“ရန်သူ” ရုပ်ရှင်ဇာတ်ကား ဒီဇင်ဘာ ၁၄ ရက်မှစတင်၍ နိုင်ငံတစ်ဝန်းလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်

“ရွှေစင်ဦး”ရုပ်ရှင်ထုတ်လုပ်ရေးမှထုတ်လုပ်ပြီး ဒါရိုက်တာ မီးပွား ရိုက်ကူးထားသည့်  “ရန်သူ” ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲအဖြစ် အဆိုပါရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၆ ရက် နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ရှိ သမ္မတ အဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်မှစတင်၍ နိုင်ငံတစ်ဝန်းလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။

သရုပ်ဆောင်နေမင်းက “ဒီဇာတ်ရုပ်ကို စလုပ်ကတည်းက နည်းနည်းစိုးရိမ်မိတယ်။ ပုံမှန်အားဖြင့် ကျွန်တော်မဟုတ်တဲ့ ဇာတ်ရုပ်မျိုးဖြစ်နေတယ်။ ကျွန်တော့်ရဲ့ ပုံမှန်ရုပ်ရည်နဲ့ မိန်းကလေးနှစ်ယောက်က လိုက်ပြီးကြိုက်ရတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲဒီအတွက်ကြောင့် ငယ်အောင်ပြန်လုပ်ရတယ်။ အဝတ်အစားကစပြီး ပုံစံတွေပြောင်းခဲ့ရတယ်။ ဒီဇာတ်ရုပ်ကို ပုံဖော်ဖို့အတွက် အားလုံးက စနစ်တကျ တည်ဆောက်ခဲ့ကြရတယ်”ဟု ပြောသည်။

အဆိုပါဇာတ်ကားတွင် နေမင်း၊ ဝတ်မှုံရွှေရည်၊ နေခြည်ဦး၊ မေသန်းနု၊မေသဉ္ဇာဦး၊ သန်းသန်းစိုး၊ မိုးဝင်း၊ ဦးဝင်းမြိုင်၊ ပီယ၊ မောင်ကင်း၊ အီးတီတို့နှင့် အနုပညာရှင်များစွာပါဝင်ထားပြီး လူငယ်တို့ဘဝ အချစ်နှင့်ပတ်သက်ပြီး ရင်ခုန်မှု၊ စိန်ခေါ်မှု၊ ပြိုင်ဆိုင်မှု၊ လက်စားချေမှုတို့နှင့်အတူ သံသယစိတ်ကြောင့် ဖြစ်ပေါ်တတ်သည့် အကျိုးသက်ရောက်မှုကို စိတ်ဝင်စားဖွယ်ရိုက်ပြထားသည့် အချစ်ဇာတ်ကားဖြစ်သည်။

သရုပ်ဆောင် ဝတ်မှုံရွှေရည်က “ဒီဇာတ်ကားကတော့ တခြားဇာတ်ကားတွေနဲ့မတူတဲ့ ပြင်ဆင်မှုတွေလုပ်ခဲ့ ရတယ်။ သရုပ်ဆောင်မှုအပိုင်းတွေအပြင် မိတ်ကပ်၊ ဆံပင်၊ အဝတ်အစားကအစ သေသေချာချာလေး ပြင်ဆင်ထားတာပါ။ ပါဝင်ထားတဲ့သူတွေအားလုံးကလည်း ဇာတ်နဲ့တစ်ထေရာတည်း အံဝင်ခွင်ကျဖြစ်တယ်လို့ မြင်တယ်။ ပရိသတ်တွေအနေနဲ့ ဖျော်ဖြေရေးကားကောင်းတစ်ကား ဖြစ်မှာပါ”ဟု ပြောသည်။

သရုပ်ဆောင် နေခြည်ဦးက “ဒီကားဟာ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဆိုတော့ အမှတ်တရတွေအများကြီးပါ။ ပထမဆုံးကားဆိုပေမယ့် နေရာတစ်နေရာလည်းရပါတယ်။ တက္ကသိုလ်တက်နေတဲ့ မန္တလေးသူ တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်။ နှစ်ယောက်ဆုံကြတဲ့ အခန်းလေး တွေကိုကြိုက်တယ်။ ဒီကားထဲကလို နှစ်ယောက်ပြိုင် ကြိုက်တဲ့ဇာတ်လမ်းမျိုးက အပြင်မှာလည်းရှိမယ်လို့ ထင်ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း မြင်နေကျ သရုပ်ဆောင် ဇာတ်ကောင်စရိုက်မျိုးမဟုတ်ဘဲ ပုံစံအသစ် ဇာတ်ကောင် စရိုက်တွေကို မြင်တွေ့ရမှာပါ”ဟု ပြောသည်။

ယခုခေတ်ကာလတွင် ပရိသတ်များအနေဖြင့် ရယ်စရာရုပ်ရှင်ဇာတ်လမ်းများနှင့်သာ ကျေနပ်အားရနေရ ကြောင်း၊ လူငယ်အချစ်ဇာတ်ကားကောင်းများလည်း လိုအပ်ကြောင်း၊ ပရိသတ်များအနေဖြင့်လည်း လက်ခံရန် လိုကြောင်း ဒါရိုက်တာမီးပွားက ဆိုသည်။

အဆိုပါ ဇာတ်ကားသည် ငယ်ငယ်လေးကတည်းက အလွန်ခင်မင်ခဲ့ရတဲ့ အိမ်နီးချင်းသူငယ်ချင်း ကောင်လေး နှင့် ယောကျာ်းလေးအသွင်အပြင် ကောင်မလေးတို့ နှစ်ယောက်အကြားက စိန်ခေါ်မှုပွဲမှတစ်ဆင့် ပါဝင်ခဲ့သည့် ကောင်မလေးတို့၏ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဖြစ်သည်။ 

သတင်း- ဇော်ကြီး၊ ဓာတ်ပုံ- ဖေဇော်