ပါမောက္ခသိန်း ဆေးတက္ကသိုလ်(၁) ရန်ကုန်
(ယမန်နေ့မှအဆက်)
မိမိတို့နိုင်ငံမှာ ယခင်က သတ်သတ်မှတ်မှတ်မရှိခဲ့တဲ့ “Medical Emergency”လို့ခေါ်တဲ့ အရေးပေါ်ဆေးပညာ ဘာသာရပ်ဟာလည်း ၂၀၁၄ ခုနှစ် နောက်ပိုင်းမှာ သီးခြားဘာသာရပ်တစ်ခုအနေနဲ့ ပေါ်ပေါက်လာရုံမက မဟာသိပ္ပံဘွဲ့လွန်သင်တန်းကိုပင် ဖွင့်လှစ်ပို့ချနေပြီ ဖြစ်ပါတယ်။
မိမိတို့နိုင်ငံအနေနဲ့ အခြေခံဆေးပညာဘွဲ့ အမ်ဘီဘီအက်(စ်) (MBBS) ဘွဲ့ကို ၁၉၃၀ ပြည့်နှစ်မှာ အဲဒီခေတ်က တစ်ခုတည်းရှိတဲ့ ဆေးတက္ကသိုလ်က စတင်ချီးမြှင့်ခဲ့ပြီး အခုဆို ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ မန္တလေး၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ မကွေး စတဲ့ လေးကျောင်းမှာ အမ်ဘီဘီအက်(စ်) ဘွဲ့ကို ပေးနေကြပြီး နောက်ဆုံးဖွင့်လိုက်တဲ့ ဆေးတက္ကသိုလ် တောင်ကြီး အနေနဲ့ အခု နောက်ဆုံးနှစ်ကို လက်ခံသင်ကြားတော့မှာမို့ ၂၀၂၃ ခုနှစ်မှာ အမ်ဘီဘီအက်(စ်)ဘွဲ့ချီးမြှင့်နိုင်တော့ မှာပါ။ သက်တမ်းကြာတဲ့ ဆေးတက္ကသိုလ်တွေမှာ ဘွဲ့လွန်သင်တန်းတွေအနေနဲ့ ဒီပလိုမာသင်တန်း၊ မဟာ သိပ္ပံပါရဂူသင်တန်းတွေဖွင့်လှစ်ပြီး ဘွဲ့ဒီဂရီတွေ အသီးသီးချီးမြှင့်ပေးနေသလို နိုင်ငံတကာဘွဲ့တွေ၊ သင်တန်းတွေကိုလည်း အဆက်မပြတ် ချိတ်ဆက်ရယူ လျက်ရှိပါတယ်။ အထူးသဖြင့် အင်္ဂလန်နိုင်ငံတော်ဝင် တက္ကသိုလ်(Royal Colleges) တွေနဲ့ လုံးဝအဆက် အသွယ်မပြတ်ရုံမက ယခင် ယူကေနိုင်ငံအထိ သွား ရောက်ဖြေဆိုပြီးမှရကြတဲ့ တော်ဝင်သမားတော်ဘွဲ့ အမ်အာရ်စီပီ (MRCP)၊ တော်ဝင်ခွဲစိတ်ကုဘွဲ့ (MRCS)၊ တော်ဝင်ကလေးအထူးကုဘွဲ့ (MRCPCH) တွေကို သက်ဆိုင်ရာဘာသာရပ်ရဲ့ တာဝန်ရှိဆရာကြီးတွေ ကြိုးပမ်းစွမ်းဆောင်မှုနဲ့ မိမိတို့နိုင်ငံထဲမှာပဲ ယူကေက စာစစ်ပုဂ္ဂိုလ်တွေ လာရောက်ကာ မြန်မာပညာရှင်တွေနဲ့ အတူ စာမေးပွဲတွေစစ်မေးပြီး ဘွဲ့တွေရရှိနေကြပါပြီ။
ကမ္ဘာပေါ်မှာ ပထမဆုံးတွေ့ရှိ
အဲဒီလို ကိုယ့်နိုင်ငံအတွက် စွမ်းစွမ်းတမံဆောင်ရွက် ခဲ့တာတွေကြောင့် ယူကေနိုင်ငံနဲ့ နိုင်ငံတကာရဲ့ ဂုဏ်ပြုဆုတွေ ချီးမြှင့်ခံခဲ့ရတဲ့ မြန်မာဆရာဝန်ပညာရှင် တွေလည်းရှိခဲ့ပါတယ်။ အမီးဗား ဝမ်းကိုက်ပိုးကြောင့် မိန်းမကိုယ်(ယောနိ) ရောင်ရမ်းပြီး အနာဖြစ်တဲ့ ရောဂါ ကို ကမ္ဘာပေါ်မှာ ပထမဆုံးတွေ့ရှိပြီး စာတမ်းပြုစုတင်ပြခဲ့ တာကြောင့် သူ့နာမည်နဲ့တွဲပြီး May’s Vaginitis/ May’s disease ရယ်လို့ ခေါ်တွင်စေကာ မီးယပ်ရောဂါဆိုင်ရာ Text Book ပြဋ္ဌာန်းစာအုပ်တွေမှာ ဖော်ပြခံခဲ့ရတဲ့ အမေကြီးပါမောက္ခ ဒေါ်ရင်မေပါ။
မြန်မာ့ဆေးလောကရဲ့ ရွှေခေတ်လို့ တင်စား ခေါ်ဝေါ်နိုင်တဲ့ ၁၉၅၀-၇၅ နှစ် တွေမှာ တာဝန်ယူခဲ့ကြတဲ့ ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခ ဦးကြည်ပေါ၊ ဆေးပညာ ဘာသာရပ်မှာ မိမိတို့ ဆေးလောကမှာ “အဘ” လို့ တပည့်အများက ချစ်စနိုးခေါ်ကြတဲ့၊ အဲဒီ ခေတ် ဆေးလောကရဲ့ (Icon) ခေါင်းဆောင်ကြီးဖြစ်တဲ့ ပါမောက္ခဦးလှမြင့်၊ အထူးကု ဆေးပညာဘာသာရပ်(Medical Speciality) တွေရဲ့ Pioneer ဦးဆောင် ဆရာကြီးတွေဖြစ်တဲ့ နှလုံးရောဂါကုဆရာကြီး ဦးမိုဟန်နဲ့ဆရာကြီးဦးရွှေတင်၊ ဦးနှောက်အာရုံကြော အထူးကုဆရာဝန်မကြီး ဒေါ်မြတ် ကြည်သန်း၊ အဆုတ်နှင့် ရင်ခေါင်းရောဂါအတွက် ဆရာ ကြီး ဦးညွန့်တင်၊ အသည်းရောဂါအတွက် ဆရာကြီး ဦးခင်မောင်တင်၊ ဆီးနဲ့ကျောက်ကပ်ရောဂါအတွက် ဆရာကြီး ဦးလှမွန်၊ အစာအိမ် အူလမ်းကြောင်းရောဂါအတွက် ကထိက ဆရာဝန်ကြီး ဦးသိန်းထွဋ်တို့ဟာ မမေ့အပ်တဲ့ ကျေးဇူးရှင် ဆရာကြီးဆရာမကြီးတွေပါပဲ။ ဆေးပညာ သင်ကြားရေး (Medical Education) အပိုင်းမှာလည်း အဘ ဦးလှမြင့်ဟာ မြန်မာနိုင်ငံဆေးလောကရဲ့ ဆေးပညာ သင်ကြားရေး (Medical Education) ကဏ္ဍသစ်ကိုဖွင့်လှစ် ပေးခဲ့တဲ့ ဖခင်ကြီး (Father of Medical Education in Myanmar) လို့ သတ်မှတ်ထားကြပါတယ်။ အဘ ဦးလှမြင့်လိုပဲ ဆေးပညာဘာသာရပ်(Medicine subject) နဲ့ ဆေးပညာသင်ကြားရေး(Medical Education)ကို ခေတ်မီအောင်၊ ကိုယ့်နိုင်ငံအခြေအနေနဲ့လည်း အံဝင် အောင် ဝါယမစိုက်ထုတ်ခဲ့သူ နောက်တစ်ဦးကတော့ မိမိတို့ဆေးလောကမှာ မာမီကြီးလို့ သိကြ၊ ခေါ်ကြတဲ့ မန္တလေး ဆေးတက္ကသိုလ် ဆေးပညာဌာနမှူး၊ ပါမောက္ခ ဒေါ်မြင့်မြင့်ခင် ပါပဲ။ သားဖွားမီးယပ်ပညာရပ်မှာလည်း အမေကြီးဒေါ်ရင်မေ နောက်ပိုင်းမှာ အမေကြီးဒေါ်ခင်စီနဲ့ အမေကြီးဒေါ်လှကြည် တို့က တာဝန်လက်ဆင့်ကမ်းယူခဲ့ကြပြီး ဘာသာရပ် ပိုမိုတိုးတက်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။
နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့
ကလေးကျန်းမာရေးပညာရပ်ဟာ အရင်က ဆေးပညာဘာသာရပ်ရဲ့ လက်အောက်ခံ သဘောမျိုး ရှိခဲ့ရာက မြန်မာနိုင်ငံကလေးကျန်းမာရေး ပညာဘာသာရပ် ရဲ့ ဖခင်ကြီး ပါမောက္ခဦးတင်ဦး ခေတ်မှာ သီးခြားဘာသာရပ် တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ဆရာကြီးက ဆေးကုသရေးနဲ့ သင်ကြားရေးတွေတင်မက ဆေးရုံအုပ်ကြီး တာဝန်ကိုပါ နှစ်ပေါင်းများစွာ တာဝန်ယူခဲ့လို့လည်း အဲဒီ ဘာသာရပ်က တစ်ဟုန်ထိုး တိုးတက်လာရတာပါ။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ မြန်မာနိုင်ငံအပါအဝင် အာရှတိုက် နိုင်ငံတွေမှာ သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားလာ ပြီး အသေအပျောက်တွေလည်း ရှိခဲ့ပါတယ်။ အဲဒီ ကြောက် စရာရောဂါကို ဆရာကြီး ဦးတင်ဦးက နိုင်ငံအတွင်းမှာ နိုင်နိုင်နင်းနင်း ထိန်းသိမ်းကုသနိုင်ရုံမက ဆရာကြီးရဲ့အဖိုး မဖြတ်နိုင်တဲ့ အတွေ့အကြုံကို အိမ်နီးနားချင်း နိုင်ငံတွေက ပါ အတုယူခဲ့ကြရပြီး ဆရာကြီးက အဲဒီအချိန်က သွေးလွန် တုပ်ကွေးရောဂါရဲ့ International Expert အဆင့်ဖြစ်ခဲ့ တာဟာ နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။
ဒီဆရာကြီး ဆရာမကြီးတွေဖောက်ခဲ့တဲ့ လမ်းပေါ် ဆက်လျှောက်ခဲ့ကြတဲ့ မျိုးဆက်အဆင့်ဆင့်ကလည်း ဆိုင်ရာ ဘာသာရပ်တွေကို ပိုမိုတိုးတက်အောင် ကြိုးစားအားထုတ် ခဲ့ကြပါတယ်။ ပင်မဘာသာရပ်တွေအပြင် အထူးကု၊ အထူးပြုဘာသာရပ်တွေ လည်း အများကြီးပေါ်ထွက်လာကြ ပါတယ်။ ပြည်တွင်းမှာ ဘွဲ့လွန်အသီးသီး တိုးချဲ့ဖွင့်လှစ် လေ့ကျင့်သင်ကြားပေးနေသလို ပြည်ပနိုင်ငံတွေနဲ့လည်း အဆက်မပြတ်ဘဲ ဘွဲ့တွေ၊ လေ့ကျင့်မှုသင်တန်းတွေ ရရှိအောင် ဆောင်ရွက်ခဲ့ကြပါတယ်။ စွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေကြောင့် အသိအမှတ်ပြု ဆုချီးမြှင့်ခံရတာတွေရှိခဲ့ပါတယ်။ လက်လှမ်းမီသလောက် တင်ပြရရင် FRCS (တော်ဝင်ခွဲစိတ်ဆရာဝန်) ဖြစ်မယ့် စာမေးပွဲတွေကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့ ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးမောင်မောင်စိန်(အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်၊ ဆေးသိပ္ပံပညာဦးစီးဌာန)ကို အီဒင်ဘာရာ တော်ဝင်ခွဲစိတ်ကောလိပ် (Royal College of Surgeons of Edinburgh : RCSE) က ကောလိပ်ရဲ့ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ လက်မှတ်ကို မြန်မာပြည်အထိ လာရောက်ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ကလေးကျန်းမာရေးပညာရပ်မှာလည်း အာရှပစိဖိတ် ကလေး ကျန်းမာရေးပညာရပ် အဖွဲ့ကြီး (Asia Pacific Paediatric Society) က မိမိတို့ဆီက ကလေးအထူးကု ပါရဂူကြီးနှစ်ဦးဖြစ်တဲ့ ပါမောက္ခ ဦးအေးမောင်ဟန် (အငြိမ်းစား ပါမောက္ခချုပ် ဆေးတက္ကသိုလ်-၁ ရန်ကုန်) နဲ့ ပါမောက္ခဒေါ်သိန်းသိန်းမြင့်( အငြိမ်းစားဌာနမှူး ဆေးတက္ကသိုလ်-၁ ရန်ကုန်) တို့ကို နှစ်အလိုက် အာရှ ပစိဖိတ်ဒေသတွင် အထူးချွန်ဆုံး ကလေးအထူးကု ( An Outstanding Asia Pacific Paediatrician Award) ကို ချီးမြှင့်ခဲ့ပါတယ်။
ယူကေပြင်ပစာစစ်ဌာနများအတွင်းမှ အကောင်းဆုံးချန်ပီယံဆု
အဘဦးလှမြင့်ဟာ အီဒင်ဘာရာတော်ဝင်သမား တော်များကောလိပ် (Royal College of Physicians of Edinburgh) ရဲ့ မြန်မာပြည်အတွက် ပထမဆုံးဌာနေ ကိုယ်စားလှယ် (Regional Advisor) အဖြစ် ဆောင်ရွက် ခဲ့ပြီး MRCP မျိုးဆက်ရှင်သန်စေခဲ့သူပါ ။ တော်ဝင်သမား တော်ဘွဲ့ အမ်အာရ်စီပီ (MRCP) ဘွဲ့အတွက် ယခင်က ယူကေနိုင်ငံမှာသာ ဖြေဆိုခွင့်ရှိခဲ့တာကို အဘဦးလှမြင့် ခေတ်မှာ အပိုင်း(၁) ရေးဖြေစာမေးပွဲ(MRCP Part 1 written) ကို မိမိတို့နိုင်ငံမှာ ဖြေခွင့်ရအောင် စတင် ဆောင်ရွက်ခဲ့ပြီး အဘဦးလှမြင့်ရဲ့ ဌာနေကိုယ်စားလှယ် Regional Advisor ရာထူးကို ဆက်ခံခဲ့ကြတဲ့ ပါမောက္ခ ဆရာကြီး ဦးမြဦး၊ ပါမောက္ခဆရာကြီး ဦးမောင်မောင်ဝင့်၊ ပါမောက္ခဆရာကြီး ဦးစောနိုင်တို့ အဆက်ဆက်မှာ ကြိုးပမ်းမှုကြောင့် အပိုင်း(၂) (MRCP Part 2 written) ကိုပါ မိမိတို့နိုင်ငံမှာ ဖြေခွင့်ရခဲ့ကြပြီး ပါမောက္ခ ဦးညွန့်သိန်း တာဝန်ယူပြီးချိန်မှာ တစိုက်မတ်မတ်ကြိုးပမ်းမှု ကြောင့် အမ်အာရ်စီပီ (MRCP) စာမေးပွဲ နောက်ဆုံးအဆင့် (MRCP PACES ) စာမေးပွဲအပါအဝင် (၃) ဆင့်လုံးကို မြန်မာနိုင်ငံမှာတင် ဖြေဆိုခွင့်ရအောင် ဆောင်ရွက် ခဲ့ပါတယ်။ ပထမအဆင့် ရန်ကုန်စာစစ်ဌာန၊ ဒုတိယ မန္တလေးစာစစ်ဌာနတွေမှာ ကျင်းပနိုင်ရုံမက အဘက်ဘက် က ပြည့်စုံပြီး အဆင့်အတန်းလည်းရှိ၊ ယူကေပြင်ပ စာစစ် ဌာန (Overseas Centers) တွေထဲမှာ အောင်ချက်လည်း အကောင်းဆုံးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက် ပါမောက္ခ ဒေါက်တာညွန့်သိန်းကို RCP Federation Group တော်ဝင်ကောလိပ်အဖွဲ့အစည်းက ၂၀၁၆ ခုနှစ်မှာ စပေးတဲ့ Inaugural PACES Champion Award for overseas center (ယူကေပြင်ပစာစစ်ဌာနများ အတွင်းမှ အကောင်းဆုံးချန်ပီယံဆု) ကို ချီးမြှင့်ခဲ့သလို အီဒင်ဘာရာ တော်ဝင်သမားတော်များ ကောလိပ်က College Medal ဂုဏ်ပြုတံဆိပ်တစ်ခု ထပ်မံချီးမြှင့် ဂုဏ်ပြုခဲ့ပါတယ်။
ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ဒီမိုကရေစီ အစိုးရခေတ်မှာ ပညာရေးကို အထူးဦးစားပေးခဲ့သလို ပညာရေးနဲ့ ပတ်သက်တဲ့ပြုပြင်ပြောင်းလဲမှုတွေနဲ့ အတူ ချီးမြှင့်ဂုဏ်ပြုမှုတွေပါ ပိုမိုလုပ်ဆောင်လာရာ ကမ္ဘာ့ ဆရာများနေ့(World Teachers Day) မှာ Best Teacher Award လို့ခေါ်ဆိုနိုင်မယ့် ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကြီးများဆု ကို အောက်တိုဘာလ ၅ ရက်နေ့တိုင်းမှာ ပေးအပ်ချီးမြှင့် ခဲ့ရာ ပညာရေးဝန်ကြီးဌာနမှ ပုဂ္ဂိုလ်ကြီးတွေနဲ့အတူ ကျန်းမာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာဝန် ကျောင်းဆရာကြီးတွေအနေနဲ့ ၂၀၁၆ ခုနှစ်မှာ ပါမောက္ခဦးမောင်မောင်ဝင့် (အငြိမ်းစားညွှန်ကြားရေးမှူး ချုပ်၊ ဆေးသိပ္ပံဦးစီးဌာန)၊ ၂၀၁၇ ခုနှစ်မှာ ပါမောက္ခ ဦးအေးမောင်ဟန် (အငြိမ်းစားပါမောက္ခချုပ် ဆေး တက္ကသိုလ်-၁ ရန်ကုန်) ၊ ၂၀၁၈ ခုနှစ်မှာ ပါမောက္ခ ဦးညွန့်သိန်း (အငြိမ်းစားဆေးပညာဌာနမှူး ဆေး တက္ကသိုလ်-၁ ရန်ကုန်)နဲ့ ၂၀၁၉ ခုနှစ်မှာ ပါမောက္ခ ဦးအောင်သန်းဘတူ (အငြိမ်းစားညွှန်ကြားရေးမှူးချုပ်၊ ဆေးသုတေသန ဦးစီးဌာန)တို့ ဆက်တိုက် ဆုချီးမြှင့်ခံခဲ့ရ တာဟာလည်း ဆေးလောကတစ်ခုလုံးရဲ့ ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ပါပဲ။
Alumni အဖွဲ့အစည်းတွေကို ဖွဲ့စည်းခဲ့
ကမ္ဘာပေါ်က နိုင်ငံကြီးတွေမှာရှိကြတဲ့ ပညာ သင်ကြားပေးတဲ့ တက္ကသိုလ်ကောလိပ်ကြီးတွေမှာ သက်တမ်းကြာရှည်လာတာနဲ့အမျှ Alumni လို့ခေါ်တဲ့ ကျောင်းသား ကျောင်းသူဟောင်းများ အသင်းတွေကို ဂုဏ်ယူဝင့်ကြွားစွာ ဖွဲ့စည်းတည်ထောင်လေ့ရှိကြပါ တယ်။ ထိုနည်းတူစွာ မိမိတို့ဆေးတက္ကသိုလ်တွေမှာ လည်း Alumni အဖွဲ့အစည်းတွေကို ဖွဲ့စည်းခဲ့ကြရာ ၂၀၁၅ ခုနှစ်မှာ ဆေးတက္ကသိုလ်(၁) ကျောင်းသား ကျောင်းသူဟောင်းများအသင်း (University of Medicine-1 Alumni Association ) နဲ့ ဆေးတက္ကသိုလ် ( မန္တလေး) ကျောင်းသားကျောင်းသူဟောင်းများအသင်း (University of Medicine-Mandalay Alumni Association )၊ ၂၀၁၆ ခုနှစ်မှာ ဆေးတက္ကသိုလ်(၂) ကျောင်းသား ကျောင်းသူဟောင်းများအသင်း (University of Medicine-2 Alumni Association )တွေကို အသီးသီး ဖွဲ့စည်းထားကြပြီး မိခင်ကျောင်းအသီးသီးရဲ့ လိုအပ်တဲ့ ကွက်လပ်လေးတွေကို တစ်တပ်တစ်အားဖြည့်ဆည်း ပံ့ပိုးကျေးဇူးဆပ်ကြလျက်ရှိပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်စနစ်အရ ဆေးတက္ကသိုလ်တွေမှာလည်း ဆေး တက္ကသိုလ်အလိုက် ကျောင်းသားသမဂ္ဂတွေကို စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ဖွဲ့စည်းတည်ထောင်ခွင့်ရကြလို့ ကျောင်းသားအရေးတွေ ဆောင်ရွက်နေကြပါပြီ။
ဆေးပညာသင်ကြားရေးအနေနဲ့ ၂၀၁၃-၂၀၁၄ ခုနှစ်မှစပြီး World Federation of Medical Education ( WFME) ရဲ့ Global Standard နဲ့အညီ ဖြည့်စွက်ပြုပြင် ပြောင်းလဲလျက်ရှိရာ ၂၀၁၉ ဒီဇင်ဘာလမှစပြီး ဘွဲ့ကြို သင်တန်းတွေကို Outcome Based Integrated Curriculum သို့လည်းကောင်း၊ ဘွဲ့လွန်သင်တန်းကို Competency Based Training / Workplace Based Assessment သို့လည်းကောင်း လေ့ကျင့်သင်ကြား ပေးလျက်ရှိပါတယ်။
ဖွင့်လှစ်ပေးခဲ့
ထိုကဲ့သို့ နိုင်ငံတော်ရဲ့ လိုအပ်ချက်နဲ့ ခေတ်စနစ်နဲ့ အညီ ပညာကို ပို့ချဖြန့်ဖြူးနိုင်ဖို့အတွက်လည်း အဆင့် မြင့် Medical Skill, Simulation and Research Center ဆေးပညာ ကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေ သန အဆောက်အအုံကို နိုင်ငံတော်က ကုန်ကျခံငွေ ကျပ်သန်းပေါင်း ၉၈၁၃ ဒသမ ၈၀ သန်း၊ ပြည်သူလူထု စေတနာရှင် အလှူရှင်များက ထည့်ဝင်ငွေကျပ်သန်းပေါင်း ၂၃၆၀ (မိမိတို့ဆေးတက္ကသိုလ်-၁ ကျောင်းသား ကျောင်းသူဟောင်းများအသင်းကြီးက သိန်း ၆၀၀ အပါအဝင်) စုစုပေါင်း ကုန်ကျငွေ ကျပ်သန်းပေါင်း ၁၂၁၇၃ ဒသမ ၈၀ သန်းဖြင့် တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်ရဲ့ အထိမ်းအမှတ်ရတုပွဲကြီးများ
၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာလမှာ ရန်ကုန်တက္ကသိုလ်ရဲ့ နှစ် ( ၅၀) မြောက် ရွှေရတုသဘင်ကို ကျင်းပခဲ့ကြပါတယ်။ တော်လှန်ရေး အစိုးရခေတ်မှာပါ။ မိမိက ၁၉၆၉ ခုနှစ်မှာ ဆေးတက္ကသိုလ်(၁) ရန်ကုန်ရဲ့ ပထမနှစ်အငယ်တန်း (First MB Junior) ကျောင်းသားဖြစ်ခဲ့တာမို့ ရွှေရတု ကျင်းပတဲ့ ၁၉၇၀ ပြည့်နှစ်မှာ ပထမနှစ် အကြီးတန်း (First MB Senior) ဘဝနဲ့ ကြုံခဲ့ရတာပါ။ အဲဒီအချိန်က ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (အဲဒီခေတ်အခေါ် RASU - Rangoon Arts and Science University ) ပါမောက္ခချုပ် က ဆရာကြီး ဒေါက်တာမောင်မောင်ခ၊ မော်ကွန်းထိန်း က ဒေါ်စိန်စိန်ပါ။ မိမိတို့ဆေး(၁)ရဲ့ ပါမောက္ခချုပ်က ဆရာကြီး ဒေါက်တာဘသန်း၊ မော်ကွန်းထိန်းက ဦးကျော်ခင်ပါ။
မိမိတို့ ပထမနှစ်နှစ်တန်းက ကျောင်းရဲ့အငယ်ဆုံးအတန်းတွေဆိုတော့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ရွှေရတုပွဲကို ကျောင်းအနေနဲ့ တစ်တပ်တစ်အား ပါဝင်ခဲ့ကြရပါတယ်။ မိမိတို့ ပထမနှစ်တွေကို ဦးဆောင်ပေးကြသူတွေက ဓာတု ဗေဒဌာနမှူး ဒေါက်တာ မင်းတင်မွန်နဲ့ အင်္ဂလိပ်စာဌာနမှူး ဒေါ်ခင်သီတာတို့ပါ။ အတန်းလိုက်၊ အဖွဲ့လိုက် ဆိုင်လေးတွေ ဖွင့်၊ ရန်ပုံငွေရှာကြဖို့ ဆောင်ရွက်ကြရပါတယ်။ မိမိ သေသေ ချာချာမှတ်မိနေတာကတော့ အဲဒီ ရွှေရတု အထိမ်းအမှတ် ပို့စကတ်( Post Card ) လေးတွေကို ရွှေရတု ဗဟိုကော်မတီ က ထုတ်ခဲ့တာပါ။ အမှတ်မမှားဘူးဆိုရင် ဆရာဦးနန်းဝေ ရေးဆွဲတဲ့ အဖြူအမည်း ( Post Card လေး သုံးခု ) တစ်ခုက ဘွဲ့နှင်းသဘင်ခန်းမ( Convocation Hall) ၊ နောက်တစ်ခုက သစ်ပုပ်ပင်ပုံ၊ နောက်ဆုံးတစ်ခုက ဆေး(၁) ရဲ့ လိပ်ခုံး ခန်းမပုံပါ။
မိမိတို့ကျောင်းအနေနဲ့လည်း ဆရာကြီး ဒေါက်တာ မင်းတင်မွန်ဦးစီးပြီး စာရေးစက္ကူအတွဲ (Writing Pad) လေးတွေ ထုတ်ခဲ့ကြပါတယ်။ မျက်စိထဲမှာ အခုထိမြင် ယောင်မိနေပါတယ်။ အဖုံးအပြာလေးပေါ်မှာ၊ လေးထောင့် ပတ်လည်မှာ အဲဒီခေတ်က တက္ကသိုလ်တွေရဲ့ ကျောင်း တံဆိပ် (logo) လေးတွေ အစီအရီ ရိုက်ထားတာပါ။ မိမိတို့ တွေ စာသင်ချိန်အချို့ကို တရားဝင်ခွင့်တောင်း၊ တချို့ကို အတန်းမတက်ဘဲ အဲဒီ Post Card နဲ့ Writing Pad တွေကို မြို့ထဲအထိဆင်းပြီး ဈေးတွေ၊ ရုံးတွေမှာ တစ်ဆိုင်ပြီး တစ်ဆိုင်၊ တစ်ရုံးပြီးတစ်ရုံး လိုက်ရောင်းပြီး ရန်ပုံငွေရှာခဲ့ ကြပါတယ်။
ဆန့်တငင်ငင်နဲ့ ပြီးခဲ့ကြရ
ရွှေရတုပွဲကို ဒီဇင်ဘာလ ၁ ရက်ကနေ ၅ ရက် အထိ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ထင်ပါတယ်။ အာရုံထဲမှာ အခုထိမြင်ယောင်နေပါတယ်။ ပြည်လမ်း ဟံသာဝတီအဝိုင်း ကျော်ပြီး ဟိုဘက်မှာ ပညာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁)လိပ်ခုံး ပြီးတော့ ပြည်ဆောင်၊ တကောင်းဆောင်၊ ကမာရွတ် မီးပွိုင့်ကျော် မန္တလေးဆောင်၊ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ဝင်း၊ ဂျပ်ဆင်ပြီးတော့ စီးပွားရေးတက္ကသိုလ် အလွန် အင်းယားလမ်းကွေ့အထိ ရွှေရတုပွဲအတွက် နေရာပေးကျင်းပခဲ့လို့ ခင်းကျင်းထားကြတာကိုပါ။ မိမိတို့ တွေကတော့ လိပ်ခုံးဝင်းအတွင်း ရေကန်လေးပတ်ပတ် လည်မှာ ဆိုင်ခန်းလေးတွေ မဲကျတဲ့နေရာမှာ အုပ်စုလိုက် ရောင်းချမယ့် ဆိုင်လေးတွေခင်းကျင်း ပြင်ဆင်ခဲ့ကြပါတယ်။ မိမိတို့ အုပ်စုက ဘူးသီးကြော်နဲ့ လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ စီစဉ်ဆောင်ရွက်ကြပါတယ်။ အတန်းထဲက အချောအလှ မမတွေဖြစ်တဲ့ မနယ်လီတို့၊ မမာရီတို့၊ မဝင်နီတို့တွေက Song Request လုပ်ကြသလို ကိုယ့်အစုနဲ့ကိုယ် ဆိုင်လေးတွေ ပြင်ဆင်ဖွင့်လှစ်ရောင်းချကြပါတယ်။ အတော်များများက မိမိတို့ကျောင်းနဲ့ ဆိုင်ကို အဓိကထားပြီး ပထမရက် တွေမှာ ရောင်းကြပြီး နောက်ပိုင်းရက်တွေကျမှ ကျန် တက္ကသိုလ်တွေ သွားလည်မယ်ပေါ့ ။ တချို့ကတော့ အရင်လည်ပြီးနောက်ရက်တွေဆိုင်ထိုင်ပေါ့။ မိမိက ပထမ ဆိုင်ထိုင်အုပ်စုပါ။ ဒီဇင်ဘာလ ၁ ရက် နဲ့ ၂ ရက်မှာ မိုး လည်း အတော်ရွာလိုက်ပါသေးတယ်။ ဒါပေမဲ့ ဆူပူမှု အရေးအခင်းကြောင့် ပြီးအောင်မကျင်းပရဘဲ ရွှေရတုပွဲပါ ရပ်လိုက်ရလို့ မိမိတို့ပွဲကို အပြည့်မဆင်နွှဲရဘဲ ဆန့် တငင်ငင်နဲ့ ပြီးခဲ့ကြရပါတယ်။
ငွေကျပ်သိန်း ၆၃၀ အကုန်အကျခံကာ ဆောက်လုပ်
၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရန်ကုန် တက္ကသိုလ်ရဲ့ (၇၅) နှစ်ပြည့် စိန်ရတုသဘင်ကိုတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န ဝ တ) အစိုးရခေတ်မှာ တစ်ပတ်ကြာ ကျင်းပခဲ့ကြပါတယ်။ မိမိက ၁၉၈၁ ခုနှစ်မှာ သင်ကြားရေး ဆရာဝန်ဖြစ်နေတော့ စိန်ရတုပွဲကို ဆရာအနေနဲ့ ဆင်နွှဲရမှာဖြစ်ပေမယ့် အမ်အာရ်စီပီ (MRCP) အတွက် ယူကေနိုင်ငံကို ပညာတော်သင်သွားနေတဲ့ကာလနဲ့တိုက်ဆိုင်သွားလို့ ပွဲနဲ့လွဲခဲ့ရပါတယ်။ အဲဒီတုန်း က စိန်ရတုအထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ် (ယခု ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်) ဝင်းအတွင်းမှာ စိန်ရတု ခန်းမကို ငွေကျပ်သိန်း ၆၃၀ အကုန်အကျခံကာ ဆောက်လုပ် ခဲ့တယ်လို့ မှတ်သားမိပါတယ်။ အဲဒီအချိန်က ရာဇူးရဲ့ ပါမောက္ခချုပ်က ဆရာကြီးဒေါက်တာထွန်းမောင်ဖြစ်ပြီး မိမိတို့ဆေးတက္ကသိုလ်(၁) ရန်ကုန်ရဲ့ ပါမောက္ခချုပ်က ပါမောက္ခဒေါက်တာမြဦးနဲ့ မော်ကွန်းထိန်းက ဒေါ်ခင်ဆွေအေးပါ။
ဆေးတက္ကသိုလ်(၁) ရန်ကုန်အနေနဲ့ ၁၉၉၅ ခုနှစ် အောက်တိုဘာလကစပြီး ရန်ကုန်တက္ကသိုလ် စိန်ရတု သဘင် အကြိုလှုပ်ရှားမှုတွေ စတင်ဆောင်ရွက်ခဲ့ပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့မှာ ဆေးကောလိပ်ခေတ် ဆေးပညာမဟာဌာနခေတ်တွေက ကျောင်းသားဟောင်း ကြီးတွေနဲ့ ဆေးတက္ကသိုလ်(၁) ရန်ကုန် မျိုးဆက်သစ် ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲ၊ သက်ကြီး ကျောင်းသားဟောင်း (ဆရာဝန်)ကြီးတွေကို ပူဇော် ကန်တော့ပွဲတို့ကို ပြုလုပ်ကျင်းပခဲ့ပါတယ်။ သမိုင်းဝင် ဓာတ်ပုံတွေပြပွဲကို ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေး တက္ကသိုလ်(၂) ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး) အားလုံး ပူးပေါင်းဆောင်ရွက်ပြီး ခမ်းနားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ပါတယ်။ ဆေး(၁) ရဲ့ မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတွေအနေနဲ့ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲနဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲများမှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ဆေးတက္ကသိုလ်(၁) ကျောင်းသူ လေး လှိုင်ထိပ်ထားခင်က နောက်ဆုံး ဆန်ခါတင် အဆင့်အထိပါရှိကာ ဆုတွေရရှိခဲ့ပါတယ်။
ဆုံးဖြတ် အတည်ပြုခဲ့
အခု ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အခမ်းအနား ကတော့ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီ ပြည်သူ့အစိုးရခေတ်မှာကျရောက်နေပါတယ်။ ဒီလို ထူးခြားမွန်မြတ်လှတဲ့ ရာပြည့်ပွဲတော်ကြီးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံးလိုလို အစီအစဉ်အခမ်းအနား အမျိုးမျိုး စဉ်ဆက်မပြတ်လုပ်သွားဖို့ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီအစည်းအဝေး (၁/၂၀၁၉)မှာ ဆုံးဖြတ် အတည်ပြုခဲ့ကြပါတယ်။
ဒီသမိုင်းဝင်ရာပြည့်ပွဲတော်မှာတော့ မိမိက ဆေး တက္ကသိုလ်(၁)ရန်ကုန်ရဲ့ သက်တော်ရှည် ဂုဏ်ထူးဆောင် ပါမောက္ခဖြစ်နေပါပြီ။ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်က ဒေါက်တာဖိုးကောင်းဖြစ်ပြီး မိမိတို့ဆေး တက္ကသိုလ်(၁) ရန်ကုန်ရဲ့ ပါမောက္ခချုပ်က ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးပါ။ မော်ကွန်းထိန်းက ဒေါ်မြမြမူပါ။ နောက်ထပ် ဂုဏ်ယူစရာတစ်ခုက မိမိတို့ဆေးတက္ကသိုလ်(၁) ရန်ကုန်ရဲ့ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုး က မြန်မာတစ်ပြည်လုံးမှာရှိတဲ့ တက္ကသိုလ် (ကောလိပ်) အားလုံးရဲ့ ပါမောက္ခချုပ်များကောင်စီမှာ (Rectors Council) ဥက္ကဋ္ဌတာဝန်ကို မဲစနစ်နဲ့ ရွေးချယ်တင် မြှောက်ခံထားရလို့ တာဝန်ထမ်းဆောင်နေရခြင်းပါပဲ။
ဆောင်ရွက်လုပ်ကိုင်နိုင်မှုမရှိသေး
အခု ၂၀၁၉ နှစ်ကုန်မှာ တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့က အစပြုခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါ ( Pandemic) အသွင်ဖြစ်နေတဲ့ ကိုဗစ်-၁၉ ရောဂါဆိုးကြီးကြောင့် ကမ္ဘာ့နိုင်ငံအနှံ့အပြား ဒီရောဂါဆိုးကြီးကို ထိန်းချုပ်၊ ကာကွယ်၊ စောင့်ကြည့်ကုသမှုတွေ အဆင့်ဆင့်ကို သတိကြီးစွာလုပ်နေကြရတာမို့ နိုင်ငံတိုင်းလိုလိုမှာ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ ဆက်သွယ်ရေး ဘက်ပေါင်းစုံထိခိုက်နစ်နာ ယုတ်လျော့မှုတွေ ကြုံတွေ့ နေကြရတာမှာ မိမိတို့နိုင်ငံလည်းအပါအဝင်ပါ။ ဒါကြောင့် ဒီနှစ်အဖို့ အခုအထိ ရာပြည့်ပွဲတော်အတွက် အစီအစဉ် အတိုင်း ဆောင်ရွက်လုပ်ကိုင်နိုင်မှုမရှိသေးပါဘူး။
အခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးစီးပြီး ဝန်ကြီးဌာန အသီးသီး ၊ လူမှုရေး အဖွဲ့အစည်းအစုံ နဲ့ ပြည်သူလူထုတစ်ရပ်လုံးက ဒီ ကိုဗစ်-၁၉ ရောဂါ ဆိုးကြီးကို ကာကွယ်၊ ထိန်းသိမ်း၊ စောင့်ရှောက်ကုသမှု တွေကို အဘက်ဘက်က မလစ်ဟင်းရအောင် အထူးသတိ ထားကြပ်မတ်ဆောင်ရွက်နေမှုကြောင့် အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုတွေ တွေ့နေရသလို နိုင်ငံတကာ ရဲ့ ဂုဏ်ပြုချီးကျူးမှုတွေလည်း ရရှိနေတဲ့အချိန်ပါ။
ဒီ ကိုဗစ်-၁၉ ရောဂါဆိုးကြီးအကြောင်း ဘယ်သူမှ ကံသေကံမ အသေအချာ မပြောနိုင်သေးလို့ နှစ်တစ်ရာ ပြည့်မြောက်တဲ့ ဒီဇင်ဘာလမှာ ရာပြည့်ပွဲတော်ကို ဘယ်အဆင့်လောက်အထိ စည်စည်ကားကားသိုက်သိုက် မြိုက်မြိုက် ကျင်းပနိုင်မလဲဆိုတာကို ဒီဆောင်းပါးရေးတဲ့ ဇူလိုင်လလယ်အထိ ခန့်မှန်း ဆုံးဖြတ်လို့မရသေးပါဘူး။ မိမိအနေနဲ့ မိမိတို့ အမိဆေးတက္ကသိုလ်ရဲ့ မူလမိခင်ကြီး ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ကြုံတောင့်ကြုံခဲ ရာပြည့်ပွဲတော်ကြီးအတွက် ရန်ကုန်တက္ကသိုလ်ကြီးက မြစ်ဖျားခံပေါက်ဖွားလာခဲ့တဲ့ မိမိတို့ဆေးလောကရဲ့ ကြီးပြင်းတိုးတက် အရွယ်ရောက်လာမှုလေးတွေကို မှတ်တမ်းမှတ်ရာအဖြစ် ကျန်အောင် ဂုဏ်ပြုရေးသားရင်း အမိရန်ကုန်တက္ကသိုလ်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့ အဓွန့်ရှည်ပါစေကြောင်း ဆုတောင်းပတ္ထနာပြုလိုက် ရပါကြောင်း။ ။
ကျမ်းကိုး ။ ဆေးတက္ကသိုလ်(၁) နှင့် ရန်ကုန်ဝိဇ္ဇာ /
သိပ္ပံတက္ကသိုလ် နှစ်လည် မဂ္ဂဇင်းများ


