mdn

သတင်းဆောင်းပါး - သိပ္ပံစာရေးဆရာကိုကိုအောင်

 

မြန်မာ့အမြောက်သေနတ်စက်ရုံ

 

အခက်အခဲအမျိုးမျိုးကြားက တည်ထောင်ခဲ့ရသော ရတနာပုံခေတ်စက်ရုံများအနက် အမြောက်သေနတ်စက်ရုံ များမှာ မျှော်မှန်းသည့်အတိုင်း အောင်မြင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ရတနာပုံနေပြည်တော်၌ အမြောက် သေနတ်စက်ရုံ လေးရုံရှိခဲ့ရာတွင် နှစ်ရုံကို နန်းမြို့တွင်း၌ တည်ထားပြီး ကျန်နှစ်ရုံကိုမူ မြို့မြောက်ပြင် အမရစံခေါင် ရပ်ရွှေတချောင်း ကမ်းပါး၌လည်းကောင်း၊ မြို့ အနောက် ပြင်ရှိ သင်္ဂဇာချောင်းကမ်းပါး၌လည်းကောင်း တည်ထား ခဲ့သည်။

 

မြောက်ပြင် အမရစံခေါင်ရပ်ရှိ အမြောက်သေနတ် စက်ရုံတွင် မြေပုံလုပ်သည့်ဌာန၊ ပွတ်စက်၊ ရွေပေါ်စက်၊ ဖောက်စက်အမျိုးမျိုး၊ သံရည်ကျိုစက်တို့နှင့်အတူ မီးအိုးကြီး၌ မီးတံခါးတပ်ဆင်လျက် ပြည့်စုံစွာရှိသည်။ ယမ်း တောင့်ထိုး အမြောက်အမျိုးမျိုးနှင့် ရေမြှုပ်ဗုံး အမျိုးမျိုးတို့ကိုလည်း ကောင်းစွာထုတ်လုပ်နိုင်ခဲ့သည်။ သေနတ် လုပ်သည့် စက်ရုံ၌လည်း သေနတ်ပြောင်းဖောက်သော တွင်စက်၊ သွေးစက်၊ နောက်ပိတ်၊ တောကာ၊ ဗာလီကွေး၊  ထိုးတံစသော ပစ္စည်းကိရိယာများလုပ်သောစက်၊ လှံစွပ်လုပ်သောစက်နှင့် သေနတ်တပ်ဆင် အချောကိုင်သော စက်များ၊ ပွတ်စက်များ စသည်တို့ အပြည့်အစုံရှိခဲ့သည်။

 

သေနတ်စက်ရုံမှ ရက်သတ္တတစ်ပတ်လျှင် သေနတ် ၂၀၀၀ ပြီးအောင် ထုတ်လုပ်နိုင်စွမ်းရှိသည်။ အမြောက်သေနတ် စက်ရုံတို့တွင်ရှိသော စက်များနှင့် စက်ပစ္စည်းကိရိယာ များမှာ အင်္ဂလန်၊ ပြင်သစ်၊ အီတလီနှင့် ဆွစ်ဇာလန် နိုင်ငံလုပ်များ ဖြစ်ကြသည်။ အိမ်ရှေ့မင်းသား နတ်ရွာမစံမီကပင် အမြောက် သေနတ်စက်ရုံများမှ အမြောက် သေနတ်များ တွင်ကျယ်စွာ ထုတ်လုပ်နေခဲ့ကြပြီဖြစ်သည်။ အိမ်ရှေ့မင်းသား နတ်ရွာစံပြီး နောက်ပိုင်း၌လည်း လုပ်ငန်းများက ကျဆင်း သွားခြင်းမရှိဘဲသီပေါမင်းလက်ထက်ထိတိုင် ဆက်လက်အောင်မြင်ခဲ့သည်။ အောက်စက်ရုံမှ ယမ်းတောင့်ထိုး ကျည်မွှေအမြောက်ကြီးငယ်များ၊ နှစ်ချက်ဖောက် ၁၂ ချက်ထွက် နောက်ထိုး ကျည်မွှေအမြောက်ကြီးများ၊ တစ်ပေါင်ကျည်ဝင် အမြောက်ငယ်များ၊ ဆုံလည်အက် များကို ထုတ်လုပ်ခဲ့သည်။

 

သေနတ်စက်ရုံမှ နောက်ထိုးသေနတ်များ၊ နောက်ထိုး ခါးချိုးသေနတ်များ၊ တူမီးသေနတ်များ၊ ဓားနှင့် လှံများကို ထုတ်လုပ်ခဲ့သည်။ သေနတ်အဟောင်းများကို ခေတ်မီ နောက်ထိုးသေနတ်ဖြစ်အောင် ပြုပြင်ထုတ်လုပ်ခြင်းများ လည်း ရှိခဲ့သည်။ ထို့ပြင် စနိုက်ဒါရိုင်ဖယ်နှင့် ဂက်တလင် ဂန်းများကိုပင် စမ်းသပ်လုပ်ဆောင်ခဲ့ကြသည်။

 

အမြောက်သေနတ်စက်ရုံ လေးရုံတွင် နိုင်ငံခြားမှ ပညာသင်ယူတတ်မြောက်လာခဲ့ကြသော မြန်မာလူငယ်များက ဦးစီးလုပ်ဆောင်ခဲ့သည်။ ဖို့ဒ်ဝီလျံနှင့် ကော့စီပူရ် ပညာတော်သင်လူငယ် ၂၀ အနက် အချို့က ပုံဆွဲပညာ၊ လက်သမားပညာ၊ သွန်းပုံပြုလုပ်ခြင်းပညာ၊သံနှင့် ကြေး တို့ကို အရည်ကျိုခြင်းနှင့်သွန်းခြင်းပညာတို့ကိုလက်တွေ့ တတ်မြောက်ခဲ့ကြသည်။ အချို့က ပန်းပဲပညာနှင့် စက် ကိရိယာများ တပ်ဆင်ခြင်းပညာကို တတ်မြောက်ခဲ့ပြီး အချို့ကမူအင်ဖီးလ်ရိုင်ဖယ်ကို အပြီးတိုင်လုပ်တတ်ကြကာ မောင်းခလုတ်နှင့်ဆိုင်သည့် အစိတ်အပိုင်းများကို လုပ်နိုင် ဖြတ်နိုင်နိုင်သည့်အပြင် သတ္တုကိုမအောင်ဆေးကြော ခြင်းစသည်တို့ကိုလည်း တတ်မြောက်ခဲ့ကြသည်။

 

အင်္ဂလန်နိုင်ငံ ဗူးလ်ဝိခ်လက်နက်တိုက်၌ အမြောက် သေနတ်နှင့်လက်နက်ခဲယမ်းများ ပြုလုပ်နည်းကို သင်ယူ တတ်မြောက်လာခဲ့ကြသော မောင်မဲ့၊ မောင်တရုတ်ဖြူ တို့နှင့် အထက်ဖော်ပြပါ လူငယ် ၂၀တို့သည် အမြောက် သေနတ် စက်ရုံများတွင် တာဝန်ယူ ထမ်းရွက်ခဲ့ကြလိမ့် မည်ဟု ယူဆရသည်။မြန်မအတတ်ပညာရှင်များနှင့်အတူ နိုင်ငံခြားသား အမြောက်ပညာရှင် မစ္စတာဂလပ်စ်နှင့် အီတာလျံလူမျိုး စကာလာဆိုသူ သေနတ်ပညာရှင်တို့ လည်း ရှိခဲ့ကြသည်။

 

မြန်မာ့သံစက်ရုံ

 

မန္တလေးမြို့ အနောက်မျက်နှာ ပုဏ္ဏားကုန်းသုသာန် အနောက်မြောက်ယွန်းယွန်း လွှစက်အနီး၌ သံစက်ရုံကို တည်ထားခဲ့သည်။ ထိုသံစက်ရုံတွင် ပန်းပဲစက်၊ သတ္တု သွန်းစက်၊ သံရည်ကျိုစက်၊ ဘွိုင်လာလုပ်စက် စသည့် စက်များကို စုပေါင်းထားပြီး စုစုပေါင်းစက်ရုံ ငါးရုံရှိကာ ထိုစက်ရုံကို သံချက်ဝန်ဦးမြူက ကြီးကြပ်ရသည်။ စက် ပစ္စည်း ကိရိယာများမှာ ခေတ်မီပစ္စည်း အကောင်းစားများ ဖြစ်ကြပြီး အင်္ဂလန်နှင့် ပြင်သစ်ရှိ ပထမတန်း ကုမ္ပဏီကြီး များမှ ထုတ်လုပ်ထားသော စက်နှင့် စက်ကိရိယာများ ဖြစ်ကြသည်။ ထိုစက်ရုံအတွင်းမှ တန်ချိန် ၆၀ရှိတူစက် ကြီးမှာ ဂလပ်စကိုမြို့ ဂလင်းအင်ရော့စ်ကုမ္ပဏီက ၁၈၆၈ ခုနှစ်တွင် ထုတ်လုပ်ပေးသောစက်(အမှတ် ၃၆၃)ဖြစ်ပြီး အာရှတိုက်တစ်တိုက်လုံးတွင် အကြီးဆုံးစက် ဖြစ်နိုင် သည်ဟု ဆိုကြသည်။ ကျန်စက်များမှာလည်း Craven Brothers, Berry and Sons, Bouhey Paris, Gerard Paris, Smith, Peacook and Tannet, Leeds, Joseph Harley, Manchester, Dundas Scotland, Smith Glasgow, Fleming and Co., ကုမ္ပဏီများမှ ထုတ်လုပ်သော စက်များ၊ စက်ကိရိယာများ ဖြစ်ကြသည်။

 

အမြောက်သေနတ်စက်ရုံနှင့် သံစက်ရုံများအတွက် လိုအပ်သော သံနှင့် ကျောက်မီးသွေးကို နိုင်ငံခြားမှ ဝယ်ယူခဲ့သည်။ အထက်မြန်မာနိုင်ငံ နယ်အရပ်ရပ်ရှိ သံခွန်ထမ်းမြို့ရွာများမှ ဆက်သွင်းသော သံများလည်း ရှိခဲ့သည်။ ပုပ္ပားတောင်ခြေမှ သံရိုင်းထွက်ပြီး ကလေးနှင့် သင်းကဘောတို့မှ ကျောက်မီးသွေးထွက်ရှိသည်။ခေတ်မီ နည်းများ၊ စက်ကိရိယာများဖြင့် စနစ်တကျတူးဖော်နိုင်ရန် လိုအပ်သောကြောင့် မြန်မာဘုရင်က နိုင်ငံတော်သို့လာ ရောက်သော အမ်ဂျီန်ဆင်နှင့်ဆိုသူသတ္တုတူးဖော် ရေး အင်ဂျင်နီယာနှစ်ဦးအား လခကြေးငွေ အမြောက် အမြားပေးလျက်သတ္တုတူးဖော်သည့် စက်ကိရိယာများကို အပြည့်အစုံ ဝယ်ယူစေပြီး အထက်မြန်မာနိုင်ငံတစ်ဝန်း တွင် သံနှင့် ကျောက်မီးသွေးကို ရှာဖွေတူးဖော်စေ ခဲ့သည်။

 

ရတနာပုံခေတ် စက်ရုံကြီးငယ်များထဲတွင် စစ်ကိုင်း ဘက်ကမ်း၌ တည်ဆောက်ခဲ့သော သံရည်ကျိုစက်ကြီး (စစ်ကိုင်းသံဖိုရုံ)သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ စစ်ကိုင်း ရွှေတောင်ဦးမော်ရပ်တွင် သံဖိုရုံကြီးကို တည် ဆောက်ရန်အတွက် ၁၈၇၄ ခုနှစ် ဇွန်လခန့်က အုတ်မြစ်ချ ခဲ့သည်။

 

စက်ရုံအတွက် လိုအပ်သော စက်နှင့် စက်ပစ္စည်း ကိရိယာများ၊ စက်မှုအတတ်ပညာရှင်များ ရယူရေးကို ၁၈၇၀ ပြည့်နှစ်ကပင်ဒေါက်တာကာလီမန်ဝီလျံအား စာချုပ် ချုပ်ဆိုကာ တာဝန်ပေးအပ်ခဲ့သည်။ စာချုပ်ပါကတိကတ် အရ ကလီမန်ဝီလျံသည် စက်ကြီးကို အဖိုးငွေ သုံးသိန်း ရှစ်သောင်းဖြင့် အပြီးအငြိမ်း ဝယ်ယူတင်ပို့ပေးရမည်ဖြစ် သည်။ သို့ရာတွင် ၁၈၇၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်ကျမှ သံဖိုစက်ကြီး၏ အောက်ခံကိရိယာ တန် ၅၀ ခန့်ကို ပထမဆုံးအကြိမ်အဖြစ် လီဗာပူးမြို့မှတင်ပို့ပေးခဲ့သည်။ ၁၈၇၈ ခုနှစ်အထိ စက်နှင့် စက်ပစ္စည်းကိရိယာများကို အပြည့်အစုံ မရရှိခဲ့သေးပေ။ ဤတွင် ကတိပျက်ကွက် မှုဖြင့် နှစ်ဦးနှစ်ဖက်ပြောဆိုဖြေရှင်းမှုများ လုပ်ကြရတော့ သည်။ ကလီမန်ဝီလျံက မြန်မာဘုရင်ထံမှ ငွေများရရန် ကျန်သည်ဟု တောင်းဆိုခဲ့သည်။ စက်ကြီး တည်ဆောက် ၊ ပြီးစီးရေးကို အဓိကရှေးရှုခဲ့သော မြန်မာဘုရင်က ၁၈၇၅ ခုနှစ်တွင် ငွေ ၆၂၀၀၀ ကျော်ကို ထပ်မံပေးခဲ့ပါလျက်နှင့် ကလီမန်ဝီလျံက ရန်ကုန်မြို့သို့ ရောက်နေပြီဖြစ်သော စက်များကို နေပြည်တော်သို့ တင်ပို့ခြင်းမပြုခဲ့ပေ။

 

ထိုပြဿနာကို ဗြိတိသျှအစိုးရ၏ ကိုယ်စားလှယ် အရေးပိုင် အိပ်ချ်တီဒန်ကင်းကစေ့စပ်ဖြေရှင်းပေးခဲ့သည်။ အမှုကို ကြားနာစစ်ဆေးနေစဉ်မှာပင် ကလီမန်ဝီလျံက အင်္ဂလန်သို့ ထွက်ခွာသွားကာ ညီဖြစ်သူ ဟောင်းဝပ် ဝီလျံအား ကိုယ်စားင်ရွက်စေခဲ့သည်။ အမှု၏အဆုံး အဖြတ်က တစ်ဖက်သတ်နိုင်လွန်းသဖြင့် မြန်မာတို့ ဘက်က များစွာနစ်နာခဲ့သည်။ ၁၈၇၈ ခုနှစ် ဇူလိုင်လ ရက်မှသာ အမှုပြီးပြတ်သဖြင့်ရန်ကုန်တွင်ရောက်နေပြီး ဖြစ်သော စက်များနှင့် စက်ပစ္စည်းကိရိယာများကို မြန်မာတို့က ရခဲ့ကြသည်။ သို့ရာတွင် စာချုပ်ပါ ကတိဝန်ခံချက် အတိုင်း အပြည့်အစုံ ရရှိခဲ့ပုံမပေါ်ပေ။ ထိုအချိန်က မင်းတုန်းမင်း နတ်ရွာစံလုနီးဖြစ်နေကာ စက်ရုံအတွက် ငှားရမ်းထားသော နိုင်ငံခြားသား အတတ်ပညာရှင်များ ကလည်း ပြန်ကုန်ကြပြီဖြစ်သည်။ ၁၈၇၈ ခုနှစ်ကုန်သည့် အထိ စက်ကြီးကို တပ်ဆင်ပြီးစီးခဲ့ပုံမပေါ်သဖြင့် အမှန် တကယ် ထုတ်လုပ်စွမ်းဆောင်နိုင်ခဲ့ခြင်း ရှိမရှိမှာ သံသယ ဖြစ်ဖွယ် ရှိနေခဲ့သည်။

 

စက်ကိုင်းသံဖိုရုံကြီးကို တည်ဆောက်ပြီးစီးခဲ့ပါက တစ်ရက်လျှင် ကျောက်မီးသွေး တန် ၁ဝဝကို သုံးစွဲကာ ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရည်မှန်းခဲ့သဖြင့် စက်ရုံ၏ အရွယ်ပမာဏနှင့် လုပ်အားကို ခန့်မှန်းနိုင်သည်။ ထိုကိစ္စကို လွယ်ကူစွာ ဖြည့်ဆည်းနိုင်ရန်အတွက် ပုပ္ပားတောင်ဝန်းကျင်မှ သံနှင့် ကျောက်မီးသွေးကို စစ်ကိုင်း သံဖိုရုံသို့ သယ်ဆောင်ပေးမည့်မီးရထားလမ်းဖောက်လုပ် ရေးကို ၁၈၇၈ ခုနှစ် ဘုတ်လက စတင် စိုင်းပြင်းခဲ့သော်လည်း ထိုလုပ်ငန်းများမှာ အကောင်အထည်ပေါ်မလာခဲ့ တော့ပေ။

 

သီပေါမင်း ပါတော်မူပြီးနောက်တွင် စက်ရုံနေရာ၌ ပစ်စလက်ခတ်ကျန်ရှိနေခဲ့သော စက်နှင့် စက်ကိရိယာ များမှာ မနည်းလှပေ။ စက်များ၊ စက်ကိရိယာများမှာ ခေတ်မီ အကောင်းစားများဖြစ်ကြပြီး အသုံးမပြုရသေး၊ မတပ်ဆင်ရသေးသော စက်နှင့် ကိရိယာများက အများစု ဖြစ်သည်။ မီးဖိုကြီးတည်ဆောက်ရန်အတွက် မီးခံအုတ် များ၊ သံပြားကြီးငယ်များ၊ ဘွိုင်လာဆောက်ရန်အတွက် သံပြားနှင့် သံပိုက်အမျိုးမျိုး၊ တူစက်များ၊ ကတ်ကြေး | စက်များ၊ မီးဖိုတံခါးများ၊ Daliam Forge & Co. က ထုတ်လုပ်သည့် အချင်း ငါးပေခွဲရှိပြီး ၃၆ ပေရှည်သော ဘဲဥပုံဘွိုင်လာအိုးကြီး ၁၂လုံး၊ လေပူပိုက်များတပ်ဆင်ပြီးသော High-Pressure Blowing Engine နှစ်လုံး၊ပစ္စည်းကိရိယာအပြည့်အစုံ တပ်ဆင်ပြီးသော Farmer of Salford Co.,ထုတ်ဝက်အူစုပ်စက်ခြောက်လုံး၊ အပြည့်အစုံ တပ်ဆင်ပြီးသော စက်ခုံနှင့် စက်ခေါင်းများ၊ မြင်း ကောင်ရေ ၆၀ အားရှိ အင်ဂျင်စက်၊ အချင်း ၂၆လက်မရှိ ဆလင်ဒါ၊ အချင်း ၁၈ လက်မရှိ Fly Wheel အသင့် တပ်ဆင်ထားသော နှစ်တန် တူကြီးနှင့် Rothwell & Co., Bolton မှထုတ်လုပ်သော တူစက် စသည်တို့ ရှိခဲ့သည်။

 

စာချုပ်ပါအတိုင်း ကတိမတည် မရိုးဖြောင့်သော နိုင်ငံခြားသားအဝယ်တော်နှင့် ကိုယ်စားလှယ်များကို အားကိုးအားထားပြုခဲ့ရမှုကြောင့် ငွေလုံးငွေရင်းပမာဏ များပြားစွာ အကုန်အကျခံ၍ ပြည့်စုံစွာဆောက်လုပ်ရန် စီစဉ်ခဲ့သော သံရည်ကျိုစက်ကြီးသည် အကျိုးတစ်စုံ တစ်ရာဖြစ်ထွန်းခဲ့ခြင်းမရှိဘဲ အလဟဿ ဆုံးရှုံးခဲ့ခြင်းမှာ သင်ခန်းစာယူဖွယ်ပင် ဖြစ်ပေတော့သည်။

 

မြန်မာ့သင်္ဘောစက်ရုံ

 

ရတနာပုံခေတ်တွင် မြန်မာနိုင်ငံသည် ပြည်ပနှင့် ဆက်သွယ်နိုင်ရန် တစ်ခုတည်းသော လမ်းပေါက်လမ်းဝ ဖြစ်သည့် ဧရာဝတီမြစ်အောက်ပိုင်းကို လက်လွှတ်ဆုံးရှုံး ရလျက်ရှိသည်။အောက်မြန်မာနိုင်ငံနှင့်ကူးသန်းသွားလာ ရောင်းဝယ်ရန် ဧရာဝတီမြစ်ကိုပင် အသုံးပြုနေရသကဲ့သို့ နေပြည်တော် ကာကွယ်ရေးအတွက်လည်း ဧရာဝတီ ရေလမ်းကြောင်းကို လုံခြုံအောင် စီမံဆောင်ရွက်ရမည် ဖြစ်သည်။ထို့ကြောင့်ပင် အိမ်ရှေ့စံကနောင်မင်းသားသည် စက်ရုံများတည်ထောင်ရန် စတင်ခဲ့စဉ်ကတည်းကပင် သင်္ဘောဝယ်ရေးနှင့်သင်္ဘောတည်ဆောက်ရန် စက်ပစ္စည်း ကိရိယာများ ဝယ်ယူရေးအတွက် ကြိုးပမ်းခဲ့သည်။ ထိုကြိုးပမ်းချက်များ၏ ရလဒ်မှာ ရွှေမြို့တော် အနောက် မျက်နှာ မြို့ကြီးပြင် ပန်းစက်တံခါးအထွက် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနဖူးတွင်သင်္ဘောစက်ရုံကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

 

မြန်မာတို့သည် လှေကြီးလှေငယ် အမျိုးမျိုးတို့ကို |တည်ဆောက်တတ်ခဲ့ကြသည်။ ၁၇ ရာစုမှ ၁၈ရာစုကာလ များအတွင်းက သန်လျင်နှင့် ရန်ကုန် ဆိပ်ကမ်းများမှ မြန်မာ့ကျွန်းသစ်ဖြင့်ဆောက်လုပ်သော သင်္ဘောကြီးငယ် များမှာ ထင်ရှားခဲ့သည်။ မော်လမြိုင်၊ သန်လျင် ရန်ကုန် တို့တွင် ပင်လယ်သွားရွက်သင်္ဘော တည်ဆောက်တတ်သူ ပညာရှင်များ ရှိခဲ့သည်။ သင်္ဘောနှင့် စက်သင်္ဘောများ တည်ဆောက်ရန်အတွက်စက်နှင့်စက်ကိရိယာများကိုသာ လိုအပ်ခဲ့သည်။

 

ရတနာပုံ သင်္ဘောစက်ရုံကို ၁၈၆၄ ခုနှစ်နှင့် ၁၈၇၀ ပြည့်နှစ်အကြားတွင် တည်ဆောက်ခဲ့သည်ဟု ခန့်မှန်းရ သည်။ ၁၈၇၂ ခုနှစ်တွင် သင်္ဘောကျင်းကို ထပ်မံတိုးချဲ့ ပြုပြင်၍ ခေတ်မီစက်ကြီးများ တပ်ဆင်ခဲ့သည်။ ထိုစဉ်က ခေတ်မီစက်နှင့် စက်ပစ္စည်းကိရိယာ အများစုမှာ စေကာ့တလန်နိုင်ငံ ဒန်ဒပ်စ်နှင့် ကလပ်စကိုမြို့ စမစ်ကုမ္ပဏီထုတ် ပစ္စည်းများ ဖြစ်ကြသည်။

 

သင်္ဘောများတည်ဆောက်ရာတွင် မော်လမြိုင်မှ ဆရာရှမ်းနှင့် နိုင်ငံခြားသား အတတ်ပညာရှင်ဖြစ်သူ နစ်ကိုလ်ဆင်တို့ကကြီးကြပ်လုပ်ဆောင်ခဲ့သည်။ နစ်ကိုလ် ဆင်၏လက်ရာဖြစ်သော ရိုးရိုး မြစ်တွင်းသွား သင်္ဘော တစ်စင်းကို ၁၈၇ဝ ပြည့်နှစ် အောက်တိုဘာ ၇ရက်တွင် စတင် ရေချနိုင်ခဲ့သည်။ အလားတူသင်္ဘောမျိုး ၁၀ စင်းကို ဆောက်လုပ်ရန် ၁၈၇၁ ခုနှစ် မတ်လက တစ်ပြိုင်တည်း ပန္နက်ရိုက် လုပ်ဆောင်ခဲ့ပြီး ထို၁ဝ စင်းအနက် နှစ်စင်းကို ၁၈၇၁ ခုနှစ် ဇွန်လတွင် ရေချခဲ့သည်။ သင်္ဘောများမှာ မြစ်တွင်းသွား မီးသင်္ဘောများဖြစ်ကြပြီး သင်္ဘောစက် များကို ဆပ်သလင်မက္ကင်ဇီကုမ္ပဏီ၊ ဒေါ်ဆင်ဆင်ပဆင် ကုမ္ပဏီနှင့် အက်ဒမန်းကုမ္ပဏီတို့က ပေးသွင်း ခဲ့သည်။ သင်္ဘော အရွယ်အစားမှာ အလျားပေ ၁၅၀ နှင့် ပေ ၁၈၀ ဖြစ်ပြီး အကျယ် ၂၄ ပေ၊ စောက် ခြောက်ပေစီ ရှိကြသည်။

 

ဆရာရှမ်း တည်ဆောက်သော သင်္ဘောကို ၁၈၇၁ ခုနှစ် ဇူလိုင်လ ၂ ရက်က ရေချခဲ့သည်။ ထုတစ်ပေရှိ တံကူ များခံပြီး ငါးလက်မပျဉ်များကိုစပ်လျက်ဆောက်လုပ်ထား ပုံမှာ အထူး သေသပ်ကောင်းမွန်လှသည်။ အမြောက် ၂၀ တပ်ဆင်နိုင်ရန် စီမံထားပြီး သဘောဦးတွင် ဓားလွတ်ကိုင် မြန်မာရဲမက်တစ်ဦး၏ ကျွန်းသားပန်းပုရုပ်လုံး လက်ရာ ကောင်း လက်ရာမွန်တစ်ခုကို တပ်ဆင်ထားကာ စစ်သုံး အဖြစ် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 

ရတနာပုံသင်္ဘောစက်ရုံ၏ ထုတ်လုပ်စွမ်းအားမှာ ၁၈၇၁ ခုနှစ်ကုန်ဆုံးချိန်တွင် တန် ၂၅၀ သင်္ဘော သုံးစင်း၊ ဆောက်လုပ်ဆဲ တန် ၂၅၀ သင်္ဘော တစ်စင်းနှင့် တန် ၂၀၀သင်္ဘော ၁၀ စင်းတို့ ဖြစ်ကြသည်။ ဆောက်လုပ်ဆဲ သင်္ဘောများကို ၁၈၇၂ နှင့် ၁၈၇၄ ခုနှစ်များအကြားတွင် ရေချနိုင်ခဲ့သည်။ ထိုနှစ်များအတွင်း အဖိုးငွေ ၁၀ သိန်း ပေးကာ အင်္ဂလန်မှဝယ်ယူခဲ့သော သံသင်္ဘော လေးစင်းကို ရတနာပုံသင်္ဘောစက်ရုံတွင်ပြုပြင်ခဲ့သည်။ ထိုသံသင်္ဘောလေးစင်းမှာ မြစ်တွင်းသွား ပဲ့ခုတ်စက်ရဟတ်တပ် မီးသင်္ဘောများဖြစ်ကြပြီး အင်ဂျင်နီယာ မစ္စတာဘိန်းကို ခေါ်ယူအမှုထမ်းစေကာ ပြုပြင်မွမ်းမံခဲ့သည်။

 

မြန်မာတို့ ဆောက်လုပ်ခဲ့သော သင်္ဘောများသည် မြစ်တွင်းသွား ရိုးရိုးသင်္ဘောများဟု ဆိုကြသော်လည်း အမြောက်၁၂ လက်မှ ၁၄ လက်အထိတပ်ဆင်နိုင်အောင် စီစဉ်ထားသည်။ တိုက်သင်္ဘောတည်ဆောက်ရန်အတွက် လည်း ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ရတနာပုံ သင်္ဘော စက်ရုံမှ စုစုပေါင်းသင်္ဘော ၁၈ စင်း ထုတ်လုပ်နိုင်ခဲ့ပေ သည်။ ။