မိတ္ထီလာ ၁၉ ဧပြီ
မိတ္ထီလာမြို့နယ် ဆွာတောကျေးရွာတွင် ကျေးရွာဒေသခံများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် လူထုအခြေပြုခရီးသွားလုပ်ငန်းကို အက်ရှင်အေ့ဒ်မြန်မာ (မိတ္ထီလာ)က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လူထုအခြေပြုခရီးသွားလုပ်ငန်းကို ၂၀၁၈ ဒီဇင်ဘာတွင် စမ်းသပ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ဇန်နဝါရီတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ စမ်းသပ်ဆောင်ရွက်သည့် ဒီဇင်ဘာလမှ ၂၀၁၉ ဧပြီ ၁၈ ရက်နေ့အတွင်း ခရီးစဉ် ၇ ကြိမ်လာရောက်ခဲ့ပြီး နိုင်ငံခြားခရီးသွားဧည့်သည် စုစုပေါင်း ၈၅ ဦး လာရောက်လည်ပတ်လေ့လာခဲ့ပြီး ဖြစ်သည်။ ဆွာတောကျေးရွာသို့ လာရောက်လေ့လာလည်ပတ်သည့် နိုင်ငံခြားခရီးသွားဧည့်သည်များထဲတွင် အိန္ဒိယ၊ တရုတ်၊ ကမ္ဘောဒီးယား၊ အင်္ဂလန်၊ အမေရိကန်၊ ဒိန်းမတ်၊ အီတလီ၊ သြစေတးလျ၊ နယ်သာလန် နိုင်ငံများမှ နိုင်ငံခြားခရီးသွားဧည့်သည်များ ပါဝင်သည်။ တစ်နှစ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ခရီးစဉ် ၁၀ ကြိမ်မှနေ့ ၁၅ ကြိမ်ခန့်အထိ ဆွာတောကျေးရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းကို လာရောက်နိုင်ဖို့ခန့်မှန်းကြောင်း သိရသည်။
လာရောက်လည်ပတ်သူတွေအနေနဲ့ ကျေးရွာမှာရှိတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ၊ ဒေသထွက်ကုန်တွေ၊ လူနေမှုဓလေ့ထုံးစံတွေကို အချိန်တစ်နာရီကနေ နှစ်နာရီခန့်ကြာမြင့်အောင် လေ့လာနိုင်မှာဖြစ်ပြီး ဒေသလက်ရာ ထမင်းဟင်းတစ်နပ်စာ သုံးဆောင်နိုင်အောင် စီစဉ်ပေးထားပါတယ်။
ဆွာတောကျေးရွာကို လာရောက်လည်တဲ့ နိုင်ငံခြားခရီးဧည့်သည်အများစုက အသက်အရွယ်စုံပါပေမယ့် အများစုက အသက်အရွယ်ကြီးတဲ့သူ များပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေကို လည်ပတ် ရောက်ရှိဖူးပေမယ့် အညာဒေသခံ ကျေးလက်အတွေ့အကြုံတွေကို ထိတွေ့ခံစားရလို့ ဝမ်းသာပျော်ရွှင်ကြတယ်။ ပြီးတော့ ကျေးရွာမှာ လက်ရှိဆောင်ရွက်နေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းခွင်တွေကို လေ့လာပြီး သူတို့နိုင်ငံတွေမှာ ဘယ်လိုမွေးမြူစိုက်ပျိုးတယ်ဆိုတာ ပြန်လည်မျှဝေပေးတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုဆောင်ရွက် သင့်တယ်ဆိုတာမျိုး အကြံပြုပေးတာမျိုးလည်းရှိပါတယ်ဟု အက်ရှင်အေ့ဒ်မြန်မာ(မိတ္ထီလာ)မှ အစီအစဉ်အရာရှိ ဦးတိုးတိုးက ရှင်းပြခဲ့သည်။
အညာကျေးလက်ဒေသ၏ ရနံ့မြင်ကွင်းများတည်ရှိပြီး လူထုအခြေပြုခရီးသွားလုပ်ငန်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်နေသော မိတ္ထီလာ ဆွာတောကျေးရွာဒေသရှိ မြင်ကွင်းတစ်ချို့ကို မှတ်တမ်းတင် ဖော်ပြလိုက်ပါသည်။
ချမ်းသာ (မိတ္ထီလာ)


