ်တမ်းရယူခြင်းခံရပါသည်။

- ယခုလက်ရှိတွင် ဆောင်းပါးနှင့် ဝတ္ထုများ     ရေးသားဆဲဖြစ် ပါသည်။

လှကွန့်