ဒေါက်တာအောင်သန်းဝင်း(အရှေ့တိုင်းပညာ)
ပါဠိဘာသာသည် မြန်မာနိုင်ငံ၌ အစဉ်အလာကြီးမားသော ဘာသာရပ်တစ်ခုဖြစ်သည်။ ပါဠိဘာသာသည် ရှေးဟောင်းသုတေသနအထောက်အထားများအရ မြန်မာနိုင်ငံသို့ အေဒီအစောပိုင်းကတည်းက ရောက်ရှိလာသည်ဟု သိရသည်။ ထိုအချိန်မှစ၍ မြန်မာ့မြေပေါ်၌ ယနေ့အထိ အခြေအမြစ်ခိုင်မြဲခဲ့သော ဘာသာစကားတစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ပါဠိစာပေသင်ကြားရေးကို စိတ်ဝင်တစား အားပေးခဲ့သည်။ ယင်းသို့အားပေးခဲ့၍လည်း ယခင်က ဘုန်းတော်ကြီးကျောင်းများ၌သာ သင်ကြားခွင့်ရှိသော ပါဠိစာပေကို အစိုးရ အထက်တန်းကျောင်းများနှင့် ကောလိပ်၊ တက္ကသိုလ်များတွင် ဘာသာရပ်တစ်ခုအဖြစ် သင်ကြားရန် ပြဋ္ဌာန်းပေးခဲ့သည်။ ရလဒ်အားဖြင့် တက္ကသိုလ်ပါဠိသင်ကြားရေး ပေါ်ထွန်းခဲ့သည်။ ထို့ကြောင့် တက္ကသိုလ်ပါဠိသင်ကြားရေးသည် အစဉ်အလာကြီးမားခဲ့ပေသည်။ ယင်းသို့အစဉ်အလာ ကြီးမားခဲ့သော တက္ကသိုလ်ပါဠိစာပေသင်ကြားရေး၏ အခန်းကဏ္ဍကို သမိုင်းနောက်ခံနှင့်တကွ ဖော်ပြပါမည်။
ရန်ကုန်ကောလိပ်ပါဠိဌာန (၁၈၈၄-၁၉၂၀)
ဗြိတိသျှအစိုးရသည် သက္ကရာဇ် ၁၈၈၄-၈၅ ခုနှစ်တွင် ရန်ကုန်အထက်တန်းကျောင်းနှင့် ပူးတွဲလျက် ရန်ကုန် ကောလိပ်ကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က ရန်ကုန်ကောလိပ်သည် ရန်ကုန်ဆေးရုံကြီးရှေ့ (ယခု လသာ၊ အမှတ်-၁ အ.ထ.က)၌ ရှိသည်။ ရန်ကုန်ကောလိပ် ၏ ပထမဆုံး ကျောင်းအုပ်ကြီးမှာ အိပ်ချ်လ်ဗတ် ဖြစ်သည်။ ထိုစဉ်က ဝိဇ္ဇာဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့များအတွက် ရန်ကုန်ကောလိပ်၌ သင်ကြားပို့ချပေးသော ဘာသာရပ်ခြောက်ခုထဲတွင် ပါဠိဘာသာရပ်ပါဝင်ပေသည်။ ယင်းဘာသာရပ် ခြောက်ခု တို့မှာ အင်္ဂလိပ်စာ၊ပါဠိ၊ ဒဿနိကဗေဒ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒတို့ ဖြစ်ကြပြီး ပါဠိဘာသာရပ်ကို အခြား ဘာသာရပ်များကဲ့သို့ပင် အင်္ဂလိပ်ဘာသာဖြင့် သင်ယူရ သည်။ ရန်ကုန်ကောလိပ်၏ ပါဠိဌာနခရီးမှာ ၃၆ နှစ်တာ ကာလဖြစ်ပြီး ပါမောက္ခ လေးဦး တာဝန်ထမ်းဆောင်ခဲ့ကြောင်းတွေ့ရှိရသည်။
ပါဠိပါမောက္ခများ
ရန်ကုန်ကောလိပ်၏ အဦးအစ ပါဠိပါမောက္ခသည် ဂျာမန်အမျိုးသား ဒေါက်တာအီးဖိုးသျှမ်းမားဖြစ်သည်။ သူသည်မူလက ကျောက်စာဝန်ဖြစ်ခဲ့ပြီး ပါဠိပါမောက္ခ ဖြစ်လာသောအခါ၌လည်း မူလကျောက်စာဝန် ရာထူးကိုပါ ပူးတွဲဆောင်ရွက်ရပေသည်။ မြန်မာဓမ္မသတ်ကျမ်းကိုပြု စုသောကြောင့် “ ဂျာဒင်းဆု” ရသူလည်းဖြစ်သည်။
၁၈၈၉ ခုနှစ်တွင် ဒေါက်တာအီးဖိုးသျှမ်းမား ကွယ်လွန်သော် မစ္စတာဂျိမ်းဂရေးသည် ရန်ကုန်ကောလိပ် ပါဠိပါမောက္ခဖြစ်လာသည်။ သူသည် အင်္ဂလိပ်နှင့်ဟိန္ဒူ ကပြားဖြစ်၍ ပါဠိ ဘာသာကို တတ်ကျွမ်းရုံမျှမက အထူး စိတ်ပါဝင်စားသော သုတေသီတစ်ဦးလည်း ဖြစ်သည်။ ပါဠိဘာသာနှင့် ဗုဒ္ဓသာသနာအတွက် များစွာကျေးဇူးပြုခဲ့သူဖြစ်သည်။ သူသည် လန်ဒန်ပါဠိအသင်းကြီးနှင့် ဆက်သွယ်၍ ဘားနဒ် စာကြည့်တိုက်မှ မြန်မာပါဠိကျမ်းများကို ကူးယူပြီး လန်ဒန်သို့ပို့ပေးခဲ့သည်။ ဂျိမ်းဂရေး၏ ကျေးဇူးကြောင့်ပင် ယင်းပါဠိအသင်းကြီးမှ တည်းဖြတ်သော ပါဠိတော်များသည် မူအစောင်စောင်နှင့် ညှိနှိုင်းတိုက်ဆိုင်ကာ တည်းဖြတ်ခွင့်ရခဲ့ပေသည်။ ထို့ပြင် ဂျိမ်းဂရေးသည် ရှင်မဟာ ဗုဒ္ဓဃောသမထေရ်၏ ထေရုပ္ပတ္တိကျမ်းနှင့် ပထမရွှေကျင် ဆရာတော်ဘုရားကြီး၏ ဝိစိတြဝန္ဒနာ ဘုရားရှိခိုးကျမ်းတို့ကိုလည်း အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့သည်။
ပါမောက္ခဂျိမ်းဂရေးကို ဆက်ခံသူမှာ ပြင်သစ်လူမျိုး ဗရင်ဂျီဘုန်းကြီး ချားလ်ဒူရွိုင်ဆယ် ဖြစ်သည်။ အင်္ဂလိပ် ဘာသာဖြင့် ပါဠိသဒ္ဒါကျမ်းကို ရေးသားပြုစုခဲ့သည်။ ယင်းသဒ္ဒါကျမ်းသည် တက္ကသိုလ်ပါဠိသင်ကြားရေးတွင် ယခုတိုင် ကျေးဇူးပြုလျက်ရှိပေသည်။
၁၉၁၂ခုနှစ်၌ ပါမောက္ခဒူရွိုင်ဆယ်သည် ကျောက်စာဝန်အဖြစ်ဖြင့် မန္တလေးသို့ပြောင်းသွားသည်။ ထိုအခါ ဆရာ ကြီးဦးဖေမောင်တင်သည် ပါဠိပါမောက္ခ ဖြစ်လာပါသည်။ ထိုစဉ်က ဆရာကြီးသည် အသက် (၂၄) နှစ်သာရှိသေး၍ ဗြိတိသျှကိုလိုနီခေတ်တွင် မြန်မာလူမျိုးများထဲမှ ပထမဦးဆုံး ပါမောက္ခနှင့် ပထမဦးဆုံး တက္ကသိုလ်ကျောင်းအုပ်လည်း ဖြစ်ပါသည်။ ဆရာကြီးသည် ရန်ကုန်ကောလိပ် ပါဠိဌာန၌ ၁၉၁၂ မှ ၁၉၂ဝ အထိ (၈) နှစ်တာကာလ ပါမောက္ခတာဝန်ကို ထမ်းဆောင်ခဲ့သည်။
ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းဘာသာ စာပေလေ့လာရေးဌာန(၁၉၂၀-၁၉၄၁)
၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်သည် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့ပေါင်းစပ်လျက် တည်ထောင်ပေါက်ဖွားခဲ့ပေသည်။ ရန်ကုန်ကောလိပ်၏ ပါဠိဌာန အမွေကို ရန်ကုန်တက္ကသိုလ် က ဆက်ခံခဲ့ပေသည်။ ရန်ကုန်ကောလိပ်၏ပါဠိဌာန အမည်သည် ရန်ကုန်တက္ကသိုလ်၌ “အရှေ့တိုင်းဘာသာ စာပေ လေ့လာရေးဌာန” အမည်ဖြစ်လာပေသည်။ ယင်းဌာန၌ ပါဠိဘာသာအပါအဝင် မြန်မာစာပေနှင့် ပါရှန်ဘာသာ တို့ကိုပါ သင်ကြားပေးပါသည်။ ပါမောက္ခမှာ ဆရာကြီး ဦးဖေမောင်တင်ဖြစ်သည်။ ဆရာကြီး ဦးဖေမောင်တင်သည် ၁၉၂၀ ပြည့်နှစ်တွင် အင်္ဂလန်သို့ ပညာတော်သင်အဖြစ် သွားရောက်သောအခါ ပါဠိကထိကဆရာကြီး မစ္စတာ ကာစင်သည် ဌာနမှူးအဖြစ် ဆောင်ရွက်သည်။ ၁၉၂၄ ခုနှစ်တွင် ဆရာကြီးဦးဖေမောင်တင်သည် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာပြီး ယင်းနှစ်မှစ၍ ၁၉၃၆ ခုနှစ်အထိ ၂ နှစ်တိုင်တိုင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာစာပေ လေ့လာရေး ဌာန၏ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၃၇ ခုနှစ်တွင် ပါမောက္ခဆရာကြီး ဦးဖေမောင်တင်အား ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီးရာထူးသို့ တိုးမြှင့်ခန့်ထားလိုက်သဖြင့် အရှေ့တိုင်းဘာသာစာပေ လေ့လာရေး ဌာနသည် ပါမောက္ခ ဦးဧမောင် ကြီးမှူးသော “မြန်မာ ဘာသာဌာန” နှင့် ပါမောက္ခဆရာကာစင် ကြီးမှူးသော “ပါဠိဘာသာဌာန” ဟူ၍ နှစ်ဌာနဖြစ်လာသည်။ ပါမောက္ခ ဆရာကာစင်သည် ဒုတိယကမ္ဘာစစ်ဖြစ်ချိန် ၁၉၄၁ ခုနှစ် အထိ အရှေ့တိုင်းဘာသာစာပေ လေ့လာရေးဌာန၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ရန်ကုန်တက္ကသိုလ်ပါဠိ ဌာန (၁၉၄၆-၁၉၇၀)
ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၄၆ ခုနှစ်တွင် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်သောအခါ ယခင် “အရှေ့ တိုင်းဘာသာစာပေ လေ့လာရေးဌာန” သည် “ပါဠိ” ဌာန ဖြစ်လာသည်။ ပါဠိဌာန၏ ပါမောက္ခသည် ဆရာကြီး ကာစင် ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် ဆရာကြီးကာစင် အငြိမ်းစားယူသောအခါ ဆရာကြီးဦးလှအောင်သည် ပါမောက္ခတာဝန်ကို ထမ်းဆောင်ပါသည်။ သက္ကတ၊ ပါကတ စသည့်ဘာသာရပ်များကို သင်ကြားပေးရန် အိန္ဒိယနိုင်ငံမှ ကန်ထရိုက်စနစ်ဖြင့် ခေါ်ယူခဲ့ရာ ၁၉၄၈ ခုနှစ်တွင် မစ္စတာဒီဂူဟာသည် ပါဠိဌာန ၌ တာဝန်ထမ်းဆောင်ပါသည်။ ၁၉၅၁ ခုနှစ်တွင် ပါမောက္ခ ဦးလှအောင် ကွယ်လွန်သောအခါ ဆရာကြီး ဦးအောင်သန်းသည် ပါမောက္ခတာဝန်ကို ထမ်းဆောင်ပါသည်။ ၁၉၅၆ ခုနှစ်တွင် ပါမောက္ခ ဦးအောင်သန်း အငြိမ်းစားယူသောအခါ ကထိကဦးတင်လွင်သည် ဌာနမှူးဖြစ်လာပါသည်။ ထို့နောက် ဆရာကြီးဦးတင်လွင်သည် ပါမောက္ခအဖြစ်သို့ ရာထူး တိုးမြှင့်ခံရပြီး မန္တလေးတက္ကသိုလ် ပါဠိဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ပါသည်။ ထိုအခါ ကထိက ဒေါ်ခင်သိန်းသည် ရန်ကုန်တက္ကသိုလ် ပါဠိဌာန၏ ဌာနမှူးဖြစ်လာသည်။
ဗုဒ္ဓကျမ်းစာဌာန
ပါဠိဌာနအကြောင်းဖေါ်ပြလျှင် ဗုဒ္ဓကျမ်းစာဌာန အကြောင်းလည်း ဖေါ်ပြမှပြည့်စုံပေမည်။ ရန်ကုန်တက္ကသိုလ် ပညာရေးအဖွဲ့ ၁၉၅၁ ခုနှစ်၏ ဆုံးဖြတ်ချက်အရ ပါဠိဌာနနှင့်တွဲဖက်၍ ဗုဒ္ဓကျမ်းစာဌာနကို ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၅၂ ခုနှစ်မှစ၍ ဗုဒ္ဓအဘိဓမ္မာကို ရန်ကုန်တက္ကသိုလ်၌ ဘာသာရပ်တစ်ခုအဖြစ် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ယင်းနှစ်တွင် အင်္ဂလန်မှ ဆရာတော် ဦးသေဠိလကြွရောက်လာပြီး ဗုဒ္ဓအဘိဓမ္မာကို သင်ကြားပေးသည်။ ဗုဒ္ဓကျမ်းစာဌာနကို ပါဠိပါမောက္ခ ဦးအောင်သန်းနှင့် မြန်မာစာပါမောက္ခ ဦးဧမောင်တို့ နှစ်ဦးက တွဲဖက်၍ တာဝန်ယူရပါသည်။ ဗုဒ္ဓ၊ ဓမ္မအစစ်အမှန်ကို သိရှိနားလည်စေရန်နှင့် အထက်တန်း ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ရောက်ရှိနိုင်ရန် ရည်ရွယ်သင်ကြား ခြင်းဖြစ်သည်။
အရှေ့တိုင်းပညာဌာန(၁၉၇၂)
၁၉၅၆ ခုနှစ် ပါမောက္ခဆရာကြီး ဦးအောင်သန်း အငြိမ်းစားယူပြီးနောက် ထိုနှစ်တွင် ပါဠိကို မန္တလေးဝိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ်တွင်သာ အထူးပြုဘာသာရပ်အဖြစ် ဆက်လက်ထားရှိပြီး ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင်မူ မြန်မာစာအထူးပြု ကျောင်းသားများအား အထောက်အကူပြု ဘာသာရပ်အဖြစ်နှင့်သာ သင်ကြားခွင့်ရရှိခဲ့ပါသည်။ ထို့ကြောင့် ပါဠိဌာန၌ ပါမောက္ခ မရှိမှု၍ ကထိက ဌာနမှူးသာ ထားရှိပါသည်။ သို့သော် ရန်ကုန်တက္ကသိုလ် ပါဠိဌာနကို ၁၉၇၂ ခုနှစ်မှစ၍ “အရှေ့ တိုင်းပညာဌာန” ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
တက္ကသိုလ်စာပေးစာယူသင်တန်းများနှင့် အရှေ့တိုင်းပညာ
၁၉၇၅-၁၉၇၆ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ်ကိုဗဟိုပြု၍ တက္ကသိုလ်စာပေးစာယူ သင်တန်း ဖွင့်လှစ်ခဲ့သည်။ စာပေးစာယူ မြန်မာစာ အထူးပြု ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသားများသည် ပါဠိကို သာမန်ဘာသာအဖြစ် သင်ယူကြရသည်။ တတိယနှစ်၊ စတုတ္ထနှစ် သင်တန်းများတွင်မူ အရှေ့တိုင်း ယဉ်ကျေးမှု ဘာသာရပ်ဟူသော သင်ရိုးကို သင်ပေးသည်။ ထိုသင်ရိုးကို မြန်မာစာ အထူးပြုကျောင်းသားများသာမက သမိုင်းအထူးပြု ကျောင်းသားများလည်း သင်ယူသင့်ကြောင်းကို ဌာနမှူးဒေါ်ခင်သိန်းက အကြောင်းအကျိုး ခိုင်ခိုင်လုံလုံနှင့် တင်ပြနိုင်ခြင်းကြောင့် ထိုစဉ်က သမိုင်းပါမောက္ခ ဆရာကြီး ဦးတင်အုန်းက စာပေးစာယူသမိုင်း ကျောင်းသားများအား တတိယနှစ်တွင် အရှေ့တိုင်းယဉ်ကျေးမှု ဘာသာရပ်ကို သင်ယူစေပါသည်။
ယနေ့အရှေ့တိုင်းပညာဘာသာရပ်
၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် တက္ကသိုလ်များကို မြန်မာပြည်အနှံ့ တိုးချဲ့ ဖွင့်လှစ်လာကြသည်။ အချို့ ဒီဂရီကောလိပ်များသည်လည်း တက္ကသိုလ်အဖြစ် တိုးမြှင့်ကာ ဖွင့်လှစ်လာကြပါသည်။ ထို့ကြောင့် မြန်မာပြည် တစ်ဝန်း တက္ကသိုလ်များ များပြားလာပါသည်။ နိုင်ငံအနှံ့ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် များတွင် အရှေ့တိုင်းပညာ (ပါဠိ) အထူးပြုဘာသာရပ်ကိုလည်း သင်ကြား သင်ယူခွင့်ပြု ထားပါသည်။ ထို့ကြောင့် အရှေ့တိုင်းပညာ(ပါဠိ) အထူးပြုကျောင်းသူ၊ ကျောင်းသားများသည် မြန်မာပြည်အနှံ့ တက္ကသိုလ်တိုင်းတွင် ရှိနေပါသည်။
အစဉ်အလာကြီးမားသော အရှေ့တိုင်းပညာ(ပါဠိ) အထူးပြုဖြင့် ဂျာမန်အမျိုးသမီး (မြန်မာ အမည်) မဥမ္မာသည် ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က မန္တလေးတက္ကသိုလ်သို့ လာရောက် ပညာသင်ကြားပြီး မဟာဝိဇ္ဇာဘွဲ့ကြီးကို ထိုက်ထိုက်တန်တန် ရရှိသွားပါသည်။ ထို့အတူ ၂၀၁၉ ပညာသင်နှစ်ကလည်း အီတလီနိုင်ငံသား Mr. Luca Capriotti သည် သူ၏ Ph.D ကျမ်းအတွက် မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာဌာနတွင် ဗုဒ္ဓအနုပညာဆိုင်ရာစာပေများကိုလေ့လာသင်ယူပြီး စာတမ်းရေးသားသွား ပါသည်။ ကိုရီးယားကျောင်းသူ ချွဲဂျယ်အီ လဝန်းချိုသည်လည်း ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနတွင် ပါရဂူ (PhD) တန်း တက်ရောက်လျက်ရှိရာ ပါရဂူအကြို တန်းအောင်မြင်ပြီး ယခုအခါပါရဂူ ကျမ်းပြု (ပထမနှစ်) သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့်အရှေ့တိုင်းပညာ (ပါဠိ) ဘာသာရပ်သည် နိုင်ငံရပ်ခြားကျောင်းသား၊ ကျောင်းသူများအား ပါရဂူဘွဲ့ ပေးနေသည့် ဘာသာရပ်ဖြစ်၍ မြန်မာနိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားဖွယ် ကောင်းလှပေသည်။
အရှေ့တိုင်းပညာ (ပါဠိ) အထူးပြု ဘာသာရပ်သည်ရန်ကုန်တက္ကသိုလ် မပေါ်ပေါက်မီ ၁၈၈၄ ခုနှစ်ကတည်းက ရန်ကုန်ကောလိပ်တွင် စတင်ဖွင့်လှစ်သင်ကြားလာရာ ယခုဆိုလျှင် နှစ်ပေါင်း (၁၃၆) နှစ်ပြည့်ပြီဖြစ်သည်။ အရှေ့တိုင်းပညာ(ပါဠိ) ဘာသာရပ်သည် ပါဠိဘာသာ၊ ပါဠိစာပေ၊ သက္ကတဘာသာ၊ သက္ကတစာပေ၊ ပါကတဘာသာ၊ ပါကတစာပေတို့ကို အဓိကသင်ကြားပေးသည်။ အထောက်အကူပြု ဘာသာရပ်များအား အရှေ့တောင်အာရှ နိုင်ငံများသို့ ဗုဒ္ဓသာသနာရောက်ရှိလာပုံ၊ ပျံ့နှံ့ပုံ၊ ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များ၊ သင်္ဂါယနာတင်ပွဲများ၊ အသောက ကျောက်စာများ၊ မြန်မာကျောက်စာများ၊ ကမ္ပည်းစာများ၊ ဗုဒ္ဓဒဿန၊ ဘာသာဗေဒနိရုတ္တိနည်းများ၊ လောကနီတိ၊ ဓမ္မပဒ၊ ၅၅၀ နိပါတ်တော် ကောက်နုတ်ချက်များ၊ ပါဠိဘာသာက မြန်မာဘာသာ ကျေးဇူးပြုပုံ၊ လူမှုဘဝ ပေါင်းသင်းဆက်ဆံရေးနည်းလမ်းများ၊ လူငယ်စာရိတ္တ မြင့်မားရေး၊ ကိုယ်ကျင့်တရားဆိုင်ရာဆောင်ရန်၊ ရှောင်ရန် ကျင့်ဝတ်များ စသည် တို့ကို သင်ကြားပို့ချပေးပါသည်။ ။
ထို့ပြင် နိုင်ငံခြားသားများစိတ်ဝင်စားသော ဘုရား၊ ပုထိုး၊ စေတီများကို ဗုဒ္ဓ အနုပညာ လက်ရာများ၊ဗိသုကာ ပညာများ၊ မုဒြာများကိုပါ သင်ကြားပို့ချပေးသော ဘာသာရပ်လည်းဖြစ်သည်။ ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာစာပေ၊ မြန်မာဘာသာစကားတို့၏ မူလအစရင်းမြစ်များကို သင်ကြားပို့ချပေးနေသော ဘာသာရပ်ဖြစ်၍ တက္ကသိုလ်အသီးသီးရှိ ဝိဇ္ဇာဘာသာရပ်များသည် အရှေ့တိုင်းပညာ (ပါဠိ) ဘာသာရပ်အား အထောက်အကူ ပြုဘာသာရပ်အဖြစ် (Minor) ယူသင့်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပေသည်။ ။


