ဘုတလင် ၆ ဧပြီ
ရန်ကုန်တက္ကသိုလ်၊ ရှေးဟောင်းသုတေသနပညာ အထူးပြု ကျောင်းသား၊ ကျောင်းသူ ၁၇၄ ဦးတို့သည် ကြီးကြပ်ဆရာ၊ ဆရာမ ရှစ်ဦးနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု ဒေသများနှင့် အထင်ကရနေရာများသို့ (၃)ရက်ကြာ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာစံရွှေ ဦးဆောင်သည့် ရှေးဟောင်သုတေသနပညာ ကျောင်းသား၊ ကျောင်းသူများသည် ဧပြီ ၃ ရက်တွင် ညောင်ကန်ကျေးရွာအနီးရှိ ကြေးခေတ်ရှေးဟောင်း ယဉ်ကျေးမှုဒေသ၊ ဧပြီ ၄ ရက်တွင် ဘုရားကြီးကျေးရွာရှိ မဟာလောကမာရဇိန် နတ်ရဲတောင်ဘုရားကြီးရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် သဲကျောက်ထွင်း ရာမရုပ်စုံကျောက်ချပ်များကို လေ့လာခဲ့ကြသည်။
မဟာလောကမာရဇိန် ဘုရားတွင်ရှိသည့် အမရပူရခေတ်၊ ရတနာပုံခေတ်က ရှေးဟောင်းအမွေအနှစ် ပစ္စည်းများနှင့် သဲကျောက်ထွင်း ရာမရုပ်စုံကျောက်ချပ်များကို လေ့လာခဲ့ရပါကြောင်း၊ ညောင်ကန်အနီးရှိ ကြေးခေတ် ယဉ်ကျေးမှုဒေသအကြောင်းကို တက္ကသိုလ်တွင် စာတွေ့သာ သင်ယူခဲ့ရကြောင်း၊ ကြေးခေတ်က လူသားရုပ်ကြွင်းများ၊ အိုးများကို မပျက်စီးစေရန် မှန်လှောင်အိမ်များဖြင့် ထိန်းသိမ်းထားသည်ကို လေ့လာခဲ့ပါကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို လေ့လာခွင့်ရ၍ ရှေးဟောင်းသုတေသန ကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးရှိစေပါကြောင်း ရန်ကုန်တက္ကသိုလ်၊ ရှေးဟောင်းသုတေသနပညာ အထူးပြု စတုတ္ထနှစ် ကျောင်းသူတစ်ဦးက ပြောသည်။
အဆိုပါ လေ့လာလာရေးအဖွဲ့သည် ဧပြီ ၅ ရက်တွင် တွင်းတောင်နှင့် တွင်းတောင်ကျေးရွာအနီးရှိ ရှာဖွေတွေ့ရှိထားသည့် ရှေးဟောင်းနေရာများ၊ အုတ်အိုင်ကျေးရွာရှိ ပြင်သစ်ပညာရှင်များ ယခင်က သုတေသနပြုခဲ့သည့် နေရာများနှင့် ဘုတလင်မြို့ရှိ ဗုဒ္ဓဝင်ပြတိုက်တို့ကိုလည်း သွားရောက်လေ့လာခဲ့ကြကြောင်း ဘုတလင်မြို့နယ်(ပြန်/ဆက်) မှ သိရသည်။
MDN


