ရည်းစားတစ်ဝမ်းကွဲ ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၂၁ ရက်မှစ၍ တစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည်

Heart & Soul ရုပ်ရှင်ထုတ်လုပ်ရေးမှ  ဆုမြတ်မွန်မွန်၏ ဝတ္ထုကို  ညာလက်တော်က ဇာတ်ညွှန်းရေးဖွဲ့ကာ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးသည့် ''ရည်းစား တစ်ဝမ်းကွဲ''  ရုပ်ရှင် ဇာတ်ကား အထူးပွဲကို ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ Junction City  ရုပ်ရှင်ရုံတွင် ပြသခဲ့သည်။

''ရည်းစားတစ်ဝမ်းကွဲ''  ဇာတ်ကားသည်  ပျော်ရွှင်ကြည်နူးခြင်းနှင့် ချစ်ခြင်း မေတ္တာဖွဲ့ကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်လမ်းအမျိုးအစား ဖြစ်သော်လည်း မိမိနိုင်ငံကို ချစ်မြတ်နိုးစိတ်များ မြှင့်တင်ပေးရန်၊ စစ်မှန်သော ချစ်ခြင်းမေတ္တာသည်သာ အေးချမ်း၍ သာယာချမ်းမြေ့မှုကို ပေးနိုင်ကြောင်း ဖော်ကျူးတင်ပြရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ရိုက်ကူးထားသည့်အတွက် ပရိတ်သတ်အကြိုက်တွေ့စေမည့် ဇာတ်ကားကောင်း တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားနှင့် ပတ်သက်၍ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ''ဒီကားလေးက ရိုက်ထားတာ နည်းနည်းလေးကြာနေပါပြီ။  ဒါပေမယ့် ဘယ်သူမှလည်း မကြည့်ရသေးဘူး။  မကြည့်ရသေးရင် အသစ်ပဲ။  ကျွန်တော့် ကားက အပျိုကြီးမမနဲ့ တူတယ်။  ဆွဲဆောင်မှုလည်း ရှိတယ်။  ဒီနှစ်မှ ရိုက်ပြီး ဒီနှစ်မှရုံတင်တဲ့ ကားလိုတော့ ခေတ်မမီ ပေမယ့်လည်း ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကားဖြစ်ပါတယ်လို့ ပြောချင်ပါတယ်'' ဟု ပြောသည်။

သရုပ်ဆောင် ဖွေးဖွေးက ''ဒီကားမှာက ကိုစိုင်းက  သူဌေးသား၊ ဖွေးက အိတုံ ဇာတ်ရုပ်နဲ့လေ။   စပ်စလူး တစ်ကားလုံး မျက်စိကို နောက်နေတာပဲ။ ကိုယ်ကလည်း ကိုယ့်အပိုင်း ကိုယ်လုပ်၊ ကိုစိုင်းကလည်း သူ့အပိုင်း သူလုပ်ဆိုတော့ သိပ်တော့ မညှိလိုက် ရပါဘူး'' ဟု ပြောသည်။

ရည်းစားတစ်ဝမ်းကွဲ ဇာတ်ကားတွင် လူချမ်းသာ သူဌေးသား ထည်ဝါ အဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ အိတုံအဖြစ် ဖွေးဖွေးတို့က အဓိကပါဝင် သရုပ်ဆောင်ထားပြီး မြနှင်းရည်လွင်၊ မေတ္တာ တို့နှင့်အတူ ဝါရင့် အနုပညာရှင် များစွာက အားဖြည့်ကူညီထား ကြသည်။ 

အဆိုပါ ရည်းစားတစ်ဝမ်းကွဲ ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၂၁ ရက်မှစ၍  တစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်း- သီသီမင်း/ဓာတ်ပုံ- မင်းမင်း)

ရုပ်သံဗီဒီယိုကို ရည်းစားတစ်ဝမ်းကွဲ ဖေ့စ်ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြသည်။