ဒေါက်တာအောင်မြင့်ဦး
မြန်မာ့ပညာရေး၏  မီးရှူးတန်ဆောင်ဖြစ်သော၊ မြန်မာပြည်သူပြည်သားအပေါင်း၏ နှလုံးသည်းပွတ်ဖြစ် သော၊    မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ   တက္ကသိုလ်၊   ဒီဂရီ ကောလိပ်၊ ကောလိပ်ပေါင်းစုံ၏ မိခင်ကြီးသဖွယ်ဖြစ်သော ရန်ကုန်တက္ကသိုလ်ကို  ၁၉၂၀  ပြည့်နှစ် ဒီဇင်ဘာလ ၁  ရက်နေ့တွင် မွေးဖွားခဲ့ရာ ၂ဝ၂ဝပြည့်နှစ် ဒီဇင်ဘာလ ၁  ရက်နေ့တွင် နှစ်ပေါင်း ၁၀၀ တိတိ ပြည့်မြောက်ပြီ ဖြစ်ပါ သည်။ သမိုင်းအစဉ်အလာကြီးမားစွာဖြင့် အခက်အခဲ ပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားခဲ့ရသော၊ သားကောင်း ရတနာ  လူချွန်လူကောင်းများစွာကို  မွေးဖွားပေးခဲ့သော ကမ္ဘာ့အလယ်တွင် မြန်မာ့ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ဝင့်ထည်စေခဲ့သော     အမိရန်ကုန်တက္ကသိုလ်ကြီး၏ သက်တမ်း ၁၀၀ ပြည့်မြောက်သည့် ရာပြည့်မွေးနေ့အခါ သမယကို   ကျွန်တော်တို့အားလုံး  ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုကြရမည် ဖြစ်ပါသည်။ 
ဒေါက်တာဂျပ်ဆင်အား ဂုဏ်ပြု
အမိရန်ကုန်တက္ကသိုလ်၏     ဖြစ်တည်ရာသမိုင်း ကြောင်းကို ပြန်ပြောင်းလေ့လာကြည့်မည်ဆိုလျှင် ကိုလို နီခေတ်တွင် ၁၉၂၀ ပြည့်နှစ်မတိုင်မီအထိ မြန်မာနိုင်ငံ၌ မြန်မာလူမျိုးတို့အတွက် ကိုယ်ပိုင်တက္ကသိုလ်ဟူ၍ မရှိသေး ပါ။   ကာလကတ္တားတက္ကသိုလ်လက်အောက်ခံ   ရန်ကုန် ကောလိပ်နှင့် အမေရိကန်ဘက်ပတစ်သာသနာပြု အဖွဲ့၏ ပညာရေးလုပ်ငန်းများမှပေါက်ဖွားလာသော ဘက်ပတစ် ကောလိပ်တို့သာရှိခဲ့ပါသည်။    ဘက်ပတစ်ကောလိပ်ကို ၁၉၁၈ခုနှစ်တွင် အမေရိကန်ခရစ်ယာန် သာသနာပြုဆရာ ကြီး ဒေါက်တာဂျပ်ဆင်အား ဂုဏ်ပြုသောအားဖြင့် ဂျပ်ဆင် ကောလိပ် (ဝါ) ယုဒသန်ကျောင်းတိုက်ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ သို့ဖြစ်ရာ ၁၉၂ဝ မတိုင်မီတွင် ရန်ကုန် ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့သာရှိခဲ့ပါသည်။ 
မြန်မာနိုင်ငံတွင်   ကာလကတ္တားတက္ကသိုလ်၏ ဩဇာအာဏာနှင့်ကြီးကြပ်မှုမှ ကင်းလွတ်သော သီးခြား တက္ကသိုလ်တစ်ရပ် ရန်ကုန်မြို့၌တည်ထောင်ရန် ၁၈၉၂ ခုနှစ်ခန့်မှစ၍ မြန်မာခေါင်းဆောင်များ၊ သတင်းစာများ၊ ပညာရေးဆင်ဒီကိတ်အဖွဲ့ဝင်များနှင့်မြန်မာပြည်သူလူထု တို့က     တစိုက်မတ်မတ်     တောင်းဆိုခဲ့ကြပါသည်။ တောင်းဆိုမှုများ အရှိန်အဟုန်မြင့်မားလာရာ အာဏာပိုင် တို့မှာ မနေသာတော့ဘဲ ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ကြမ်းကို ၁၉၂ဝ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် မြန်မာ ပြည်ဥပဒေကောင်စီက  အတည်ပြုခဲ့ပြီး   ၁၉၂ဝ   ပြည့်နှစ် အောက်တိုဘာလ  ၂၄  ရက်နေ့တွင်  အိန္ဒိယဘုရင်ခံချုပ်က အတည်ပြုခဲ့ပါသည်။  အဆိုပါ အတည်ပြုချက်များအရ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်   ရန်ကုန် တက္ကသိုလ်သည် ရန်ကုန်ကောလိပ်(တက္ကသိုလ်ကောလိပ်)နှင့်   ဂျပ်ဆင်ကောလိပ်တို့ဖြင့် တည်ထောင်ပေါက်ဖွားလာခဲ့ ပါသည်။ 
ပညာရပ်နယ်ပယ်ကျယ်ပြန့်လာ
ရန်ကုန်တက္ကသိုလ်ကို   စတင်တည်ထောင်စဉ်က အင်္ဂလန်နိုင်ငံ အောက်စဖို့နှင့် ကိန်းဘရစ် တက္ကသိုလ်တို့၏ စနစ်အတိုင်း    ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီတွင် ရန်ကုန်တက္ကသိုလ်၌ ပညာ ရပ်နယ်ပယ် ကျယ်ပြန့်လာပြီး ကောလိပ်များ ပွားများလာခဲ့ သည်။ 
ရန်ကုန်တက္ကသိုလ်တွင် ယုဒသန်ကောလိပ်၊ ရန်ကုန် ယူနီဗာစီတီကောလိပ်၊ ဆေးကောလိပ်၊ ဆရာအတတ်သင် ကောလိပ်တို့ရှိလာသည်။ ၁၉၂၅ခုနှစ်တွင် မန္တလေးမြို့၌ ရန်ကုန်တက္ကသိုလ်က ကွပ်ကဲအုပ်ချုပ်သော ဥပစာကောလိပ် ကို   တည်ထောင်ခဲ့သည်။   ၁၉၃၈  ခုနှစ်တွင် မန္တလေးမြို့၌ စိုက်ပျိုးရေးကောလိပ်ကို ထပ်မံဖွင့်လှစ်ခဲ့ပါသည်။ 
ထိပ်တန်းတွင် ရပ်တည်နိုင်ခဲ့
ရန်ကုန်တက္ကသိုလ်သည် အင်္ဂလန်နိုင်ငံတက္ကသိုလ် များ၏ စံချိန်စံညွှန်းအတိုင်း  ဖွဲ့စည်းထားခြင်း၊ အရည် အသွေးမြင့်မားသော ဆရာများက ပို့ချခြင်း၊ ကျောင်းသား ကျောင်းသူများ ပညာလိုလားစိတ်ပြင်းထန်ခြင်း၊ ဘဏ္ဍာ ရေးအခြေအနေကောင်းမွန်ခြင်းတို့ကြောင့် ပညာဝန်းကျင် ကောင်း တစ်ခုဖြစ်ခဲ့သည်။ ကျောင်း၏ဥပဓိရုပ်မှာလည်း သာယာသောအင်းလျားကန်နောက်ခံ၊ ခံ့ညားသော ဘွဲ့နှင်း သဘင်အဆောက်အအုံ၊      သက်တမ်းရင့်သစ်ပုပ်ပင်၊ ဖြောင့်တန်းသော အဓိပတိလမ်း၊ စိမ်းလန်းကျယ်ဝန်းသော တက္ကသိုလ်နယ်မြေတို့ကြောင့်  အရှေ့တောင်အာရှတွင် အလှပဆုံးသော    တက္ကသိုလ်ဖြစ်ခဲ့သည်။   ၁၉၄ဝ-၁၉၅ဝ ပြည့်နှစ်အတွင်းတွင်     ရန်ကုန်တက္ကသိုလ်သည်     အရှေ့ တောင်အာရှ၏     အကောင်းဆုံးတက္ကသိုလ်ဖြစ်ခဲ့ပြီး အာရှအဆင့်တွင်လည်း  ထိပ်တန်းမှ  ရပ်တည်နိုင်ခဲ့ခြင်း ကြောင့် အခြားအာရှနိုင်ငံများက  အားကျအတုယူစရာ၊ လာရောက်  ပညာဆည်းပူးရာ  ကျောင်းတော်ကြီးဖြစ်ခဲ့ သည်။ 
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဝန်ကြီးချုပ်  ဦးနု၊   အာဇာနည်   ဦးရာဇတ်၊  နန်းရင်းဝန် ဒေါက်တာဘမော်၊   ဥပဒေပညာရှင်   ဒေါက်တာဘဟန်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၊ မြန်မာ့အမျိုးသား စာဆိုကြီးများ    ဖြစ်ကြသည့်   ဇော်ဂျီနှင့်  မင်းသုဝဏ်၊ ပညာမင်းကြီး  ဦးကောင်း၊ သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်း၊   မြန်မာစာပညာရှင်   ဒေါက်တာလှဘေ စသည့် ကမ္ဘာက လေးစားအသိအမှတ်ပြုရသည့် ပုဂ္ဂိုလ်များစွာကို အမိရန်ကုန်တက္ကသိုလ်က မွေးဖွားပေးခဲ့သည်။  
m စာမျက်နှာ ၆ မှ
ဒုတိယကမ္ဘာစစ်မီး တောက်လောင်ချိန်တွင် ရန်ကုန် တက္ကသိုလ်ဥပဒေ ရပ်ဆိုင်းသွားခဲ့သည်။ စစ်ကြီးပြီးသွားပြီး နောက် ၁၉၄၆ ခုနှစ်တွင် မြန်မာနိုင်ငံပညာရေးဌာနက ကြားဖြတ်ရန်ကုန်တက္ကသိုလ် တစ်ခုဖွင့်လှစ်ကာ တက္ကသိုလ် နယ်မြေရှိ  ဘီအိုစီကောလိပ်အဆောက်အအုံနှင့် ပြည် ဆောင်၊ တကောင်းဆောင်အကြား ဆောက်လုပ်ထားသော စာသင်ခန်းများတွင်  တက္ကသိုလ်ပညာရပ်များ  သင်ကြား ပို့ချခဲ့သည်။   ၁၉၄၉   ခုနှစ်တွင်  ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို  ပြန်လည်အသက်သွင်းပြီး  ပြင်ဆင်လိုက် သဖြင့် ရန်ကုန်တက္ကသိုလ်သည် ကိုယ်ပိုင်အုပ်ချုပ်သော အဖွဲ့အစည်းအဖြစ် ပြန်လည်ရောက်ရှိခဲ့သည်။ စစ်ပြီးခေတ် တွင်  ပြန်လည်ဖွဲ့စည်းခဲ့သော  တက္ကသိုလ်၌  အပေါင်းပါ ကောလိပ်များကို ရုပ်သိမ်း၍ မဟာဌာန (Faculty) များဖြင့် အစားထိုးခဲ့သည်။ 
ပညာရတနာများမွေးဖွားလာ
မဟာဌာနစနစ်တွင်  ဝိဇ္ဇာသိပ္ပံနှင့် ဥပဒေမဟာဌာန (Faculty of Arts, Science and Law) ဆေးပညာမဟာဌာန (Faculty of Medicine)၊ အင်ဂျင်နီယာ  မဟာဌာန(Faculty of Engineering)၊   ပညာရေးမဟာဌာန   (Faculty  of Education)၊   သစ်တောပညာမဟာဌာန  (Faculty  of Forestry) ဟူ၍ ဖြစ်လာခဲ့ပါသည်။ ၁၉၄၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်နှင့်  ပေါင်းစည်းထားသည့်  မန္တလေး ဥပစာကောလိပ်ကို  ပြန်လည်ဖွင့်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ဒီဂရီအဆင့်အထိ သင်ကြားနိုင်သည့် မန္တလေးတက္ကသိုလ် ကောလိပ် (University College Mandalay, UCM) အဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။ ၁၉၅၈-၅၉ ခုနှစ်တွင် မန္တလေး တက္ကသိုလ်ကောလိပ်ကို  မြန်မာပါလီမန်က  မန္တလေး တက္ကသိုလ်အက်ဥပဒေကို      ပြဋ္ဌာန်းပေးခဲ့ပြီး    သီးခြား တက္ကသိုလ်အဖြစ်   ရပ်တည်ခဲ့သည်။  ၁၉၅၃  ခုနှစ်တွင် မော်လမြိုင်ဥပစာကောလိပ်၊ ၁၉၅၄ ခုနှစ်တွင် ကျောက်ဖြူ ဥပစာကောလိပ်၊ ၁၉၅၅ ခုနှစ်တွင် မကွေးဥပစာကောလိပ်၊ ၁၉၅၈ ခုနှစ်တွင်  ပုသိမ်ဥပစာကောလိပ်တို့ကို  ရန်ကုန် တက္ကသိုလ်နှင့် နှီးနွှယ်တက္ကသိုလ်များအဖြစ် ဖွင့်လှစ်ခဲ့ ပါသည်။ ဤသို့ဖြင့် အမိရန်ကုန်တက္ကသိုလ်မှ မြန်မာနိုင်ငံ အနှံ့အပြားတွင် သားသမီး ပညာရတနာများ မွေးဖွားလာခဲ့ ပါသည်။ 
၁၉၆၂  ခုနှစ်တွင်မူ  အမိရန်ကုန်တက္ကသိုလ်သည် အလှည့်အပြောင်းများနှင့်  ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထိုနှစ်တွင် တော်လှန်ရေးကောင်စီသည် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို      ဖျက်သိမ်းခဲ့ပြီး     ၁၉၆၄      ခုနှစ်တွင်  ပြည်ထောင်စုမြန်မာနိုင်ငံ  တက္ကသိုလ်ပညာရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ တက္ကသိုလ်တွင် အထူးပြုဘာသာရပ်စနစ် ကို စတင်ကျင့်သုံးခဲ့သည်။ ထိုဥပဒေအရ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်အပါအဝင် တက္ကသိုလ်များကို စနစ်သစ်ဖြင့် ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကို ရန်ကုန်ဝိဇ္ဇာနှင့်  သိပ္ပံတက္ကသိုလ် အဖြစ်   အမည်ပြောင်းလဲကာ  ၁၉၆၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ထိုစဉ်က ပြန်လည် ဖွင့်လှစ်ခဲ့သော ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် ဝိဇ္ဇာ ဌာန ကိုးခုနှင့် သိပ္ပံဌာန ခုနစ်ခုတို့ ပါဝင်သည်။ 
နိမ့်ပါးကျဆင်းလာခဲ့ရ
ထိုကာလမှစတင်ကာ    ရန်ကုန်ဝိဇ္ဇာနှင့်    သိပ္ပံ တက္ကသိုလ်၏ အဆင့်အတန်းသည် အကြောင်းအမျိုးမျိုး ကြောင့်  တဖြည်းဖြည်း    နိမ့်ပါးကျဆင်းလာခဲ့ရသည်။ ရန်ကုန်ဝိဇ္ဇာနှင့်   သိပ္ပံတက္ကသိုလ်အမည်မှ   ရန်ကုန် တက္ကသိုလ်အမည်သို့    ပြန်လည်ခေါ်ဝေါ်ခဲ့သော်လည်း ခေတ်စနစ်အမျိုးမျိုးကြားတွင် ခါးသီးသော အတွေ့အကြုံ များစွာကို   ဆိုးရွားစွာ   ရင်ဆိုင်ကြုံတွေ့ဖြတ်သန်းခဲ့ရ သည်။  ၁၉၈၈   အရေးအခင်းနောက်ပိုင်းတွင်    အမိရန်ကုန် တက္ကသိုလ်ရင်ခွင်ကို မျိုးဆက်သစ်ဘွဲ့ကြို သားငယ်သမီး ငယ်တို့ ဝင်ရောက်ခိုလှုံခွင့်မရခဲ့သည့်ကာလမှာ နှစ်ပေါင်း ရှည်ကြာစွာ ရှိခဲ့သည်။ အမိရန်ကုန်တက္ကသိုလ်သည် နှစ်ပေါင်းအတန်ကြာ နိုးထရှင်သန်ခွင့် ပျောက်ဆုံးခဲ့ရပြီး လောကဓံတရား၏ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရ ပါသည်။  
၁၉၉၄ ခုနှစ် စိန်ရတုအကြိုကာလတွင် အမိရန်ကုန် တက္ကသိုလ်သည်  အနည်းငယ်   ပြန်လည်နိုးထခွင့်ရလာခဲ့ သည်။   တက္ကသိုလ်ကောလိပ်အသီးသီးတွင်   တာဝန် ထမ်းဆောင်နေကြသော ဆရာဆရာမများအတွက် ပါရဂူ သင်တန်များကို  ၁၉၉၄  ခုနှစ်မှစတင်ကာ  ရန်ကုန် တက္ကသိုလ်တွင် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၉၄-၉၅ ပညာသင် နှစ် တွင် ရူပ၊ ဓာတု၊ သင်္ချာ ဘာသာရပ်များကိုလည်းကောင်း၊ ၁၉၉၅-၉၆ ပညာသင်နှစ်တွင် မြန်မာစာ၊ ပထဝီဝင်၊ သတ္တ ဗေဒ ဘာသာရပ်များကိုလည်းကောင်း၊ ၁၉၉၆-၉၇ ပညာ သင်နှစ်တွင် သမိုင်း၊ ရုက္ခဗေဒ၊ ဘူမိ ဘာသာရပ်များ ကိုလည်းကောင်း  ပါရဂူသင်တန်းများ   ဖွင့်လှစ်နိုင်ခဲ့ပါ သည်။ 
မျက်မှောက်ကာလတွင်  ပြောင်းလဲလာသော  ဒီမို ကရေစီ ခေတ်စနစ်နှင့်အတူ အမိရန်ကုန်တက္ကသိုလ်သည် အားသစ်အင်သစ်များဖြင့် ပြန်လည်နိုးထရှင်သန်ခွင့် ရရှိ လာခဲ့ပါသည်။  ရန်ကုန်တက္ကသိုလ်တွင်  နှစ်ပေါင်းအတန် ကြာ    ရပ်ဆိုင်းထားခဲ့သော     ဘွဲ့ကြိုသင်တန်းများကို ၂၀၁၃- ၂၀၁၄   ပညာသင်နှစ်မှစတင်ကာ  ထူးချွန်ကျောင်းသူ ကျောင်းသားများ   ပြုစုပျိုးထောင်ရေး  အစီအစဉ်ဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။  ဘွဲ့ရပြီးပညာဆက်လက် ဆည်းပူးလိုသူများအတွက်      လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုသင်တန်းများကို  တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။ စာတမ်းဖတ်ပွဲများ၊  ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ ပန်းချီပြပွဲများ၊ အဆိုအကအနုပညာပွဲများ၊ အားကစား ပြိုင်ပွဲများ၊  ဘာသာစကားပြိုင်ပွဲများ၊  သိပ္ပံပြပွဲများ၊ စာအုပ်ဈေးရောင်းပွဲများဖြင့် ပညာရပ်ဝန်းကျင်ကောင်း တစ်ခုအဖြစ် ပြန်လည်သက်ဝင်လှုပ်ရှားလာခဲ့ပါသည်။  
နိုင်ငံတကာအသိအမှတ်ပြု    တက္ကသိုလ် ဖြစ်စေရန် ရည်ရွယ်ချက်နှင့်အညီ     နိုင်ငံတကာတက္ကသိုလ်များ၊ နိုင်ငံတကာ     အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း    တိုးချဲ့ဆောင်ရွက် လျက်ရှိပါသည်။ အမေရိကန်၊ ဂျာမနီ၊ အင်္ဂလန်၊ နော်ဝေ၊ ဟန်ဂေရီ၊ နယူးဇီလန်၊ ဗီယက်နမ်၊ သြစတြေးလျ၊ ကိုရီး ယား၊   ဂျပန်၊  စင်ကာပူ၊  တရုတ်  စသည့်နိုင်ငံများ၏ တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများရေးထိုးပြီး ပူးပေါင်း ဆောင်ရွက်မှုများကို   လုပ်ဆောင်လျက်ရှိရာ  ပညာ လာရောက်  ဖြန့်ဝေပေးကြသော  နိုင်ငံတကာမှပညာရှင် များ၊ ပညာလာရောက်ဆည်းပူးကြသော နိုင်ငံတကာမှ ကျောင်းသူ ကျောင်းသားများဖြင့် နိုင်ငံတကာတက္ကသိုလ် အဆင့်သို့ တဖြည်းဖြည်း တက်လှမ်းနေပြီဖြစ်ပါသည်။ 
မဟာစီမံကိန်းရေးဆွဲ
ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မီ မြန်မာ နိုင်ငံ၏ ဂုဏ်ဆောင်တက္ကသိုလ်ကြီးတစ်ခုအဖြစ် အဆင့် မြှင့်တင်နိုင်ရေးအတွက် ပထမအကြိမ်ပြည်သူ့လွှတ်တော် ကျင်းပစဉ်က   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်   ယခု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုကို မဲခွဲဆုံးဖြတ်ပြီး အတည် ပြုနိုင်ခဲ့ပါသည်။ သို့ဖြစ်ရာ ရန်ကုန်တက္ကသိုလ် ပြန်လည် မွမ်းမံခြင်း၊  အဆင့်မြှင့်တင်ခြင်းတို့ကို နိုင်ငံတော်အဆင့် ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ရန်အတွက်  ကော်မတီများ၊ အဖွဲ့များဖွဲ့စည်းပြီး မဟာစီမံကိန်း(Master Plan) တစ်ခုကို  ရေးဆွဲဆောင်ရွက်ခဲ့ပါသည်။ မဟာစီမံကိန်းကို အကောင် အထည်ဖော်ရာတွင်   ပညာအရည်အသွေး  မြှင့်တင်ရေး ကော်မတီ(Software   Committee)၊   ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းရေးကော်မတီ  (Hardware Committee)၊ ရန်ကုန်တက္ကသိုလ်     ပဋိညာဉ်ရေးဆွဲရေးကော်မတီ (University Charter Committee)များကို ထပ်မံဖွဲ့ စည်းကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါ သည်။ 
ရန်ကုန်တက္ကသိုလ်သည်    မြန်မာနိုင်ငံ၏အဓိက အကျဆုံးနှင့်      စံနမူနာပြတက္ကသိုလ်တစ်ခုဖြစ်သည့် အားလျော်စွာ      ကိုယ်ပိုင်လွတ်လပ်စွာစီမံခန့်ခွဲသည့် တက္ကသိုလ်(Autonomous University)   ဖြစ်ရေးသည် အဓိကဦးတည်ချက်တစ်ရပ်ဖြစ်ပါသည်။ လက်ရှိဆောင် ရွက်နေသည့် မဟာစီမံကိန်းနှင့် ရန်ကုန်တက္ကသိုလ်အတွက် ပေါ်ပေါက်လာတော့မည့် တက္ကသိုလ်ပဋိညာဉ် (University Charter)တို့အရ  ရန်ကုန်တက္ကသိုလ်တွင်    နောင်အခါ မဟာဌာနကြီးများပေါ်ပေါက်လာတော့မည် ဖြစ်ပါသည်။ ဖွဲ့စည်းပုံများ ပြောင်းလဲလိုက်သည့်အတွက်  လက်ရှိစီမံ ခန့်ခွဲနေသည့်စနစ်မှ   လွတ်လပ်စွာ   ကိုယ်တိုင်စီမံခန့်ခွဲ သည့်စနစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်တော့မည် ဖြစ်ပါ သည်။ 
ပြန်လည်နုပျိုလန်းဆန်း
အမိရန်ကုန်တက္ကသိုလ်သည် မကြာမီရောက်ရှိတော့ မည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် သက်တမ်း ၁ဝဝ ပြည့် မြောက်တော့မည်ဖြစ်ပါသည်။ အမိတက္ကသိုလ် ဖြတ်သန်း ခဲ့ရသည့် နှစ် ၁ဝဝ ကာလသည် ကြမ်းတမ်းပင်ပန်းလှပါ သည်။ အမိတက္ကသိုလ်ကြီး၏ ပြယုဂ်သင်္ကေတတစ်ခုဖြစ် သည့် သစ်ပုပ်ပင်ကြီးသည်  ကြမ်းတမ်းလှသော နာဂစ် မုန်တိုင်းဒဏ်ကို ပြင်းထန်စွာခံခဲ့ရသော်လည်း မပြိုမလဲ ခိုင်ခိုင်မတ်မတ်ရပ်တည်ကာ ရွက်သစ်ဝေဆာလာသကဲ့သို့ ပင် အမိရန်ကုန်တက္ကသိုလ်ကြီးသည် လောကဓံမုန်တိုင်း များကို ကျော်လွှားလွန်မြောက်ပြီးနောက် သက်တမ်း ၁၀၀ ပြည့်မြောက်သည့် ယခုအချိန်တွင်မူ အားသစ်အင်သစ် များဖြင့်  ပြန်လည်နုပျိုလန်းဆန်းလာခဲ့ပြီ   ဖြစ်ပါသည်။ နိုင်ငံ့ဂုဏ်ဆောင်အမိတက္ကသိုလ်ကြီး    နှစ်ပေါင်း ၁၀၀ ပြည့်မြောက်ပြီးနောက်  နောင်နှစ်ပေါင်း  ထောင်ချီတိုင် အောင် နုပျိုရှင်သန်နေစေရန်အတွက် မျိုးဆက်ဟောင်း ကျောင်းသူကျောင်းသားကြီးများ၊ မျိုးဆက်သစ် သားသမီး ရတနာကျောင်းသူကျောင်းသားများနှင့်   မိဘပြည်သူ တစ်ရပ်လုံးက   ဝိုင်းဝန်းကြိုးပမ်းကြပါစို့ဟု  နှိုးဆော်ရင်း အမိရန်ကုန်တက္ကသိုလ်၏ နှစ် ၁၀၀ ပြည့် ရာပြည့်သဘင် ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။     ။

ကြေးမုံ