ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဗလာဒီမာပူတင် သောင်ပြိုကမ်းပြို အနိုင်ရရှိ

မော်စကို ၊ မတ် ၁၈

ရုရှားနိုင်ငံ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဗလာဒီမာပူတင်သည် ယမန်နေ့က ပဉ္စမသက်တမ်းအတွက် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ကြောင်း ယနေ့အန်င်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

ယခု ကျင်းပပြီးစီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲပေးခဲ့ကြသည့် နိုင်ငံသားများအားလုံးကို ကျေးဇူးတင် ရှိကြောင်းနှင့် ရွေးကောက်ပွဲ၏ ရလဒ်သည် ရုရှားနိုင်ငံ၏အင်အားဖြစ်ပြီး စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သည်ဟု ပူတင်က ပြောကြားသည်။

ရွေးကောက်ပွဲတွင် ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်လောင်း Nikolai Khari-tonov က ၄ ဒသမ ၃၁ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင်ရှိနေပြီး ရုရှားပြည်သူ့ ပါတီသစ်မှ Vladislav Davankov သည် ထောက်ခံမဲ ၃ ဒသမ ၈၃ ရာခိုင်နှုန်းရရှိကာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအကြီးအကဲ Leonid Slutsky သည် ထောက်ခံမဲ ၃ ဒသမ ၂ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ရုရှားသမ္မတ ရွေးကောက်ပွဲကို မတ် ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်ကြာကျင်းပခဲ့သည်။ ရုရှားသမ္မတ ရွေးကောက်ပွဲစည်းမျဉ်းများအရ မဲအရေအတွက် ၅၀ ရာခိုင်နှုန်းကျော်ရရှိသော ကိုယ်စားလှယ်လောင်းသည် အနိုင်ရမည် ဖြစ်သည်။

ရုရှားနိုင်ငံ၏ ယခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် မဲပေးသူအရေအတွက်သည် နိုင်ငံ၏ခေတ်သစ်သမိုင်းတွင် စံချိန် တင်ခဲ့ပြီး ၇၇ ဒသမ ၄၄ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း ရုရှားဗဟိုရွေးကောက် ပွဲကော်မရှင်အကြီးအကဲ Ella Pamfilova က ပြောကြားခဲ့သည်။

“မော်စကိုစံတော်ချိန် နံနက် ၁၀ နာရီတွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် စုစုပေါင်း ၈၇၁၁၃၁၂၇ ဦး ပါဝင် မဲပေးခဲ့သည်။ ယခုနှစ် သမ္မတရွေးကောက်ပွဲတွင် မဲပေးသူအရေအတွက်သည် ရုရှားသမ္မတ ရွေးကောက်ပွဲသမိုင်းတွင် အမြင့်ဆုံးဖြစ်ပြီး ၁၉၉၁ ခုနှစ် စံချိန်ကို ကျော်လွန်ခဲ့သည်။

တိုင်းဒေသကြီး ၂၉ ခု သို့မဟုတ် ရုရှားနိုင်ငံ၏ ဒေသသုံးပုံတစ်ပုံခန့်တွင် အီလက်ထရွန်နစ် မဲပေးရွေးချယ်မှုဖြင့် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ၂၀၁၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် မဲပေးသူ ၆၇ ဒသမ ၅၄ ရာခိုင်နှုန်းရှိပြီး ၂၀၁၂ ခုနှစ်တွင် ၆၅ ဒသမ ၃၄ ရာခိုင်နှုန်း အသီးသီးရှိသည်။ ၁၉၉၆ ခုနှစ် သမ္မတရွေးကောက်ပွဲ ပထမအကျော့၌ မဲပေးသူ ၆၉ ဒသမ ၈၁ ရာခိုင်နှုန်းနှင့် ဒုတိယအကျော့တွင် ၆၈ ဒသမ ၈၈ ရာခိုင်နှုန်းရှိသည်။

နိုင်ငံ၏ အီလက်ထရွန်နစ် မဲပေးစနစ် အရင်းအမြစ်များအပေါ် ဆိုက်ဘာတိုက်ခိုက်မှုပေါင်း ၁၆၀၀၀၀ ခန့် ဖြစ်ပွားခဲ့ကြောင်း ရုရှားရွေးကောက်ပွဲအာဏာပိုင်များက မတ် ၁၆ ရက်တွင် ပြောကြားခဲ့ သည်။ ၎င်းတို့အနက် အီလက်ထရွန်နစ် မဲပေးစနစ်ဆိုင်ရာ စောင့်ကြည့်ရေး ပေါ်တယ်အား တိုက်ခိုက်မှုပေါင်း ၃၀၀၀၀ ပြုလုပ်ခဲ့ကြောင်း ရုရှားဗဟိုရွေးကောက်ပွဲ ကော်မရှင်အကြီးအကဲ Ella Pamfilova က ပြောကြားခဲ့သည်။ သို့ရာတွင် ယင်းဆိုက်ဘာတိုက်ခိုက်မှုသည် မအောင်မြင်ခြင်းဖြင့် အဆုံးသတ်ခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ မော်စကိုရှိ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ဌာနချုပ်အကြီးအကဲ Vadim Kovalev က မော်စကို၏ သတင်းအချက်အလက် စနစ်များအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများသည် အမေရိကန်နှင့် ဗြိတိန်တို့ထံမှ ဖြစ်ကြောင်းပြောကြားခဲ့သည်။ “တိုက်ခိုက်မှုဆောင်ရွက်တဲ့ ဆာဗာအများစုဟာ အမေရိကန်နှင့် ဗြိတိန်မှာ တည်ရှိနေတာ တွေ့ရပါတယ်ဟု Kovalev က ထပ်လောင်းပြောကြားခဲ့သည်။

ယခုကျင်းပသည့် ရွေးကောက်ပွဲ တွင် ပူတင်သည် မဲအားလုံး၏ ၈၇ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး ပြိုင်ဘက် သုံးဦးကို အနိုင်ရရှိခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ၊ တက်စ်၊ စီဂျီတီအင်န် ဘာသာပြန် - စိုးသူရ