ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)
ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်မှာ သတိရလွမ်းစရာတွေက ဘွဲ့နှင်းသဘင်ခန်းမနဲ့ အင်းလျားကန်၊ ကံ့ကော်တောနဲ့ သစ်ပုပ်ပင်၊ ဓာတုဗေဒဌာနနဲ့ အသေးစားအဏုမြူ ဓာတ်ခွဲခန်းတို့ ဖြစ်ပါတယ်။ ဒိထက်ပို၍ တမ်းတလွမ်းရသူများက‌တော့ ကျွန်တော့်ဆရာများပဲဖြစ်ပါတယ်။ ဓာတုဗေဒပညာကို စတင်မိတ်ဆက်ပို့ချပျိုးထောင်သူ၊ တပည့်အပေါင်းက လေးစားချစ်ခင်ရသူ ဆရာ ဒေါက်တာမောင်ဒီနဲ့    နိဒါန်းပျိုးချင်ပါတယ်။
ဆရာဒေါက်တာ မောင်ဒီဟာ ၁၉၅၃ ခုနှစ် ရန်ကုန်တက္ကသိုလ်က B. Sc ဘွဲ့ကို ဓာတုဗေဒ ဂုဏ်ထူး၊  အထူးအဆင့်နဲ့  အောင်မြင်ခဲ့သူ၊ ထူးချွန်ထက်မြက်သူဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဘဝမှာ ရံဖန်ရံခါ သူရဲ့ကျောင်းသားကတ်၊ ကိုယ်ပိုင်အမှတ် NS 3779 လို့တိတိကျကျ ခိုင်ခိုင်မာမာ ပြောပြ လေ့ရှိပါတယ်။ ၁၉၅၃ ခုနှစ် မှ ၁၉၅၄ အထိ ရန်ကုန်တက္ကသိုလ်     ဓာတုဗေဒဌာနမှာ သရုပ်ပြဆရာအဖြစ် ပညာရေးလောကထဲသို့ စတင်ခြေချခဲ့ပါတယ်။ ပါမောက္ခချုပ်ဘဝမှာ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ  တက္ကသိုလ်အမည်နာမမှ ရန်ကုန်တက္ကသိုလ်ဟူသည့် မူလအမည်ရင်း သို့ပြောင်းရန်  တင်ပြခဲ့ပါတယ်။  ပညာရေး လောကမှာ ဆရာဒီ ဆိုပြီး နာမည်ကြီးခဲ့ပါ တယ်။
ဓာတုဗေဒပညာ စတင်ဆည်းပူးခွင့်ရခဲ့
၁၉၆၀ ပြည့်နှစ်  တက္ကသိုလ်ဝင်တန်း အောင်တဲ့ ကျွန်တော်ဟာ မိဘများနေရပ်နဲ့ အလှမ်းမဝေးတဲ့ မန္တလေးတက္ကသိုလ်မှာ ဆရာ့ ထံက ဓာတုဗေဒပညာ စတင်ဆည်းပူးခွင့်ရခဲ့ ပါတယ်။ ၁၉၅၈ ခုနှစ်မှာ မန္တလေးတက္ကသိုလ် ဟာ သီးခြားတက္ကသိုလ်ဖြစ်နေပါပြီ။ လန်ဒန် တက္ကသိုလ်က Ph.D ဘွဲ့နဲ့  ဆရာ   ဒေါက်တာ မောင်ဒီဟာ          မန္တလေးတက္ကသိုလ်မှာ လက်ထောက်ကထိက၊ ကထိက တာဝန်များနဲ့ ၁၉၇၁ ခုနှစ်အထိ  ရှိနေတဲ့  ကာလအတွင်းမှာ ကျွန်တော်ဟာ ၁၉၆၅ ခုနှစ်မှာ B.Sc (Hons) ဂုဏ်ထူးတန်းဘွဲ့၊ ၁၉၇၁ ခုနှစ်မှာ M.Sc ဘွဲ့ နှစ်ခုကို မန္တလေးတက္ကသိုလ်က ရရှိခဲ့ပါတယ်။ 
ရန်ကုန်တက္ကသိုလ်ကို   ၁၉၂၀   ပြည့်နှစ်က တည်ထောင်ခဲ့တာမို့ ၁၉၅၈ ခုနှစ်အထိ မြန်မာ နိုင်ငံမှာ တစ်ခုတည်းသော  တက္ကသိုလ်အဖြစ် တည်ရှိခဲ့ပါတယ်။ ၁၉၅၈ခုနှစ်မှာ မန္တလေး တက္ကသိုလ်ပေါ်ပေါက်လာတော့ ၁၉၆၄ ခုနှစ် အထိ  မြန်မာနိုင်ငံမှာ   တက္ကသိုလ်နှစ်ခုပဲရှိခဲ့ ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ဆေးပညာ မဟာဌာန၊ ပညာရေးမဟာဌာန၊ အင်ဂျင်နီယာ ဌာန၊ ဝိဇ္ဇာမဟာဌာန၊ သိပ္ပံမဟာဌာန၊ ဥပဒေ ပညာ   မဟာဌာနများရယ်လို့    ဖွဲ့စည်းပြီး စာတတ်ပေတတ် ပညာတတ်တွေ၊  နည်းပညာ ရှင်တွေ  မွေးထုတ်ပေးခဲ့သလို   မန္တလေး တက္ကသိုလ်မှာ ဆေးပညာ၊ စိုက်ပျိုးရေးပညာ မဟာဌာန၊ ဝိဇ္ဇာပညာ မဟာဌာန၊  သိပ္ပံပညာ မဟာဌာန  စုစုပေါင်း  မဟာဌာနလေးခုနဲ့ တိုင်းပြည်မှာလိုအပ်တဲ့    အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ  မွေးထုတ်ပေးတာပဲ ဖြစ်ပါတယ်။ 
ရန်ကုန်တက္ကသိုလ်နဲ့        မန္တလေး တက္ကသိုလ်ကြီးနှစ်ခုဟာ ၁၉၆၄ ခုနှစ်အထိ မဟာဌာနများနဲ့ တစ်ပေါင်းတစ်စည်းတည်း ဖွဲ့စည်းမှုစနစ် (Unitary System) ယူနစ် ထရီစနစ်နဲ့     တိုင်းပြည်ရဲ့   လူ့စွမ်းအား အရင်းအမြစ်ကို   မွေးထုတ်ပေးခဲ့တာပဲဖြစ် ပါတယ်။ ကျွန်တော်က ၁၉၆၀ ပြည့်နှစ်မှာ တက္ကသိုလ် ရောက်တာဖြစ်တော့ ဒီယူနစ်ထရီ စနစ်ကိုမီခဲ့ပါတယ်။     ဆေးပညာမှန်းပြီး ဘိုင်အိုဘာသာရပ်ခွဲတွေမှာ စမ်းပြီးတက်ခဲ့ ပါတယ်။ ဘိုင်အိုထိုင်ငိုဆိုတဲ့ အသံတွေလည်း ကြားရပါတယ်။  ခုနစ်နှစ်တာခရီးအတွက် ပညာရေးစရိတ်တွေလည်း ထည့်တွက်မိတာ ကြောင့် သိပ္ပံစစ်စစ် (Pure Science)  ဘက်သို့ ဦးတည်ခဲ့ပါတယ်။  အဲဒီမှာ   ဆရာဒေါက်တာ မောင်ဒီ၊ ဆရာဦးကျော်မြင့်တို့ရဲ့  ဓာတုဗေဒ၊  ရူပဗေဒသင်ကြားမှုတွေဟာ     ဆွဲဆောင်မှု ရှိခဲ့ပါတယ်။ ဆရာဒေါက်တာ  မောင်ဒီဟာ ၁၉၇၇ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ပါမောက္ခ ချုပ်  ဖြစ်လာပါတယ်။ မရှေးမနှောင်းမှာပဲ ဆရာဦးကျော်မြင့်ဟာ  မန္တလေးတက္ကသိုလ်ရဲ့   ပါမောက္ခချုပ် ဖြစ်သွားပါတယ်။ 
ဓာတုဗေဒဘာသာရပ်  သင်ကြားရာမှာ ဆရာ  ဒေါက်တာ  မောင်ဒီဟာ    အခြေခံဒြပ် (Element) တို့အကြောင်း သင်ကြားပို့ချရင်း အက်တန်သီအိုရီကို ဖော်ထုတ်နိုင်ဖို့  သုံးနှစ် တာ   ကျားကုတ်ကျားခဲ  လေ့လာခဲ့တဲ့  “John Delton”၊ သူဟာ  သင်္ချာဆရာတစ်ဦးဖြစ် ကြောင်း မန်ချက်စတာတစ်ဝိုက်က မိုး‌‌‌ရေချိန် တိုင်းတာမှုကိုနှစ်ပေါက်၊  နှစ်ပေါင်းများစွာ တိုင်းတာခဲ့ကြောင်း၊ဒါတွေကိုလည်း သင်ကြား မှုမှာ  ထည့်ပြီးပြောခဲ့ပါတယ်၊၊  အဲဒီတော့ ကျွန်တော်ကဲ့သို့သော      တပည့်များဟာ ဓာတ်ကြီးလေးပါးလို့  စွဲနေတဲ့  အတွေးအခေါ် ထက်မြင့်တဲ့ ဒြပ်တို့ရဲ့ အသေးဆုံးအမှုန်သည် အက်တမ်၊ အဲဒီအက်တမ်ကို ကျွန်တော်တို့ တစ်တွေ  မျက်စိနဲ့  မြင်နိုင်စွမ်းမရှိတဲ့အရာ၊ မမြင်နိုင်တဲ့ အက်တမ်ကို      မြင်ရသကဲ့သို့    ဆရာက သင်ကြားပို့ချပေးခဲ့ပါတယ်။ ၁၈၀၃-၁၈၀၆ ခုနှစ်အတွင်းက   တွေ့ရှိချက်ဟာ   ဥရောပတစ်ခွင်ကို  တုန်လှုပ်ခဲ့ပါတယ်။ John Dalton ဟာလည်း မန်ချက်စတာ   (Manche- ster)တက္ကသိုလ်မှာ ပါမောက္ခဖြစ်သွားပါတယ်။ ကျွန်တော့် စိတ်ထဲမှာ ပါမောက္ခဖြစ်လိုတဲ့ဆန္ဒ၊ မဝံ့မရဲ  သိမ်းဆည်းထားမိလိုက်ပါတယ်၊၊
ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခဆရာကြီး ဦးအောင်ခင်၊ ဆရာကြီးဒေါက်တာမန်းသက်စံ တို့က အခြေခံကျပြီးလေးနက်တဲ့ ဓာတုဗေဒ သဘောတရားတွေ၊ Periodic  Table  of Elements စသည်တို့ကို သင်ကြားပြီး ဖြစ်နေ ပါတယ်၊၊ ဆရာ‌ဒေါက်တာမောင်ဒီရဲ့လက်ချာ တစ်ခုမှာ “The Universe is expanding, because  Entropy   is   increasing.” စကြ၀ဠာကြီးဟာ    ကျယ်ပြန့်နေတယ်၊၊ စကြ၀ဠာ၏  အင်ထရိုပီသည်  အစဉ်မြင့်နေ တယ်၊ အမြင့်ဆုံးတန်ဖိုးဘက်သို့  ဦးတည် ပြောင်းလဲနေတယ်၊ ဒီသဘောကို ရှင်းလင်း သင်ကြားနေတဲ့အချိန်မှာ   ကျွန်တော်တို့ တပည့်တွေဟာ Entropy ဆိုတဲ့‌ ‌ဝေါ‌‌ဟာရကို ခံစားနားလည်နိုင်စွမ်းမရှိ   ဖြစ်ခဲ့ပါတယ်၊၊
အလွန်တရာသေးငယ်တဲ့  ဒြပ်ပစ္စည်း များဖြစ်တဲ့   ဓာတ်ပစ္စည်း  (Chemicals) တို့သည်လည်း၊       အင်ထရိုပီသဘောအရ၊  မြင့်တက်နေဖို့   တာစူနေသည်သာဖြစ်လို့ ရုပ်ပြောင်းလဲမှု၊ ဓာတ်ပြောင်းလဲမှု၊ ဓာတ်ပြု ခြင်းဖြစ်ရကြောင်း   တဖြည်းဖြည်း  သဘော ပေါက်ခဲ့ရပါတယ်၊၊ ဆရာ ဒေါက်တာ မောင်ဒီ ဟာ ခက်ခဲနက်နဲတဲ့ Enthalpy, Entropy, Free Energy  စတဲ့  သဘောတရားတွေကို ရှင်းသွားအောင်၊        နားလည်သွားအောင်  သင်ကြားပို့ချနိုင်သူ    ပုဂ္ဂိုလ်ဖြစ်ပါတယ်၊၊ သဘာ၀တရားကြီးအရ    အင်ထရိုပီမြင့်ဖို့ တာစူနေတဲ့ စကြ၀ဠာသည်     ကျယ်ပြန့် လေသတည်းဆိုတဲ့ အဓိပ္ပာယ်ပါပဲ၊၊ ဒီ‌ဝေါဟာရ တွေကိုမြန်မာလို ဘာသာပြန်လို့မရ၊  မြန်မာ စာလုံးပေါင်းဖြင့်သာ  ရေးလို့ရပါတယ်၊၊
၁၉၆၄ ခုနှစ်    စနစ်သစ်ပညာရေးအရ သိပ္ပံဘာသာရပ်တွေ  မြန်မာလိုသင်ကြားဖို့ တာ၀န်ကျတဲ့အခါ ဆရာဟာ ၁၉၆၅ ခုနှစ် မေလ ၂၇ ရက်ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာမှာ “မြန်မာဆန်ပြီး အသိလွယ်သည့် သိပ္ပံပညာ  ‌ ‌ဝေါဟာရများ”    ခေါင်းစဉ်နဲ့ ဆောင်းပါးရေးတာကို  ဖတ်ရှုခဲ့ရပါတယ်၊၊
ဓာတုဗေဒဆရာဖြစ်ဖို့ ကံဇာတာပေါ်လာ
ကျွန်တော်ဟာ  ၁၉၆၅ ခု စက်တင်ဘာလ မှာ B.Sc (Hons) ဂုဏ်ထူးဘွဲ့ရတော့ ဓာတု ဗေဒ ဆရာဖြစ်ဖို့ ကံဇာတာပေါ်လာပါတယ်၊၊ ရန်ကုန်ကိုရောက်ဖို့လဲ     ဖြစ်လာပါတယ်၊၊ အဲဒီနှစ်  အောက်တိုဘာလထဲမှာ အင်တာ ဗျူးအတွက်  ရထားနဲ့  ရန်ကုန်ကို  ဆင်းခဲ့ပါ တယ်၊၊ အင်တာဗျူးမှာ ဓာတု‌ဗေဒပါမောက္ခ ဆရာကြီး    ဦးအောင်ခင်ကို   ပထမဦးဆုံး မြင်တွေ့ခဲ့တာ    ဖြစ်ပါတယ်။    ဆရာကြီးရဲ့ မေးခွန်းကို  အတော်အသင့်ဖြေနိုင်ပါတယ်။  အဲ့ဒီအချိန်မှာ အင်တာဗျူးအဖွဲ့ဝင်တစ်ဦးက “မင်းရဲ့အဖေ  ဦးစံဘ  ဝက်မွေးသလား” လို့ မေးတော့ ကျွန်တော် အကျပ်ရိုက်သွားပါတယ်။ ဘာအလုပ် လုပ်သလဲလို့မေးတာ မဟုတ်ပါ ဘူး။ လျှောက်လွှာပုံစံမှာ  တောင်သူလယ် သမားလို့ပဲ  ရေးတာဖြစ်လို့ တောင်သူလို့ပဲ ဖြေလိုက်ပါတယ်။    အလုပ်သမားခေတ်၊ ဆိုရှယ်လစ်ခေတ်ဆိုတော့ အင်တာဗျူးအဖွဲ့ လူကြီးများ၊ ဆရာကြီးများက    သဘောကျတဲ့ အတွက် ၁၉၆၅ ခုနှစ်  ဒီဇင်ဘာလ   ၂၁ ရက် နေ့မှာ  မန္တလေးတက္ကသိုလ် ဓာတု‌ဗေဒဌာန သရုပ်ပြဆရာအဖြစ်   အလုပ်ရခဲ့ပါတယ်။ ကျွန်တော့်ဘွဲ့လက်မှတ်မှာတော့    မန္တလေး တက္ကသိုလ် မဟုတ်တော့ဘဲ   မန္တလေးဝိဇ္ဇာနှင့်   သိပ္ပံတက္ကသိုလ်ဟူသည့်  အမည်နာမ ဖြစ်ပါ တယ်။ ၁၉၆၈ ခုနှစ်အထိ ကြားကာလများမှာ နိုင်ငံခြားပညာသင်ဆု လျှောက်တဲ့အခါတိုင်း မှာ ဆရာကြီး ဦးအောင်ခင်နဲ့ နှုတ်မေးအင်တာ ဗျူးတိုင်းမှာ ကြုံရပါတယ်။ ၁၉၆၈ ခုနှစ် မဟာ ဘွဲ့ ရေးဖြေအောင်တော့    နှုတ်မေးစာမေးပွဲမှာ ဒီဆရာလေးကို     ရန်ကုန်တက္ကသိုလ်ခေါ်ဖို့ စီစဉ်ထားတယ်၊      ပြောင်းရွှေ့မိန့်လည်း ထွက်တော့မယ်လို့ ဆရာကြီးဦးအောင်ခင်ကပဲပြောသွားပါတယ်။   ဒီလိုနဲ့   ကျွန်တော် ရန်ကုန် တက္ကသိုလ်သို့ ၁၉၆၈ ခုနှစ် နိုဝင်ဘာ လ ထဲမှာရောက်သွားပါတယ်။ ၁၉၇၃ ခုနှစ် ဇူလိုင်လ၂၁ ရက်အထိ  ဆရာကြီး ဦးအောင်ခင် ရဲ့  စီစဉ်ညွှန်ကြားမှုနဲ့   ရန်ကုန်တက္ကသိုလ်မှာ အသေးစားအဏုမြူဓာတ်ခွဲခန်းကို   တည် ထောင်ခဲ့ရပါတယ်။ ဆရာကြီးဦးအောင်ခင်က ဓာတုဗေဒဘာသာရပ်ခွဲများ တိုးချဲ့ဖွင့်လှစ် သင်ကြားပို့ချနိုင်ဖို့ တပည့်များကို နိုင်ငံခြား တိုင်းပြည်များသို့ စေလွှတ်ခဲ့ပါတယ်။ အဏုမြူ ဓာတုဗေဒ ဘာသာရပ်ခွဲအတွက် ရည်ရွယ်ပြီး ကျွန်တော်ကို   ရန်ကုန်သို့    ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဓာတ်ခွဲနည်းမျိုးစေ့ကို ချပေးခဲ့သူ ဖြစ်လာ
၁၉၆၀    ပြည့်နှစ်များမှာ    ရန်ကုန် တက္ကသိုလ်က ဓာတုဗေဒ ပါမောက္ခဆရာကြီး ဦးအောင်ခင်၊  ရူပဗေဒ   ပါမောက္ခဆရာကြီး ဦးစံသာအောင်နှင့် ယူဘာရီ (UBARI, Union of Burma Applied Research Institute) ဥက္ကဋ္ဌ ဒေါက်တာဘလှီတို့ဟာ မြန်မာနိုင်ငံမှာ အဏုမြူဓာတ်ပေါင်းဖို (Nuclear Reactor) တည်ထောင်ဖို့   ရည်ရွယ်ဟန်  ရှိခဲ့ပါတယ်။  အကြောင်းတရားတွေ   အများကြီးရှိခဲ့ပါလိမ့် မယ်။   ဒုတိယကမ္ဘာစစ်ကြီးကာလ ၁၉၄၂ ခုနှစ်  ဩဂုတ်လ  ၁၃ ရက်မှာ       မင်ဟက်တန် ပရောဂျက် (Manhattan Project) အမည်နှင့် အဏုမြူလက်နက်       တည်ထောင်ရေးဟာ အမေရိကန် ထိပ်သီးခေါင်းဆောင်   ၁၂  ဦးမှ အပ  အများပြည်သူမသိဘဲ  ပေါ်ခဲ့ပါတယ်။  အဏုမြူဗုံး နှစ်လုံးနဲ့  ဒုတိယကမ္ဘာစစ်ကြီး ပြီးခဲ့တယ်လို့လည်း    ပြောပါတယ်။     ပို၍ အဓိကကျတဲ့ အကြောင်းအရာတစ်ခုကတော့ ၁၉၄၂ခုနှစ်  ဒီဇင်ဘာလ  ၂   ရက်နေ့    ချီကာဂို တက္ကသိုလ်    (Chicago   University)မှာ  အင်ရီကိုဖာမီ (Enrico Fermi) ဦးဆောင်တဲ့ သိပ္ပံပညာရှင် ၃၉ ဦးဟာ      အဏုမြူဓာတ်ပေါင်း ဖိုကို အောင်မြင်စွာ       တည်ဆောက်ခဲ့ပါတယ်။ အဏုမြူဓာတ်ပေါင်းဖိုက    လျှပ်စစ်စွမ်းအင် ရရှိနိုင်ပုံနှင့်  အဏုမြူဗုံးထုတ်လုပ်ရေးတို့ဟာ ကမ္ဘာကိုလွှမ်းခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး လည်းပြီးရော အဏုမြူစွမ်းအင်ကို ငြိမ်းချမ်း ရေးအတွက်  အသုံးပြုဖို့  ဓာတ်ပေါင်းဖိုက ထွက်တဲ့  ရေဒီယိုအိုင်ဆိုတုပ်များကိုလည်း စိုက်ပျိုးရေးဆေးဝါးနဲ့  ကုန်ထုတ်လုပ်ငန်းတွေ မှာသုံးဖို့ တာစူခဲ့ပါတယ်။     ရန်ကုန်တက္ကသိုလ် မှာ အသေးစားအဏုမြူဓာတ်ခွဲခန်း ပေါ်ပေါက် ဖို့ ဖန်လာပါတယ်။   ဓာတုဗေဒနဲ့ပတ်သက်လို့ ခဲရာခဲဆစ်ဓာတ်ခွဲဖို့ဖြစ်တဲ့ ဆံပင်၊ လက်သည်း၊ ဆီး ကဲ့သို့ နမူနာများထဲမှာ အာဆစ်နစ်ဆိုတဲ့ အဆိပ်ဓာတ်တစ်မျိုးကို      ဓာတ်ခွဲနိုင်တဲ့ Neutron Activation Analysis(NAA) နည်း၊ တစ်နည်းပြောရရင် အဲဒီနည်းပညာဓာတ်ခွဲ နည်းမျိုးစေ့ကိုချပေးခဲ့သူ ဖြစ်လာပါတယ်။ 
နမ္မတူ ဘော်တွင်းက လုပ်သားကြီးတွေမှာ စက်ရုံနဲ့ဝန်းကျင်မှာ    လွင့်နေတဲ့    အာဆစ် နစ်အဆိပ်ဓာတ်ငွေ့       သင့်နေသည်လော  ဆိုတာကို  သုတေသနပြုသူ  ဖြစ်လာခဲ့ပါတယ်။ 
ဒါ့အပြင်   မြန်မာ့ရှေးဟောင်း    ငွေဒင်္ဂါးများ ဖြစ်တဲ့  ဟံလင်းဒင်္ဂါး၊   ရခိုင်ခေတ်ဒင်္ဂါးများ၊ ကုန်းဘောင်ခေတ်ဒင်္ဂါးများကို မပျက်မစီးစေ ဘဲ    ဓာတ်ခွဲနိုင်တဲ့နည်းဖြစ်လို့   ပြတိုက်မှာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုထူးခြားတဲ့     သုတေသနကို   ရန်ကုန် တက္ကသိုလ်  ဓာတုဗေဒဌာနမှာပဲ ၁၉၇၂ ခုနှစ် အထိ ပြုလုပ်နိုင်တာမို့ ဆရာကြီးဦးအောင်ခင် ကို အထူးသတိရ၊  ကျေးဇူးတင်မဆုံး   ဖြစ်ရ ပါတယ်။ 
ကုလသမဂ္ဂ   အိုင်အေအီးအေ  (IAEA)  အကူအညီနဲ့                ထပ်ဆင့်ဦးဆောင်ခဲ့တဲ့ ကျွမ်းကျင်သူ  Dr SS Krishnan နဲ့ Dr RW Thiele တို့နဲ့ အတူတည်ထောင်ခဲ့တဲ့ အဏုမြူ ဓာတ်ခွဲခန်းဟာ ယခုအခါ  “တောဝဂူ”ပမာ မသဲမကွဲ  မထင်မရှားဖြစ်နေရော့သလားလို့   တွေးပူမိလျက်ရှိပါတယ်။ 
ဆရာကြီး  ဦးအောင်ခင်၊    ဆရာကြီး ဦးစံသာအောင်၊  ပါမောက္ခချုပ်  ဒေါက်တာ မောင်မောင်ခတို့ဟာ           အနောက်နိုင်ငံ  တက္ကသိုလ်ကြီးများကဲ့သို့ဖြစ်အောင်     ရှိရင်းစွဲ ဘာသာရပ်တွေကိုလည်း   တစိုက်မတ်မတ်   သင်ကြားခဲ့ပါတယ်။ တိုးချဲ့ဖွင့်လှစ်သင့်သော ဘာသာရပ်များကိုလည်း ဖြစ်မြောက်အောင် သင်ကြားပို့ချပေးခဲ့ကြတယ်လို့    ကျွန်တော်     လက်တွေ့ကျကျ  မြင်တွေ့ခဲ့ရပါတယ်၊ ကြုံခဲ့ ရပါတယ်။ ပါမောက္ခဆရာကြီး       ဦးအောင်ခင် ဟာ   ကျွန်တော်   နိုင်ငံခြားပညာသင်ပြီး ပြန်ရောက်တဲ့ ၁၉၇၇ ခုနှစ်၊ ၁၉၇၉ ခုနှစ် နှောင်းပိုင်းအထိ       ရန်ကုန်တက္ကသိုလ်ရဲ့ အထင်ကရ ဓာတုဗေဒပါမောက္ခကြီး    ဖြစ်ပါ တယ်။ ရန်ကုန်တက္ကသိုလ်   စိန်ရတုသဘင် အခမ်းအနားကို  မမီခဲ့ပြီ၊   ဘဝတစ်ပါးသို့ ပြောင်းသွားပြီဖြစ်လို့ ဆရာကြီးရဲ့ အမြော် အမြင်တွေ၊ ဓာတုဗေဒဌာနရဲ့       တိုးတက်ရာ     တိုးတက်ကြောင်း    အားထုတ်မှုတွေကို နောင်လာနောက်သားများအတွက်  သတင်း စာကြီးများမှာ   အခါသမယ   ကြုံကြိုက်ခိုက် ရေးသား ရခြင်းဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာ လဲ  ပညာရေးတွေပြောင်းလဲလာကြပြီ။
၁၉၅၇ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ မှာ   ဆိုဗီယက်က  စပွတ်နခ် (Sputnik) ဂြိုဟ်တုတစ်လုံး   ကောင်းကင်မှာလွှတ်တင် တော့  ညညအခါ၊ ကလေးရော အဖေအမေ တို့ပါမကျန် အံ့သြပြီးကြည့်ခဲ့တာ  အမော တကော ပါပဲ။ သိပ္ပံနဲ့နည်းပညာ၊ စစ်ရေးနဲ့ စီးပွားရေးအထိ တာသွားတာမြင်တဲ့ အမေရိ ကန်တို့ဟာ ဆိုဗီယက်ပညာရေးကို လေ့လာခဲ့ တယ်လို့ ဖတ်ရှုရပါတယ်။ ကျွန်တော် မှတ်မိ သလောက် တင်ပြရရင် ရန်ကုန်တက္ကသိုလ်က ဒေါက်တာ မန်းသက်စံနဲ့      မန္တလေးတက္ကသိုလ် က ဒေါက်တာ မောင်ဒီတို့နှစ်ဦးဟာ ဆိုဗီယက် ပညာရေးလေ့လာဖို့ ၁၉၆၃ ခုနှစ်မှာ ရုရှားနိုင်ငံ ကို သွားခဲ့ပါတယ်။ 
အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ 
ပေါ်ပေါက်လာ
၁၉၆၄ ခုနှစ် ဧပြီလ ၁၆−၁၉ ရက်နေ့အထိ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ တက္ကသိုလ်ပညာရေး   နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်များဥပဒေကို  ပြဋ္ဌာန်းခဲ့ပါတယ်။ မိခင်တက္ကသိုလ်ကြီးနှစ်ခုမှ     စိုက်ပျိုးရေး တက္ကသိုလ်၊   ဆေးတက္ကသိုလ်၊    စက်မှု တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေး တက္ကသိုလ်  စတဲ့  အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များရယ်လို့ ပေါ်ပေါက်ခဲ့ပါတယ်။ ယူနစ်တရီစနစ်ကနေပြီး ဖြန့်ကြက်သွားတာမို့ အင်ထရိုပီမြင့်တဲ့ သဘောလဲ ဆောင်ပါတယ်။ သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးကအစ သဘောသဘာဝခြားနားတဲ့  ဆေး၊  စက်မှု၊ စီးပွားရေး၊  ပညာရေးတက္ကသိုလ်များဟူ၍ သီးခြားရပ်တည်ခြင်းဟာ    အစစအရာရာ ထိရောက်မှုရှိဖို့ပဲ ဖြစ်ပါတယ်။
ရန်ကုန်ဝိဇ္ဇာနှင့်     သိပ္ပံတက္ကသိုလ်ဟု ခေါ်တွင်မည့်   အမည်နာမ၊   ဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများကိုလည်း    ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း မှတ်တမ်းများအရ  သိရ ပါတယ်။     သဘောသဘာဝခြားနားတဲ့ ပညာရပ်အမျိုးမျိုးကို ထိထိရောက်ရောက် သင်ကြားပို့ချနိုင်ဖို့ ပညာရပ်တွေကိုတိုးချဲ့၊ နက်နက်နဲနဲ လေ့လာနိုင်ရန် စတဲ့ရည်ရွယ် ချက်များနဲ့ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်များဟာ မိခင်ရန်ကုန် တက္ကသိုလ်ကြီးနဲ့    ညီနောင်   မန္တလေး တက္ကသိုလ်နှစ်ခုက     ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။ ဆေးတက္ကသိုလ်က ဆရာဝန်များ ကို  မွေးထုတ်ပေးဖို့၊  စက်မှုတက္ကသိုလ်က အင်ဂျင်နီယာများ၊ ဗိသုကာများ၊ ပညာရေး တက္ကသိုလ်က ဆရာ ဆရာမများ၊ စိုက်ပျိုး ရေးတက္ကသိုလ်က       ခေတ်မီတောင်သူ လယ်သမားကြီးများ မွေးထုတ်ပေးဖို့ ဖြစ်ပါ တယ်။  အဲဒီတော့   ရနံ့သင်းတဲ့   ရေမွှေး မော်လီကျူးတွေဟာ မိခင်ရေမွှေးပုလင်းကြီး ကို ဖွင့်လိုက်တာနဲ့ အလိုအလျောက် ထွက်ပေါ် လာသလိုပါပဲ  မိခင်ရန်ကုန်တက္ကသိုလ်ကြီးရဲ့ သင်းရနံ့ပျက်ပြယ်ခြင်း မရှိ၊ မွှေးကြိုင်လျက် နှစ်တစ်ရာတိုင် ရှိခဲ့ပြီဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်နဲ့  မန္တလေးတက္ကသိုလ် တို့ကို  ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များရယ်လို့ အမည်နာမအားဖြင့် ပြောင်းလဲသတ်မှတ်ခဲ့ သော်လည်း    သဘောသဘာဝအရကြောင့် ဖြစ်ပါတယ်။ ဝိဇ္ဇာပညာရပ်များ၊ သိပ္ပံပညာရပ် များ၊ ဥပဒေနဲ့ သစ်တောပညာရပ်များကို ပို၍ နက်နက်နဲနဲ နိုင်နိုင်နင်းနင်းနဲ့ သင်ကြားမှုတွေ၊ သုတေသနတွေ     ပြုလုပ်နိုင်ရေးအတွက်  ရည်မှန်းပြီး  ပြင်ဆင်ဖွဲ့စည်းသတ်မှတ်တာပဲ ဖြစ်ပါတယ်။ အနှစ်သာရသည်မူလအတိုင်း အောက်စ်ဖို့ဒ်၊ ကင်းဘရစ်နဲ့ လန်ဒန်တက္ကသိုလ် တို့ကဲ့သို့ပါပဲ။ အမေရိကန် ပြည်ထောင်စုမှာ လည်း   ၁၆၃၆ ခုနှစ်က တည်ထောင်ခဲ့တဲ့ ဟားဗက်တက္ကသိုလ်၊ ဘော်စတန် တက္ကသိုလ် ကြီးများရှိသကဲ့သို့ တိုင်းပြည်ရဲ့ အ‌ရှေ့ဖျားမှ အနောက်ဖျားအထိတိုင်အောင်     ပညာရေး လက်လှမ်းမီဖို့၊    လူထုအခြေပြုကောလိပ် (Community College) တွေဖွင့်လှစ်ခဲ့ပါတယ်။ အမေရိကန်တို့ဟာ  “Education for all” အတွက်  ၁၉၆၅ ခုနှစ်မှာ  တစ်နိုင်ငံလုံးကို အင်တိုက်အားတိုက်   မောင်းနှင်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်များမှာ အမေရိကန်ပြည်ထောင်စု မှာ တက္ကသိုလ် ကောလိပ်ပေါင်း ၂၆၀၀ ခန့်ရှိ နေပြီဖြစ်ပါတယ်။ ၁၉၇၀  ပြည့်နှစ် ရန်ကုန် တက္ကသိုလ်‌ ရွှေရတုသဘင်ကျင်းပတဲ့နှစ်မှာ တက္ကသိုလ် ၁၀ ခု ၊  ကောလိပ်ကျောင်း ၇ ခုပဲ ရှိပါသေးတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ နှိုင်းရင်    ကျွန်တော်တို့က    (၁၇:၂၆၀၀)  ဆယ့်ခုနစ်အချိုး      နှစ်ထောင့်ခြောက်ရာပဲ ရှိပါတယ်။
ကျွန်တော့်ဆရာ‌‌‌‌  ဒေါက်တာ  မောင်ဒီရဲ့ ကျောင်းသားကတ်နံပါတ် (NS3779)  အရ ၁၉၅၃ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသား ဦးရေ ၃၈၀၀ ခန့်ရှိကြောင်း  သိနိုင်ပါတယ်။ ထိုနှစ်က မြန်မာနိုင်ငံမှာ ရန်ကုန်တက္ကသိုလ် တစ်ခုတည်းပဲ   ရှိပါသေးတယ်။   မန္တလေး ယူနီဗာစီတီကောလိပ်   ရှိနေပြီဖြစ်ပါတယ်။ ၁၉၂၀ ပြည့်နှစ်က ရန်ကုန်တက္ကသိုလ်ဖွင့်စဉ်က ကျောင်းသား ၈၂၉ ဦးပဲ ရှိခဲ့ပါတယ်။ နှစ် ၅၀ ကြာတဲ့အချိန်ကာလမှာ တက္ကသိုလ် ကောလိပ် ကျောင်းသားဦးရေဟာ ငါးသောင်းကျော်ခဲ့ပါ တယ်။    ကျွန်တော်တို့       ကျောင်းသား အရေအတွက်              ငါးသောင်းဆိုတော့ များသယောင်ယောင်    ထင်နိုင်ပါတယ်။ သို့သော် ၁၉၆၀ ပြည့်နှစ်မှာ  ကျွန်တော် တက္ကသိုလ်ဝင်တန်းအောင်တော့  တစ်နိုင်ငံလုံး   အောင်ချက်ဟာ (၃%)  သုံးရာခိုင်နှုန်း သာသာ ပဲ  ရှိတာမှတ်မိပါတယ်။ ၉၇ ရာခိုင်နှုန်းသော လူငယ်လူရွယ်များဟာ စာမေးပွဲမအောင်တဲ့ အတွက်     တက္ကသိုလ် ပညာ၊ တစ်နည်းအား ဖြင့်  အဆင့်မြင့်ပညာကို လက်လှမ်းမမီဘဲ ဖြစ်ခဲ့ရပါတယ်။ မည်သို့ပင်ဖြစ်စေ၊   မြန်မာ တို့ဟာ   ပညာရေးကို အလေးထားခဲ့သူတွေ ဖြစ်ပါတယ်၊   ဘိုးဘွားဘီဘင်လက်ထက် ကတည်းကပါပဲ။
လူရည်ချွန်စီမံကိန်းကြီး
ပညာ‌ရေးဝန်ကြီး‌‌‌   ဒေါက်တာ   ညီညီ လက်ထက် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်နဲ့ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များမှာ သိပ္ပံ ဘာသာရပ်များကို အချိန်တိုတိုနဲ့အစွမ်းကုန် လိုက်စားနိုင်ဖို့     လူရည်ချွန်စီမံကိန်းကြီး ပေါ်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်က စတင်ခဲ့ပါတယ်၊ ၁၉၈၈ ခုနှစ်တိုင်ပါပဲ။ 
ဒီလူရည်ချွန် စီမံကိန်းရဲ့ အသီးအပွင့် တွေဟာ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ဆင်းတွေ ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍမှာ ဆရာ ဆရာမ များ တက္ကသိုလ်ကောလိပ်များရဲ့ ပါမောက္ခ၊ ပါမောက္ခချုပ်များ၊ အခြေခံနဲ့ အဆင့်မြင့်ပညာ ဦးစီးဌာနများမှာ    ညွှန်ကြားရေးမှူးချုပ်များ၊  နိုင်ငံခြားရေးရာသံအမတ်ကြီးများ၊   ဝန်ကြီး များအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း သိရှိဖတ်ရှုရတော့ သင်္ချာပါမောက္ခဆရာကြီး ဦးဘတုတ်၊    ပါမောက္ခဆရာကြီး  ဦးနက်၊ ဆရာကြီး    ဒေါက်တာချစ်ဆွေ၊   ရူပဗေဒ ပါမောက္ခများဖြစ်တဲ့ ဆရာကြီးဦးစံသာအောင်၊ ဒေါက်တာတင်အောင်နဲ့        ဆရာကြီး ဦးကျော်မြင့်၊ ဓာတုဗေဒ ပါမောက္ခများဖြစ်တဲ့ ဆရာကြီးဦးအောင်ခင်၊ ဒေါက်တာခင်မောင်၊ ဒေါက်တာမောင်ဒီ၊ ဒေါက်တာကိုကိုကြီးတို့ရဲ့ သားကောင်းရတနာတွေပဲ။ 
လူရည်ချွန်စီမံကိန်းကြီးဟာ ဉာဏ်ရည် ဉာဏ်သွေး လွန်စွာထက်မြက်တဲ့ ကျောင်းသား လူငယ်များကို ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှာ မိမိတို့   ဝါသနာပါရာ   ဘာသာရပ်များကို နက်ရှိုင်းစွာ လေ့လာနိုင်ဖို့၊ ဖွံ့ဖြိုးတိုးတက်မှု အပေါင်းကို အထောက်အကူပြုမယ့် သုတေ သနလုပ်ငန်းတွေ လုပ်ဆောင်သွားဖို့၊ ဝါသနာ ကိုအခြေခံပြီး စဉ်ဆက်မပြတ်လေ့လာ တီထွင် နေမယ့်   ပညာရှင်များ   မွေးထုတ်ပေးရေး စီမံကိန်းကြီးပဲဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဒီစီမံကိန်း ရပ်ဆိုင်းသွားခဲ့ပါတယ်။ 
အဲဒီနှစ်မှာ ကျွန်တော့်ဆရာ ဒေါက်တာ ချစ်ဆွေဟာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် တာဝန် ထမ်းဆောင်တာ နှစ်နှစ်ခန့် ရှိပြီဖြစ် ပါတယ်။    ကျွန်တော့်ဆရာ    ဆရာကြီး ဦးကျော်မြင့်ဟာလည်း အဆင့်မြင့်ပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်နေပြီဖြစ်ပါ တယ်။ “To every action, there is always equal and opposite reaction” အစချီတဲ့ Newton’s Law ကို သင်ပေးတဲ့ဆရာ “You see it is due to gravity the apple falls down to the ground” လို့ သင်ပေးတဲ့ဆရာ၊ ကျွန်တော်တို့တပည့်တွေဟာ ပန်းသီးဆိုတာ မမြင်ဖူးကြပါဘူး။  ထန်းသီးဟာ  မှည့်ရင် ကြွေမှာပဲ၊ ထန်းသီးကြွေခိုက်  ကျီးနင်းခိုက် ဆိုတဲ့စကားပုံကြားဖူးနေပြီ၊ ကမ္ဘာ့ဆွဲအား ကြောင့် မြေခရမှာပဲ၊ ကမ္ဘာ့ဆွဲအားမရှိရင် ထန်းသီးဟာမှည့်လို့ ကြွေဖို့အချိန်တန်ရင် တောင် ထန်းပင်ခေါင်ဖျားမှာ ရှိနေမှာဖြစ် ကြောင်း၊ ယူရီဂါဂါရင်တို့သည်လည်း ဆွဲအား မဲ့ဝန်းကျင်မှာ  လေ့ကျင့်ပြီး  ဂြိုဟ်တုထဲမှာ  လိုက်ပါပျံသန်းနိုင်ပုံတွေအထိ     အတွေးဝင် စဉ်းစားနိုင်ခဲ့ပါတယ်။ 
၁၉၈၈ ခုနှစ် မေလမှာ  ဩစတြေးလျ (Australia) နိုင်ငံက    ပညာရေးအဖွဲ့ကို ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ ဆရာနဲ့တွေ့ဆုံဖို့  ကျွန်တော်လိုက်ပါခဲ့ရပါတယ်။   ပညာရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီး   ဒေါက်တာ မောင်ဒီက     တာဝန်ပေးတာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်၊   မန္တလေးတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်တို့နဲ့       Australia   နိုင်ငံက     တက္ကသိုလ်ကြီးများနဲ့     ပူးပေါင်း ဆောင်ရွက်ဖို့ကိစ္စ     အထောက်အကူရရေး၊ လမ်းခရီးတစ်လျှောက် အဆင်ပြေချောမွေ့ ရေးအတွက် ဖြစ်ပါတယ်။
အဆင့်မြင့်ပညာဦးစီးဌာန    သုံးထပ် အလွှာမှာ ကျွန်တော့်ဆရာဦးကျော်မြင့်ဟာ ၁၉၇၆-၇၇ ခုနှစ်မှာ  ဒေသကောလိပ်တွေ ပေါ်ပေါက်လာပုံ၊ တိုင်းနဲ့ပြည်နယ် အချက် အခြာကျတဲ့ဒေသတွေမှာ တည်ထောင်ထား ပုံ၊ ၁၉၈၀ ပြည့်နှစ်များမှာ မိခင်တက္ကသိုလ် တွေဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်၊  မန္တလေး တက္ကသိုလ်တွေနဲ့ပေါင်းစပ်ပြီး    ပညာရေး ဝန်ကြီးဌာနက      ပြန်လည်တာဝန်ယူရပုံကို ရွှန်းရွှန်းဝေအောင်      ရှင်းပြခဲ့ပါတယ်။ တစ်နေရာမှာ  ဩစတြေးလျနိုင်ငံ   ပညာရေး အဖွဲ့ဝင်တစ်ဦးက    “Photosynthesis” နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်       ဘယ်လို ဆက်စပ်သလဲဆိုပြီး    ခနဲ့တဲ့တဲ့    မေးခွန်း မေးလိုက်တော့ ကျွန်တော့်ဆရာ   အကျပ် ရိုက်သွားပါတယ်။ ကျွန်တော့်ဆရာက အပြုံး မပျက် “You see, light is composed of energy packets”နဲ့   အစချီပြီး  ရှင်းပြ တော့တာပဲ။         နေရောင်ခြည်ကြောင့် ရေမော်လီကျူးတွေပြိုကွဲပုံ၊    ကာဗွန်ဒိုင် အောက်ဆိုဒ်နဲ့ ပေါင်းစပ်ပုံ၊ ကာဗွန်ဟိုက်ဒရိတ် ကဆီဓာတ်တွေရလာပုံ၊ ဆန်ရေစပါးအထွက် တိုးလာပုံ၊ လယ်သမား တောင်သူလယ်သမား တွေရဲ့ ဘဝမြင့်မားလာပုံ၊ “We don’t exploit man by man” ဆိုပြီး ဆရာက ရှင်းပြခဲ့ပါ တယ်။    ဒီလိုနဲ့     ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီးဒေါက်တာ ချစ်ဆွေ၊    မန္တလေးတက္ကသိုလ်        ပေါမောက္ခချုပ်       ဒေါက်တာ  ထွန်းမောင်၊   မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်ဆရာကြီး    ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်) တို့နဲ့ အော်စီပညာရေး အဖွဲ့၊    တက္ကသိုလ်အချင်းချင်းပူးပေါင်းပြီး ပညာရေးကိစ္စတွေ့ဆုံဆွေးနွေးဖို့  လိုက်ပါ ပေးခဲ့ရပါတယ်။     ကျွန်တော်တို့ရဲ့   ဆရာ ပါမောက္ခချုပ်ကြီးများဟာ သူ့နည်းသူ့ဟန်နဲ့ ဦးဆောင်ပြီး          ဆွေးနွေးခဲ့ပါတယ်။ ပါမောက္ခချုပ်  ဆရာကြီး ဦးခင်မောင်တင့် ကတော့          မော်လမြိုင်တက္ကသိုလ်ဟာ ပင်လယ်ကမ်းရိုးတန်းမှာတည်ရှိတော့  ရေချို ရေငန်မှာကြွယ်ဝတဲ့ ရေသယံဇာတကိုအခြေ ပြုပြီး အဏ္ဏဝါဇီဝသိပ္ပံတက္ကသိုလ် (Marine Institute) အဖြစ်    ပြင်ဆင်ဖွဲ့စည်းပြီး၊ ဩစတြေးလျနိုင်ငံက အလားတူတက္ကသိုလ်နဲ့ ချိတ်ဆက်         ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးချက်ကို သူတို့အားကျပုံရပါတယ်။ ဆရာကြီးဟာ   အနောက်တိုင်းဆန်ဆန် ထိုပညာရေးအဖွဲ့ညစာစားပွဲကို   ဘီယာနဲ့ ဧည့်ခံခဲ့ပါတယ်။   ကျွန်တော်တို့တစ်တွေ အားလုံးပျော်ခဲ့ရပါတယ်။ 
ကျွန်တော့်ဆရာကြီးတွေ အများအပြား ထဲက   ရန်ကုန်တက္ကသိုလ်   ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာချစ်ဆွေ၊ ပါမောက္ခချုပ် ဆရာကြီး  ဦးတင်ဦးလှိုင်တို့နဲ့   တွေ့ဆုံပြီး ဆရာကြီးများထံက     ပညာဆည်းပူးခဲ့ပုံ၊ ဆရာကြီးတို့ရဲ့ စေတနာတွေ ကိုဖော်ကျူးရင်း တိုတိုတုတ်တုတ်နဲ့ နိဂုံးချုပ်ပါ့မယ်။ 
တပည့်အပေါ်ထားတဲ့   စေတနာ
တက္ကသိုလ်    ပထမနှစ်စာမေးပွဲမှာ ကျွန်တော်တို့တပည့်ကျောင်းသားတွေ သင်္ချာ မေးခွန်းနဲ့ ပတ်သက်ပြီး လွန်စွာအခက်တွေ့ ခဲ့ရပါတယ်။ ထိုနေ့ညနေပိုင်းမှာ ဘိုင်အိုက ထိုင်မငိုရပါဘူး၊ သင်္ချာအခက်တွေ့သူ မအောင် နိုင်တော့ဘူးလို့   ခံယူပြီး၊   ထိုင်မငိုတော့ဘဲ နန်းသီတာ    အဆိုအက  ဖျော်ဖြေရေးပွဲသို့ ချီတက်သွားကြပါတယ်။ ဒီအခြေအနေသိတဲ့ ဆရာကြီးဒေါက်တာချစ်ဆွေဟာ “တပည့်တို့၊ ဆရာတို့ သင်္ချာမေးခွန်းက အတော်ခက်သွား တယ်၊ မော်ဒရေးရှင်းထိုင်စဉ်းစားပေးမယ်” ဆိုပြီး  အဆောင်နေ   ကျောင်းသားများကို စာမေးပွဲဆက်လက်ဖြေဖို့ အားပေးခဲ့ပါတယ်။ ဒီသတင်းဟာ တမူဟုတ်ချင်း ပျံ့နှံ့သွားခဲ့ပါ တယ်။ နန်းသီတာဖျော်ဖြေရေးပွဲရောက်နေတဲ့  ကျောင်းသားများကလည်း   အိမ်ပြန်၊ အဆောင်ပြန်ပြီး    နောက်နေ့အတွက်  ညလုံး ပေါက်  စာကျက်တော့တာပဲ။  ဆရာဟာ ကျောင်းသားတွေရဲ့သောကကို   အထိုက် အလျောက်   ဖြေပေးခဲ့ပါတယ်။   ရန်ကုန် တကသိုလ်   ပါမောကချုပ်  ဒေါက်တာ   ချစ်ဆွေနဲ့  ဩစတြေးလျနိုင်ငံ  ပညာရေးအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ဆရာက “ငါ့ညီ မင်းကို   အမေရိကကိုလွှတ်မယ်”  ဆိုတဲ့   တပည့်အပေါ်ထားတဲ့   စေတနာကို  နှုတ်နဲ့   ဖွင့်ဟပြောခဲ့ပါတယ်။
ရန်ကုန်တကသိုလ်က ကျွန်တော့်ဆရာ များဆိုပြီး ဖော်ညွှန်းခဲ့တဲ့ ဒေါက်တာမောင်ဒီ၊ ဓာတုဗေဒပါမောက ဆရာကြီးဦးအောင်ခင်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကျော်မြင့်၊ ဒေါက်တာ ချစ်ဆွေတို့ဟာ ရန်ကုန်တကသိုလ် နှစ်တစ်ရာပြည့်သဘင်ကို မမီရှာဘဲ ဘဝတစ်ပါးသို့ ကူးပြောင်းသွားကြပြီ ဖြစ်ပါတယ်။  ယနေ့အချိန်အခါအထိ  သက်ရှိ ထင်ရှားရှိနေတဲ့   ကျွန်တော့်ဆရာတစ်ဦး ကတော့ ပါမောကချုပ်ဆရာဦးတင်ဦးလှိုင်၊ နောက်တစ်ဦးကတော့      ဗိုလ်တထောင် ကောလိပ်ကျောင်းအုပ်ကြီးတာဝန်၊ အခြေခံနဲ့ အဆင့်မြင့်ပညာဦးစီးဌာနနှစ်ခုမှာ ညွှန်ကြား ရေးမှူးချုပ်တာဝန်နဲ့ အဆင့်မြင့်ပညာကဏ္ဍဒုတိယဝန်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့ တဲ့    ဆရာကြီးဦးမျိုးညွန့်  ဖြစ်ပါတယ်။ ကျွန်တော်  တကသိုလ်ကျောင်းသားဘဝမှာ ဆရာဦးတင်ဦးလှိုင်က ရူပဗေဒကိုသင်ပါ တယ်။ ဆရာ ဦးမျိုးညွန့်က သင်္ချာသင်ပါတယ်။
ဆရာဦးတင်ဦးလှိုင်က   ရူပဗေဒဌာန အမှောင် ချထားတဲ့    လက်တွေ့ခန်းထဲမှာ “Newton’s Ring”၊ လက်စွပ်ကွင်းကဲ့သို့ အလင်းရောင် ကွင်းဖြစ်လာပုံကို   လက်တွေ့ မြင်ရတော့ စိတ်ဝင်စားခဲ့ပါတယ်။ ဆရာဟာ  ၁၉၉၀ ပြည့်နှစ်မှာ    ရန်ကုန်တကသိုလ် ပါမောကချုပ် ဖြစ်လာပါတယ်။ ကထိကမှ တွဲဖက်ပါမောက   ရာထူးတိုးဖို့  ကျွန်တော် တို့ကြုံလာပါတယ်။    ဓာတုဗေဒနဲ့စတင်    တာထွက်ခဲ့ပါတယ်။ “မင်းတို့      ဓာတုဗေဒက   လုပ်လိုက်ရင် ဒီအတိုင်းချည်းပဲ၊   စေ့စေ့စပ်စပ် ကိုမရှိဘူး၊   ပုံစံတွေပြန်စစ်၊ သွားလိုပါသည်၊  မျဉ်းစောင်း မသွားလိုပါဆိုတဲ့နေရာမှာ  အမှန် ခြစ်ရုံနဲ့မရဘူး၊  လက်ရေးနဲ့   ကိုယ်တိုင်ရေးမှ ကွ”လို့  ဆရာက  စေတနာနဲ့ဆူပါတယ်။ နိုင်ငံရပ်ခြား  ပညာသင်ခွင့်ရတဲ့   ကျွန်တော် ဟာ  ကချင်၊   ရခိုင်၊ ရှမ်းပြည်နယ်တို့သည်   ဝေးလံခေါင်ဖျားဟု ယူဆရန်အကြောင်းမရှိ၊    လစ်လပ်သော    တွဲဖက်ပါမောက္ခရာထူး အားလုံးမှာ  သွားရောက်   တာဝန်ထမ်းဆောင် မှာဖြစ်ကြောင်း ဆန္ဒပြုခဲ့ပါတယ်။
ဆရာရဲ့ စေ့စပ်သေချာမှု၊ တပည့်များ အပေါ်မှာထားတဲ့        စေတနာကြောင့်၊ ရာထူးတိုးပြီး မြစ်ကြီးနားဒီဂရီကောလိပ်သို့ ရောက်သွားပါ တယ်။ မန္တလေးဘူတာကြီးမှာ ကျွန်တော့်ဇနီးနဲ့သမီးက        ရန်ကုန်ပြန်၊ ကျွန်တော်က  မြစ်ကြီးနားတက်၊ ဘဝသစ် ဖန်တီးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့    သုံးနှစ် ကျော်ကြာ မိသားစုနဲ့ ခွဲနေခဲ့ရပါတယ်။
“ရန်ကုန်တက္ကသိုလ်က ကျွန်တော့်ဆရာ များ”   ဆောင်းပါးကို   ဖတ်ရှုသူအပေါင်း၊ ရွှေမန်းတင်မောင်ရဲ့ ဇာတ်ပွဲများကိုကြည့်ရှု ရင်း နံနက်လင်းအားကြီးအချိန်  ရောက်လာပါ ပြီ။  ပွဲကြည့် ပရိသတ်ကြီး ငိုက်မျဉ်းနေလောက် ပါပြီ။ ထိုကဲ့သို့ပါပဲ ကျွန်တော့်ဆရာ ဆရာကြီး ဦးမျိုးညွန့်ဟာ တပည့်များ အိပ်ငိုက်လေ့ရှိ တာကို အကြောင်းပြုပြီး ကျောင်းသားများ ဘက်   မျက်နှာမူပြီး  သင်္ချာကို သင်ပေးပါ တယ်။  ဘလက်ဘုတ်  (Black Board) ကို ကျောပေးပြီး ညာဘက်လက်နဲ့ ဂဏန်းသင်္ချာ တွေကို   နောက်ပြန်   ရေးပြီးသင်တော့ ကျွန်တော်တို့ငိုက်လို့မဖြစ်၊ မျက်လုံးပြူးပြီးအာရုံစိုက်ပေမယ့်        ဆရာ့လက်ရေးက  ဖတ်လို့မရတဲ့အကြိမ်များစွာ ကြုံခဲ့ပါတယ်။ ကျွန်တော်တို့နားနဲ့ပဲ  ဆရာ့ထံက  သင်္ချာ တွေတတ်ခဲ့ပါတယ်။
ဆရာရဲ့ သင်ပုံသင်နည်း ပေါ်လွင်အောင် ဖွဲ့နွဲ့ရေးတာ  ဖြစ်ပါတယ်။   ဘလက်ဘုတ် ကျောပေးရေးတာကတော့      အမှန်ပါပဲ၊  ဆရာ့လက်ရေးဟာ ဖတ်မရလောက်အောင် မဟုတ်၊   တပည့်တွေ ဖတ်လို့ရခဲ့ပါတယ်။ ဆရာကြီး ဦးမျိုးညွန့်ဟာ ဘယ်ကာလများ ကတည်းက ကွန်ပျုတာကို လေ့လာနေလဲ ဆိုတာ  မသိသော်လဲ၊ စိန်ရတုလွန် ၁၉၉၆ ခုနှစ်လောက်က    ညွှန်ကြားရေးမှူးချုပ် ဆရာကြီး ဒေါက်တာသိမ်းမြင့်၊ ကျွန်တော်နဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစောလွင် တို့ကို ကွန်ပျူတာပညာ သင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့သုံးဦးစလုံး မအောင်မြင်တာ သိတော့ ဆရာလက်လျှော့သွားပုံရပါတယ်။ ကျွန်တော်က ၁၉၉၉ ခုနှစ်မှာ တောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ်၊     ဦးစောလွင်က ညွှန်ကြားရေးမှူးချုပ်   ဖြစ်လာပါတယ်။   ဆရာကြီး ဦးမျိုးညွန့်က  ပညာရေး  ဒုတိယ ဝန်ကြီး ဖြစ်သွားပါတယ်။
ပညာရေးလောကမှာ ဆရာကြီးဦးမျိုး ညွန့်ဟာ Workaholic ဆိုပြီး နာမည်ကြီးခဲ့ ပါတယ်။ ကွန်ပျုတာနဲ့ တွဲအိပ်သလားလို့ ထင်ရလောက်အောင် ကွန်ပျူတာကျွမ်းကျင် သူ  ဖြစ်ပါတယ်။   တက္ကသိုလ်  ကောလိပ် အသီးသီးက ကျောင်းအုပ်ကြီးနဲ့ ပါမောက္ခချုပ် အများစုဟာ  ဆရာရှေ့မှာ ကွန်ပျူတာကိုင်ပြီး အလုပ်လုပ်ဖို့ လန့်ခဲ့ကြရပါတယ်။ ဆရာဟာညွှန်ကြားရေးမှူးချုပ်သက်တမ်း၊  ဒုတိယ ဝန်ကြီးသက်တမ်း အချိန်ကြာမြင့်စွာထမ်းဆောင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးက တက္ကသိုလ် ဝင်  စာမေးပွဲတွေရဲ့ အောင်စာရင်းကို ကွန်ပျူ တာသုံးပြီး၊ ထုတ်ပြန်နိုင်အောင်  ဦးဆောင် ခဲ့တဲ့ဆရာဖြစ်ပါတယ်။   ယခုအချိန်အထိ သက်ရှိထင်ရှားရှိပြီး    ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် သဘင်ကိုမီတဲ့  ဆရာကြီးဖြစ် ပါတယ်။ ကောင်းပါပြီ၊ ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ်ချင်ပါတယ်။ 
ကျွန်တော်တို့  ရန်ကုန်တက္ကသိုလ်ကြီး ဟာ  ပြည်ထောင်စုကြီးရဲ့  အချိန်ကာလ ဒေသအရ လိုအင်တွေနဲ့ထင်ဟပ်မယ့်ခရီးကို ဆက်ကြရဦးမယ်၊  ယှဉ်ပြိုင်မှုတွေ ပြင်းထန် တဲ့ ကမ္ဘာကြီးမှာမည်သို့ မည်ပုံ မည်သို့သော နည်းနဲ့ နေထိုင်သင့်သလဲဆိုတဲ့ အဖြေကို လည်း   ရှာဖွေကြရဦးမယ်၊   နိုင်ငံတကာ  တက္ကသိုလ်တွေရဲ့   စံချိန်စံညွှန်းတွေမီဖို့လည်း ကြိုးစားအားထုတ်နေရဦးမှာဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်ရဲ့ အနာဂတ်ခရီးဟာ ပန်းပေါင်းစုံတွေဖူးပွင့်မယ့်   ဘဝဥယျာဉ်၊ သင်းပျံ့မွှေးကြိုင်မယ့်  ပညာဗိမာန်ကြီးပဲ။ ဒီခရီးမှာ တက်လှမ်းကြမယ့်၊ ကျောင်းသား လူငယ်လူရွယ်တွေ၊ သရုပ်ပြအဆင့်ကအစ၊ ပါမောက္ခချုပ်အဆင့်အထိ   တာဝန်ယူမယ့် ဆရာ  ဆရာမကြီးများ၊ ပညာသင်ဖို့ ထောက်ပံ့ ကြတဲ့  မိဘပြည်သူတစ်ရပ်လုံး၊  ပျော်ရွှင် ချမ်းမြေ့စေကြောင်း  ဆုမွန်ကောင်းတောင်း ရင်း နိဂုံးချုပ်အပ်ပါတယ်။       ။
စာရေးသူ၏ ကိုယ်ရေးအကျဉ်း
-------------------------------
 - အမည် - ဒေါက်တာ မောင်ကျော်
 - မွေးသက္ကရာဇ် ၉-၃-၁၉၄၃
 - ဇာတိ -  မလှိုင်မြို့   လယ်တာအို ကျေးရွာ
 - ပညာအရည်အချင်း- B .Sc (Hons.) (၁၉၆၅) M. Sc (၁၉၇၁)  မန္တလေး တက္ကသိုလ်  Ph. D (၁၉၇၆)
 University of Salford (England)
 ဆဲလ်ဖို့တက္ကသိုလ် အင်္ဂလန် ရန်ကုန် တက္ကသိုလ်သို့  ၁၉၆၈  ခုနှစ်တွင် ဆရာငယ်ဘဝနှင့် မဟာဘွဲ့အတွက် သုတေသနပြုကျောင်းသား ဘဝဖြင့် ၁၉၇၁ ခုနှစ်အထိ  ရှိနေခဲ့သည်။
 - လက်ထောက်ကထိက၊   ကထိက တာဝန်များကို ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနတွင် ၁၉၉၁ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။
 - မြစ်ကြီးနား ဒီဂရီကောလိပ်ကျောင်း အုပ်ကြီး 
 (၁၉၉၂-၉၄)
 - ပဲခူးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး
 (၁၉၉၄-၉၉)
 - တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်
 (၁၉၉၉-၂၀၀၅)
 ပါမောက္ခချုပ်တာဝန်မှ   အနားယူ ပြီးနောက် ရန်ကုန်တက္ကသိုလ် ဓာတု ဗေဒဌာနတွင် အချိန်ပိုင်း ပါမောက္ခ အဖြစ် ၂၀၀၅ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ပါရဂူသင်တန်းများကို    ကြီးကြပ် ခဲ့သည်။
- ယခုအခါ    ပညာရေးဝန်ကြီးဌာန၊  မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့တွင် အလုပ်အမှုဆောင် အဖွဲ့ဝင် အဖြစ်  တာဝန်ထမ်းဆောင်လျက် ရှိသည်။
မြန်မာ့အလင်း ဆောင်းပါး