Rock ဂီတအကြမ်းစားတွေနှင့် ခရစ္စမတ်ပွဲတော်ကို ကြိုဆိုကြမည့် "Rangoon Music Concert "

၁၀ ဒီဇင်ဘာ

 

HORUS ENTERTAINMENT မှစီစဉ်သည့် AGE OF RANGOON Music Concert ဟု အမည်ရသည့် တေးဂီတဖျော်ဖြေပွဲ ယခုလ ၂၅  ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီး၊ မျှော်စင်ကျွန်းတွင် ညနေ ၆ နာရီမှစတင်ကာ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

 

 

"ကျွန်တော်တို့ ရန်ကုန်မှာ လုပ်မယ်ဆိုပြီး တိုင်ပင်ကြတဲ့အခါ အစ်ကိုတစ်ယောက်လို ခင်ရတဲ့ ကိုဖော်ကာနဲ့လည်း တိုင်ပင်ကြတယ် အဓိက ဒီပွဲကိုလုပ်ရတဲ့ အကြောင်းကတော့ လက်မှတ်နဲ့ ကြည့်ရတဲ့ပွဲက အရမ်းကိုရှားသွားတယ်၊ ကျွန်တော်တို့ အဆိုတော်တွေလည်း နောက်ပိုင်းမှာ ခေတ်က အခြေအနေမကောင်းဘူး ကျပ်လာတယ်၊ အဆိုတော်တွေအတွက် ပွဲကလည်း သိပ်ပြီးမရှိတော့ဘူးဗျာ၊ အဲ့တော့ ကျွန်တော် ကိုချမ်းကို ပြောပြတယ်၊ ကျွန်တော်တို့ လူစိုက်မယ်၊ ခင်ဗျား ငွေအရင်းအနှီး စိုက်ဆိုပြီး ပြောတယ်၊ ပြီးတော့ ကျွန်တော်တို့ ကိုဝနကိုလည်းခေါ်တယ်၊ ကျွန်တော်တို့ ကိုယ့် Band နဲ့ကို ဆိုကြမယ်ဆိုတော့ သီချင်းလည်း အများဆုံး အပုဒ် ၄၀ လောက်ဆိုဖြစ်မှာပါ၊ “

 

“ကျွန်တော်အနေနဲ့ ဒီပွဲမှာ ဆိုမယ့်သီချင်းတွေက အရင်ကဆိုခဲ့တဲ့ "ပြယုဒ်" စီးရီးထဲက သီချင်းတော့ မပါလောက်ပါဘူး၊ ဘာလို့လည်းဆိုရင် အဲဒီထဲကသီချင်းတွေ ဆိုလာတာ တော်တော်လည်း ကြာပြီဆိုတော့ နည်းနည်းလည်း ငြီးငွေ့လာတော့ အခုဒီပွဲမှာ ကျွန်တော် သီချင်းသစ်လေးတွေ ဆိုမှာပါ၊ ဒါပေမယ့် ပရိသတ်ရဲ့ တောင်းဆိုမှုက ရှိလာရင်တော့ ဆိုသင့်ရင် ဆိုပေးရမှာပေါ့နော်၊ "အလွမ်းညနေ"၊ "မငိုနဲ့တော့" အဲဒီသီချင်း လေးတွေဆို မိန်းကလေး ပရိသတ်တွေ တောင်းဆိုကြတာများတယ်၊ အဲ့ဒါလေးတော့ ပြန်ပြန်ဆိုပေးရတာ မျိူးရှိပါတယ်" ဟု အဆိုတော် သာဒီးလူက ပြောသည်။

 

 

အဆိုပါပွဲသည်  ခရစ္စမတ်ညအကြမ်းစား Rock သံစဉ်တွေနှင့့် ပေါက်ကွဲမည့် "Age of Rangoon"  Rock Music ပွဲကြီးတစ်ပွဲဖြစ်ပြီး   Wanted, Wana, Thardeelu, SaiLay တို့နှင့် အတူ Guest Band အနေဖြင့် Eternal Gosh, Velocity, Iota, The Strike တို့၏ တီးခတ်မှုတွေကို နားဆင်ရမည်ဖြစ်ပြီး လက်မှတ်ကို တစ်ဦးလျှင် ငွေကျပ် တစ်သောင်းဖြင့်  myanpwel hotline: 09 445151010 သို့ ဆက်သွယ်မေးမြန်း ဝယ်ယူနိုင်ကြောင်း သိရသည်။

 

ကိုလင်း