ရုပ်ရှင်ဇာတ်ကားကောင်းများ ရိုက်ကူးထုတ်လုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ထုတ်လုပ်သူ၊ ဒါရိုက်တာ နှင့် ဇာတ်ညွှန်းပညာရှင်များ၏ အတွေ့အကြုံများ

ရန်ကုန် ၂၃  စက်တင်ဘာ 

 

ရုပ်ရှင်ဇာတ်ကားကောင်းများ ရိုက်ကူးထုတ်လုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းဆိုင်ရာ(Panel Discussion on Making Good Movie: Pre-Production )  အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၅၀) ရွှေတောင်ကြားလမ်း  ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေး စင်တာ(Film Development Centre)၌ ကျင်းပခဲ့သည်။

 

ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ ဒေါ်ဆွေဇင်ထိုက်၊ ဒါရိုက်တာ ဦးဇော်မြင့်ဦး၊ ဇာတ်ညွှန်းပညာရှင် အယ်လ်မင်းပြည့်မွန်နှင့် ဒါရိုက်တာ ခရစ်စတီးနားခီ တို့အား ရုပ်ရှင်ဇာတ်ကားများရိုက်ကူးထုတ်လုပ်နိုင်ရန်အတွက် ထုတ်လုပ်သူ၊ ဇာတ်ညွှန်း၊ ဒါရိုက်တာများ၏ကြိုတင်ပြင်ဆင်ရမည့် အတွေ့အကြုံများကို  မြန်မာ့ သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

 

ဒေါ်ဆွေဇင်ထိုက်( ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင်) 

 

ရုပ်ရှင်မရိုက်ခင်မှာ ကြိုတင်ပြင်ဆင်တဲ့ကဏ္ဍ အကြီးကြီးရှိတယ်။ မြန်မာ့ရုပ်ရှင် လောကမှာ အဲဒီကဏ္ဍက မှေးမှိန်နေတယ်။ ဒါကြောင့်မို့ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဒီကဏ္ဍကို သေသေချာချာလုပ်ရမှာဖြစ်တယ်။ ဘာတွေကို ဆင်ခြင်ပြီးတော့ ဘာတွေကို တူးဖော်ပြီးတော့ ဘယ်လိုဟာတွေကို ဦးစားပေးရမလဲဆိုတာကို ဆွေးနွေးရမှာဖြစ်ပါ တယ်။ ရုပ်ရှင်ဇာတ်ကားကိုရိုက်မယ်ဆိုရင် ကျွန်မက ဇာတ်လမ်းကို အရင်တောင်း တယ်။ ပရိုဂျူဆာလုပ်ပေးမလားဆိုရင် ဇာတ်ညွှန်းကိုအရင် တောင်းတယ်။ ဇာတ်ညွှန်း မရရင် ဇာတ်လမ်းအကျဉ်းချုပ်ကို အရင်တောင်းပါတယ်။ ကြိုတင်ပြင်ဆင်မှုအတွက် ဒီဇိုင်းဆွဲပေးပါတယ်။ ဇာတ်လမ်းထဲမှာပါတဲ့အတိုင်း သွားရိုက်မယ့်ရိုက်ကွင်းနေရာတွေ၊ သရုပ်ဆောင်မယ့်စရိုက်လက္ခဏာတွေကို ကြိုတင်ပြင်ဆင်ရမယ်။  ဇာတ်ညွှန်းကို ရထား မယ်ဆိုရင် အခန်းစဉ်တွေကို ရွေးထားတယ်ဆိုရင် ရိုက်ကွင်းနေရာတွေမှာ စုလို့ရတယ်၊ တစ်နေရာက တစ်နေရာ ရွေ့လို့ရတယ်။ အဲဒီအကြောင်းတွေကို ဆွေးနွေးမှာပါ။

 

မြန်မာစကားပြောတဲ့ရုပ်ရှင်တွေကို မြန်မာစကားပြောတဲ့လူထုက ကြည့်ဖို့ဆိုပြီး ရိုက်ကြတယ်၊ ကြည့်တယ်ဆိုပြီး ကျေနပ်နေကြတယ်။ မြန်မာစကားပြောတဲ့ရုပ်ရှင် တွေကို မြန်မာစကားမပြောတဲ့သူတွေရဲ့ဈေးကွက်ထဲကိုဝင်အောင်ပို့နိုင်ဖို့ လိုပါတယ်။ မြန်မာစကားပြောတဲ့ရုပ်ရှင်တွေကို မကြည့်ဘူးဆိုတဲ့ပြည်တွင်းကလူတွေကိုလည်း ပြန်ပြီးဆွဲဆောင်နိုင်ဖို့ လိုပါတယ်။ ဒါမျိုးတွေလုပ်နိုင်မယ်ဆိုရင် ဈေးကွက်က တက်သွား မယ်လို့ထင်တယ်။ အဓိကအကြောင်းရင်းက နိုင်ငံတကာအလေ့အကျင့်ကိုလည်း သိရမယ်။ အဆင့်အတန်းရှိတဲ့ ပရိသတ်ကိုစေတနာရှိတဲ့ လေးစားတဲ့အနေနဲ့ ကောင်းတဲ့ ဇာတ်ကားတွေရိုက်ဖို့ လိုတယ်လို့ ထင်ပါတယ်။ 

 

 

ဒါရိုက်တာ ဦးဇော်မြင့်ဦး 

 

တော်တော်လေးကို ဆွေးနွေးယူရမယ့်ကိစ္စမျိုးပါ။ ရုပ်ရှင်လောကမှာ နည်းနည်းလေး အားနည်းနေတဲ့ ကြိုတင်ပြင်ဆင်မှုအပိုင်းမှာ အားလုံးစိတ်ဝင်စား လာအောင် တပ်လှန့်လိုက်တဲ့ သဘောပါပဲ။ အဲဒီတော့ကျမှ စိတ်ဝင်စားလာပြီး ဒါတွေကို ဘယ်လိုလုပ်ကြမလဲ၊ နောက်ပိုင်းမှအသေးစိတ်ကို သွားကြမယ်။ ရုပ်ရှင်မှာ ကြိုတင် ပြင်ဆင်မှုအပိုင်းက အရေးကြီးပါတယ်။ အခုခေတ်လူငယ် ဒါရိုက်တာတွေက သိနေပြီ။ သိလို့လည်း ကြိုးစားပြီး ကြိုတင်ပြင်ဆင်မှုကဏ္ဍကို အချိန်ယူတယ်။ အချို့ ဒါရိုက်တာတွေက အကြောင်းကြောင်းကြောင့် ကြိုတင်ပြင်ဆင်မှုကဏ္ဍကို ကောင်းကောင်း မလုပ်နိုင်ကြဘူး။ ဒါပေမယ့် သေချာလုပ်ခဲ့တဲ့ကားတွေရှိပါတယ်။ အဲဒီ ကားတွေက ရုံပေါ်ရောက်ရင် သိပ်သိသာပါတယ်။ ပရိသတ်သေချာပေါက် ကြိုက်ပါ တယ်။ အဓိကကတော့ လက်ရှိရုပ်ရှင်လောကမှာ လုပ်နေကြတဲ့သူတွေ ဒါလေးကို ပြန်ပြီးတော့ ခေါင်းထဲရောက်လာအောင် လုပ်စေချင်ပါတယ်။ ဒီဆွေးနွေးပွဲတွေကို လုပ်သင့်ပါတယ်ဆိုပြီး အစည်းအဝေးမှာတင်ပြပြီး လုပ်ဖြစ်တာပါ။ ဒီပွဲတွေလုပ်တာ တစ်စုံတစ်ခု အကျိုးရှိသွားမယ်ဆိုရင် ကျေနပ်ပါတယ်။ 

 

 

ဇာတ်ညွှန်းပညာရှင် အယ်လ်မင်းပြည့်မွန် 

 

ကြိုတင်ပြင်ဆင်မှုအပိုင်းမှာ ဇာတ်ညွှန်းက တော်တော်အရေးကြီးတဲ့အခန်းကဏ္ဍ ကပါဝင်ပါတယ်။ ဇာတ်ညွှန်းရေးတဲ့နေရာမှာ အရင်ခေတ်နဲ့မတူတာက အိမ်ထဲမှာနေလို့ မရဘဲ အပြင်ထွက်ပြီး ပတ်ဝန်းကျင်ကိုလေ့လာရတယ်၊ သူတို့ရဲ့အသံအစစ်တွေ၊ ခံစား မှုတွေယူရတယ်၊ အဲဒီအပေါ်မှာမှ ပြန်ပြီးပြုပြင်ပြီးပြန်လုပ်ရတာမျိုးပါ။ အဲဒါမျိုးတွေကို များများလုပ်စေချင်တယ်။ ဒါကြောင့် တက်ရောက်ဆွေးနွေးဖြစ်တာပါ။ ရုပ်ရှင် လောကမှာ ဒီထက်ပိုကောင်းတဲ့နည်းလမ်းတွေရှာပြီး  ဘာတွေလိုအပ်နေလဲ၊ ဘယ်လို လုပ်ကြရင် ကောင်းမလဲဆိုတာမျိုး သွားဖို့လိုပါတယ်။ ဒီလိုပွဲမျိုးတွေ များများလုပ်ပေးဖို့ လိုတယ်။ နောက်ထပ် ဇာတ်ညွှန်းဆွေးနွေးပွဲတွေ လုပ်သွားဖို့ရှိပါတယ်။ ဇာတ်ညွှန်းက အင်မတန်မှ အရေးကြီးတဲ့အရာဖြစ်ပါတယ်။ အရေးကြီးတာကို အရေးကြီးတဲ့အလျောက် ဆောင်ရွက်နိုင်ကြပါစေလို့ပြောချင်ပါတယ်။

 

 

ဒါရိုက်တာ ခရစ်စတီးနားခီ

 

တခြားဆွေးနွေးမယ့်သူတွေဆီက ပြောတာတွေကို နားထောင်လို့ရမယ်၊ ကိုယ်မသိသေးတာတွေရှိရင် ကိုယ့်အတွက် အကျိုးအများကြီးရှိမယ်။ ဒီလုပ်ငန်းထဲမှာပဲ နေကြတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် လုပ်ငန်းအတွေ့အကြုံတွေ မတူဘူး။ အတွေ့အကြုံတွေကို တစ်ယောက်နဲ့တစ်ယောက် ဝေမျှကြမယ်။ သူတို့ပြောတာတွေကို နားထောင်ချင်တယ်။ ကိုယ့်ဘက်က ပြောနိုင်တဲ့အရာ၊ ဝေမျှနိုင်မယ့်အရာကိုလည်း ဘယ်သူ့အတွက်ပဲ အကျိုးရှိရှိ လာဝေမျှပေးချင်ပါတယ်။  ထုတ်လုပ်မှုအပိုင်းအနေနဲ့ ကိုယ်တိုင်လည်း ရုပ်ရှင်ကားထုတ်လုပ်ပြီး ရိုက်ထားတာဖြစ်တဲ့အတွက် ဘယ်လိုနည်းနဲ့ ထုတ်လုပ်တယ်၊ ဘယ်လို သွားနေလဲ၊ ဘယ်လိုလည်ပတ်နေတယ်၊ ဘယ်လို လုပ်ကိုင်နေလဲဆိုတာကို ဝေမျှပေးမှာပါ။ ကိုယ်ပြောလိုက်တဲ့ အရာလေးက အခြား တစ်စုံတစ်ဦးတစ်ယောက်အတွက် အကျိုးရှိသွားရင် ကောင်းမယ်လို့ထင်ပါတယ်။ 

 

တွေ့ဆုံမေးမြန်း - ရီရီမြင့်

 

ဓာတ်ပုံ - ရဲထွဋ်