ပဒိုဂျူဘလီစံလှ

 

အောက်တိုဘာ ၃၁ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ဒေါက်တာဦးသန်းဦးက “ရန်ကုန်တက္ကသိုလ်နေ ကျောင်းသားဘဝ” ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားခဲ့ရာတွင် “အချုပ်အားဖြင့် စာရေးသူအနေဖြင့် တင်ပြဆွေးနွေး လိုသည်မှာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ စသည့် ကျောင်းသားဘဝတွင် စာသင်သားဘဝသက်သက်ဖြင့် ပြည့်စုံလုံလောက်မှု မရှိပါ၊ အဆောင်နေဘဝပါ တစ်ပါတည်း ထည့်သွင်းပါဝင်မှုပြုပါမှ ပြည့်စုံသောဘဝကို မုချရရှိကြရလိမ့်မည်ဖြစ်ပါသည်”ဟု ရေးသားထားသည်ကို တွေ့ရပါသည်။

 

ကျောင်းသားများအတွက် အထူးတန်ဖိုးရှိ

ဤရေးသားချက်သည် မှန်ကန်ပါသည်။ မြန်မာ့ပညာရေးလောကမှ ပုဂ္ဂိုလ်များတက္ကသိုလ်ပညာကို ဆက်လက် သင်ကြားနိုင်မည့် ကျောင်းသားများအတွက် အထူးတန်ဖိုးရှိပါသည်။ ကျွန်တော့် မြေးတစ်ဦးသည် စက်မှု တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပါသည်။ တက္ကသိုလ်ကျောင်းဆောင်မရှိသဖြင့် တက္ကသိုလ်အနီး ရပ်ကွက်ထဲရှိ အိမ်မှာနေပြီး ကျောင်းတက်ပါသည်။ သူ့မိဘက ငွေလုံလုံလောက်လောက် ပေးပါသည်။ တစ်ပတ်တစ်ခါ အစားကောင်းများ ပို့ပေးပါသည်။ သူ သုံးနှစ်နေပြီး ကျောင်းမှထွက်လိုက်ရပါသည်။ အကြောင်းကတော့ မူးယစ်ဆေးဝါးသုံးသဖြင့် ကျောင်းလည်းမမှန်၊ စာမေးပွဲလည်းမအောင်၍ ကျောင်းမှထွက်ခဲ့ရခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ ဆရာကြီး ဒေါက်တာဦးသန်းဦး၏ ရေးသားချက်ကို လက်ခံတန်ဖိုးထားခြင်း ဖြစ်ပါသည်။

 

ကျောင်းသားဘဝဖြတ်သန်းမှု

ဆရာကြီးက တက္ကသိုလ် သစ်သားကျောင်းဆောင်များနှင့် ကျောင်းဆောင်ဟောင်းများအကြောင်းကို ပြည့်ပြည့်စုံစုံ ရေးပြခဲ့ပါသည်။ ကျွန်တော်က ကျောင်းဆောင်သစ်တွင် ပညာသင်ကြားခဲ့ရသူဖြစ်သဖြင့် ကျောင်းဆောင်သစ်နေ ကျောင်းသားဘဝကို တင်ပြလိုပါသည်။ တက္ကသိုလ်ကျောင်းသားများအတွက် ကျောင်းဆောင်သစ်များကို ၁၉၅၄ ခုနှစ်မှစ၍ အဆောင်လေးဆောင် ဖွင့်လှစ်ပေးခဲ့ပါသည်။ ရာမည၊ အမရကျောင်းဆောင်တို့မှာ အင်ဂျင်နီယာနှင့် သစ်တောကျောင်းသားများအတွက် ဖြစ်သည်။ မန္တလေးဆောင်နှင့် တောင်ငူဆောင်၌ ဝိဇ္ဇာသိပ္ပံနှင့် ပထမ၊ ဒုတိယနှစ် ဆေးကျောင်းသားများကို နေစေပါသည်။ ယခုအခါ ထိုအဆောင် လေးဆောင်မှာ ကျောင်းနေသောအဆောင် မဟုတ်တော့ပါ။ တက္ကသိုလ်ပညာရပ်ဌာနများ ဖြစ်နေပါသည်။ သို့ဖြစ်၍ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကျောင်းသားများ အဆိုပါကျောင်းဆောင် လေးဆောင်ကို မသိကြတော့ပေ။

 

မန္တလေးဆောင်မှာနေခဲ့

ကျွန်တော်က မန္တလေးဆောင်မှာ ၁၉၅၆ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ နေခဲ့ပါသည်။ မန္တလေးဆောင်၏ ထူးခြားချက်များကို တွေ့ခဲ့ရပါသည်။ ဝိဇ္ဇာ၊ သိပ္ပံ ကျောင်းသားများနေသော မန္တလေးဆောင်နှင့် တောင်ငူဆောင် အဆောင်မှူးများမှာ အားကစားသမားများ ဖြစ်ကြပါသည်။ တောင်ငူအဆောင်မှူးမှာ အလေးမသမားဖြစ်ပြီး မန္တလေးအဆောင်မှူးမှာ ဆရာငြိမ်း ဖြစ်ပါသည်။ ဆရာငြိမ်းသည် ရန်ကုန်တက္ကသိုလ် အားကစားအရာရှိ ဖြစ်ပါသည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ်ဘောလုံးအသင်းသည် အောင်ဆန်းဒိုင်းကိုပင် ရထားပါသည်။ တက္ကသိုလ်ဘောလုံး အသင်း၏ နည်းပြမှာ ဆရာငြိမ်း ဖြစ်ပါသည်။ ဆရာငြိမ်းသည် ထိုစဉ်က အိမ်ထောင်မရှိသေး၍ သူ၏အခန်းကို တက္ကသိုလ် ဘောလုံးအသင်းသားများကို နေစေပါသည်။ ထိုစဉ်က လက်ရွေးစင်များနေရာ၌ ကောလိပ်ဂျင်နေဝင်း၊ ကိုညို၊ အီယန်ကဲတို့ နေကြပါသည်။ မန္တလေးကျောင်းဆောင်တွင် မြန်မာနိုင်ငံအနှံ့မှ ကျောင်းသားများ ရှိကြပါသည်။ ရှမ်းပြည်နယ်မှ ကိုချစ်ထူး၊ ကိုစန်းမောင်၊ ကချင် ပြည်နယ်မှ ကိုညို။ တနင်္သာင်္သာရီတိုင်းမှ ကိုစိုးမောင်၊ မော်လမြိုင်မှ ကိုမောင်မောင် (ရှေ့နေသထုံမောင်မောင်)၊ ကိုအုန်းခိုင်(လေတပ်မှ ဗိုလ်မှူးကြီး အုန်းခိုင်)၊ ရခိုင်ပြည်နယ်မှ ကိုအောင်ဘန်း၊ ကိုခင်အောင်။ ချင်း ကျောင်းသားများလည်း ရှိပါသည်။ ကရင်အမျိုးသားဖြစ်သော ကျွန်တော်၊ ဒေါက်တာဆိုင်းမွန်သာ၊ မန်းစိန်သောင်းကြွယ်နှင့် စောလိုင်နာတို့ရှိကြပါသည်။ နောင်တွင် နိုင်ငံ့တာဝန်ကြီးများကို ဖော်ဆောင်ကြသော ဗိုလ်မှူးကြီးအောင်ဖုန်း(ဝန်ကြီး-ငြိမ်း)၊ ဦးပန်းအောင် (ပညာရေးဝန်ကြီး-ငြိမ်း)၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဝင်း(ငြိမ်း)၊ ဒေါက်တာမြဦး ဒုဝန်ကြီး-(ငြိမ်း)၊ ဗိုလ်မှူးကြီး ကျော်ရှိန်(ငြိမ်း)၊ ဗိုလ်မှူး တင်အုန်း (ငြိမ်း)၊ ဦးဝင်းကြည် ဟိုတယ်လုပ်ငန်းမန်နေဂျာ(ငြိမ်း)၊ ဦးအုန်းခင် ပညာဌာန(ငြိမ်း)၊ ဒေါက်တာခင်မောင်ဝင်း (ပညာရေးဝန်ကြီး-ငြိမ်း)၊ ဒေါက်တာတင်အောင်အေး (တက္ကသိုလ်ပါမောက္ခချုပ်ငြိမ်း)တို့ နေခဲ့ကြပါသည်။

 

မန္တလေးဆောင်၏ ထူးခြားချက်တစ်ခုမှာ ရန်ကုန်တက္ကသိုလ်နိုင်ငံရေးကို ဦးဆောင်သည့်တပ်ဦးမှ ပုဂ္ဂိုလ်များ ဖြစ်သော ဦးဘဆွေလေး၊ ဦးသာဘန်း၊ ဦးခင်အောင် စသည့် မန္တလေးကျောင်းသား တပ်ဦးအဖွဲ့၏ အမာခံ ကျောင်းဆောင် ဖြစ်ပါသည်။ မန္တလေးကျောင်းဆောင်သို့ မော်လမြိုင် ဥပစာကောလိပ်အောင်ပြီး ၁၉၅၆ ခုနှစ် စရောက်စဉ်က အဆိုးဆုံး Dark room 50 မှာ နေရပါသည်။ ဒုတိယနှစ်တွင် ဒုတိယထပ် အခန်း (၈၃) တွင် လည်းကောင်း၊ တတိယနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး) အုပ်ချုပ်ရေးသင်တန်း တက်သည့်အခါ အပေါ်ဆုံးထပ် အခန်း (၁၀၃) တွင်လည်းကောင်း နေခဲ့ရပါသည်။ ကျွန်တော် မန္တလေးဆောင်တွင်နေစဉ် တက်ထရွန်ရှပ်အင်္ကျီ ခုနစ်ထည်၊ မော်လမြိုင် နှစ် ၁၀၀ လုံချည် ခုနစ်ထည်နှင့် Alparker အနက်ရောင် တိုက်ပုံအင်္ကျီကိုသာ ဝတ်ဆင်ခဲ့ပါသည်။

 

တက္ကသိုလ်ပညာသင်စရိတ်ကို အိမ်မှ တစ်လလျှင် ၁၂၀ ကျပ် ပို့ပါသည်။ လစဉ် Mess fee ကျပ် ၆၀ ၊ Tuition fee ကျပ် ၄၀ သွင်းပြီး ကျန်သည်ကို ရုပ်ရှင် ကြည့်၊ မြို့ထဲရှိ British Council နှင့် Us Library သို့ သွားရာတွင် သုံးပါသည်။ အခါအားလျော်စွာ တက္ကသိုလ် ဓမ္မာရုံရှေ့ဆိုင်မှ ထမင်းကြော်ဝယ်စားခြင်း၊ ကျောင်းဆောင်ရှေ့ရှိ တကသ လက်ဖက်ရည်ဆိုင်တွင် စားသောက်ပါသည်။ ထိုစဉ်က မန္တလေးဆောင်တွင် S & R (Social & Reading Club) gulbau of Club ozę ulo Elg: ၁၉၅၈ ခုနှစ်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့ပါသည်။ ကျွန်တော်တို့ S& Rက ကျောင်းစားသောက်ခြင်းကို ကူညီပါသည်။ နံနက်စာတွင် ကော်ဖီပေါင်မုန့် ထောပတ်သုပ်၊ ထမင်းကြော်၊ ကြာဆန် ခေါက်ဆွဲကြော်ကို စီစဉ်ပေးပါသည်။ နေ့လယ်နှင့် ညတွင် ထမင်း၊ ဟင်းချို၊ ဝက်သား၊ ငါး၊ ကြက်၊ ဘဲဥဟင်းတို့ကို အခါအားလျော်စွာ တွဲဖက်စီစဉ်ပေးပါသည်။ ထိုစဉ်က ကမ္ဘောဒီးယားမှ ပညာသင်မိတ်ဆွေကို ကျောင်းတော် ခေါ်လာပြီး နေ့လယ်ထမင်းကျွေးပါသည်။ အပိုဆောင်းအနေဖြင့် ရာမညနှင့် မန္တလေးဆောင်ကြားအကြော်ဆိုင်မှ ကြက်ဥကြော်နှင့် မြေပဲကြော်ကိုကျွေးရာ ၎င်းက ကျွန်တော့်အဆောင်ကို အတော်ပင် သဘောကျသွားပါသည်။ မန္တလေးဆောင်သည် အခြားအဆောင်များနည်းတူ Annual Dinner ကို ၁၉၅၈ ခုနှစ်၌ပြုလုပ်ရာ မာမာအေးက စန္ဒရားချစ်ဆွေနှင့် သက်တန့်ပေါ်မှာ ကစားမယ်သီချင်းကို စဆိုပြီး နိုင်ငံကျော်ဖြစ်သွားခဲ့ပါသည်။ မန္တလေးဆောင်တွင် နေစဉ် ကိုနေဝင်းနှင့် ပေါင်းသင်းပါသည်။ သူကကျွန်တော့်ထက်ကြီးပါသည်။ သူက ခရစ်ယာန်ဖြစ်၍ အပတ်စဉ် Judson Church သွားပြီး Choir ဆိုပါသည်။ ကျွန်တော် ၁၉၅၉ ခုနှစ် ဘွဲ့ရပါသည်။

 

ကျောင်းသားဟောင်းများ၏ ထူးခြားမှု

ကျွန်တော်တို့ မန္တလေးဆောင် ကျောင်းသားဟောင်းများ၏ ထူးခြားမှုမှာ နှစ်စဉ်ဒီဇင်ဘာ ၁၄ ရက်ညတွင် အင်းလျားကန်ပေါင်ရှိ IBC တွင် Dinner ရှိပြီး ပြန်ဆုံကြပါသည်။ မစားသောက်မီ သီချင်းများဆိုကြပါသည်။ ဆရာငြိမ်းနှင့် ကျောင်းသားဟောင်းများဖြစ်သော ဦးတင်အောင်အေး၊ ဦးတင်အုန်း(ဗိုလ်မှူးကြီး)၊ ဦးပန်းအောင်၊ ဒေါက်တာမောင်မောင်ညိုတို့ လာရောက်ဆုံကြပါသည်။ ယင်းညစာစားပွဲများကို ဗိုလ်မှူးကြီး အောင်ဖုန်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဝင်းတို့က ဦးဆောင်ပါသည်။ မန္တလေးကျောင်းတော်သားများမှာ အသက် ၈၀ ကျော်ပြီဖြစ်၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တွေ့ဆုံစဉ်က ၂၀၂၀ ပြည့်နှစ်တွင် မန္တလေးကျောင်းဆောင်ရှေ့၌ Dinner လုပ်ရန် ရည်မှန်းပြောဆိုခဲ့ကြပါသည်။ ယခုတော့ ဤမျှော်လင့်ချက်မှာ အကောင်အထည်ဖော်ရန် ခက်ခဲနေပါသည်။ နှစ် (၁၀၀)ပြည့်တွင် မန္တလေးကျောင်းဆောင်နေ ကျောင်းသားဟောင်းများ ဘယ်လိုဆုံကြမလဲဆိုတာတော့ တမ်းတနေရပါသည်။     ။