မန္တလေး ၇  မေ

 

ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီး တည်ထောင်ခဲ့သော ရတနာပုံမ်ရွှေမြို့တော် (မန္တလေး) မြို့တည်နန်းတည် နှစ်(၁၆၀)ပြည့် အထိမ်းအမှတ်ပွဲတော်ကို မန္တလေးမြို့တွင် မေ ၂၄ ရက် မှ ၂၆ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း အဆိုပါပွဲဖြစ်မြောက်ရေး ကော်မတီ မှ အတွင်းရေးမှူး ထိပ်တင်ဝဏ္ဏစိုး က ပြောကြားသည်။

 

“ ဒီပွဲကို  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်းခွင့်ပြုပြီးဖြစ်ကြောင်း၊  မေလ ၂၄ ရက် နံနက်ပိုင်းမှာ  မြနန်းစံကျော် ရွှေနန်းတော်၊ အရှေ့စမုခ်ဆောင် သံဃာတော် (၁၀၈)ပါးတို့ ဆွမ်းဆက်ကပ်ခြင်း၊ ညနေပိုင်းတွင် မြို့တည်နန်းတည်နှစ် (၁၆၀) ပြည့် အထိမ်းအမှတ်ပွဲတော် မုခ်ဦးဖွင့်ပွဲကို ၆၆ လမ်းနှင့် ၁၂ လမ်းထောင့်ရှိ သတ္တဌာနရှေ့ ရတနာပုံမုခ်ဦးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ မေလ ၂၅ ရက်နေ့ ညနေပိုင်းတွင် သံဃာတော် အပါး(၁၆၀)တို့အား ဆွမ်းဆန်းစိမ်းလောင်းလှူခြင်း များကို ကျုံးမြောက်ဘက်ရှိ သုဓမ္မာဇရပ်တန်း တွင် ကျင်းပသွားမည် ဖြစ်ကြောင်း၊ မေလ ၂၆ ရက်နေ့  ညနေပိုင်းတွင် နှစ်(၁၆၀) ပြည့်ပွဲတော်ပိတ်ပွဲ အခမ်းအနားကို ၆၆ လမ်းနှင့် ၁၂ လမ်းထောင့်ရှိ သတ္တဌာနရှေ့ ရတနာပုံမုခ်ဦးတွင် ကျင်းပသွားမည် ဖြစ်ကြောင်း၊ ပွဲဖြစ်မြောက်ရေး အတွင်းရေးမှူး ထိပ်တင်ဝဏ္ဏစိုး က ဆက်လက် ပြောကြားသည်။

 

ပွဲတော်သုံးရက်စလုံးမှာ စန္ဒာမုနိဘုရားဝင်းတွင် ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ ပျော်ပွဲရွင်ပွဲများနှင့် ဈေးဆိုင်တန်းများ ပါဝင်ကြောင်း၊ မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင်လည်း နိုင်ငံကျော် စာရေးဆရာများနှင့် မန္တလေးမြို့ခံ စာရေး ဆရာကြီးများ၏ စာပေဟောပြောပွဲများ၊ ဓါတ်ပုံပြပွဲ/ပြိုင်ပွဲများ၊ ဆွေတော်မျိုးတော်များ ဓါတ်ပုံပြခန်းများ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲများအပြင် ကာတွန်းပုံတူရေးဆွဲခြင်းများ၊ ရုပ်သေးပွဲ၊ ခြင်းအလှပြပွဲ၊ ကျောက်ဆည် ဆင်အလှပြပွဲနှင့် စည်တော်ကြီး၊ မြို့မ၊ ခေတ်ပေါ်တီးဝိုင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

 

1

 

ရတနာပုံမ် ရွှေမြို့တော် (မန္တလေး) မြို့တည်နန်းတည် နှစ်(၁၆၀)ပြည့် အထိမ်းအမှတ်ပွဲတော်ကို  ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး သာယာစည်ပင်တိုးတက်ကာ၊ တည်ငြိမ်၊ ငြိမ်းချမ်း၊ ပျော်ရွှင်စွာ ရှိနေမှုကို နိုင်ငံတကာမှ ပိုမိုအသိအမှတ်ပြုစေရန်၊ ရှေးအစဉ်အလာမပျက် မြန်မာ့ထီးမူနန်းရာ ရိုးရာယဉ်ကျေးမှု ထွန်းကားရာ ရတနာပုံမ် (မန္တလေး) ရွှေမြို့တော်ကြီးဖြစ်သည့် အားလျော်စွာ သမိုင်းအမွေအနှစ်များကို နောင်အရှည်သဖြင့် မပျောက်မပျက် ဆက်လက် လက်ဆင့်ကမ်း သယ်ပိုးကြရန်၊ အရှေ့တောင်အာရှ (ASEAN) နိုင်ငံများ၏ ရာဇဝင်သမိုင်းကြောင်း၊ အရှည်လျားဆုံးသောဘွဲ့ကို ဆက်လက်ထိန်းသိမ်း မှတ်ကျောက်တင်ထားရှိရန်၊ ရတနာပုံမ်(မန္တလေး)သည် ရှေးယခင်မှ ယခုတိုင် သမိုင်းရာဇဝင်၊ ယဉ်ကျေးမှု၊ ဘာသာတရား၊ အဆီအနှစ်တို့ဖြင့် ပြည့်လျှံကြွယ်ဝနေမှုကို “Ecotourism’’ တို့ သိရှိလာစေပြီး၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ တိုင်းရင်းသားများအတွက် ဘက်ပေါင်းစုံမှ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် တွင်ကျယ်လာစေရန်၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှုဖြင့် ဘာသာ၊ သာသနာ၊ စာပေ၊ အနုပညာတို့ သမိုင်းအစဉ်အလာ မပျက် ထွန်းလင်းဂုဏ်ရှိန်မြင့်စေဖို့ မြန်မာနိုင်ငံတော်ဝင် အနွယ်တော်များ အစည်းအရုံး (MRDA) နှင့် ပြည်သူတို့ မခွဲအတူ ကြည်ဖြူစွာ ယှဉ်တွဲ၍ ပေါင်းစည်းညီညွှတ်ကြရန် အစရှိသော ရည်ရွယ်ချက်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)

 

1