နေပြည်တော် ၂၁ မတ်
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေရေးဆွဲနိုင်ရန်အတွက် ပြင်ဆင်သုံးသပ်ရေးနှင့် နည်းဥပဒေရေးဆွဲရေးကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြင်ဆင်သုံးသပ်ရေးနှင့် နည်းဥပဒေရေးဆွဲရေး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေရေးဆွဲနိုင်ရန်အတွက် ပြင်ဆင်သုံးသပ်ရေးနှင့် နည်းဥပဒေရေးဆွဲရေးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို မတ် ၁ ရက်က ကျင်းပခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဆောင်ရွက်ထားသည့် နည်းဥပဒေမူကြမ်း First Draft ကို သက်ဆိုင်ရာ ဌာနများအနေဖြင့် အကြံပြုဆွေးနွေးနိုင်ရန် ဖြန့်ဝေပေးခဲ့ပါကြောင်း။
နည်းဥပဒေ ပြဌာန်းပြီးမှသာ ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီ ဖွဲ့စည်းခြင်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်များ ထုတ်ပေးခြင်းနှင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အစည်းအဝေး တက်ရောက်လာကြသူများအနေဖြင့် နည်းဥပဒေမူကြမ်း First Draft နှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေး အကြံပြုစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေ ရေးဆွဲထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ဥပဒေများအကြံပြု စိစစ်ရေးဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်းတို့မှ တာဝန်ရှိသူများက နည်းဥပဒေမူကြမ်း First Draft နှင့်စပ်လျဉ်း၍ ပြင်ဆင်စေလိုသည့် အကြောင်းအရာ၊ အချက်အလက်များကို ဆွေးနွေးအကြံပြုကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးသည်။
အဆိုပါ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


