မော်စကို စက်တင်ဘာ ၇

 

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် လာမည့်သီတင်းပတ်၌ ဥဇဘတ်ကစ္စတန် နိုင်ငံတွင် တွေ့ဆုံမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောခဲ့သည်။

 

နှစ်နိုင်ငံခေါင်းဆောင်များသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ သီးသန့်ဆွေးနွေးပွဲ၌ တွေ့ဆုံမည်ဖြစ်ကြောင်း သံအမတ်ကြီး အန်ဒရူးဒန်နီဆော့ဗ်၏ပြောကြားချက်ကို ရုရှားနိုင်ငံပိုင် သတင်းစာဖြစ်သည့် တက်စ်သတင်းအေဂျင်စီက စက်တင်ဘာ ၇ ရက်က ကိုးကားဖော်ပြခဲ့သည်။ ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံမှုကို စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက် တွင် စီစဉ်ထားသည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ၎င်းတွင်မည်သည့် သတင်းအချက်အလက်မျှ မရှိဟုဆိုကာ အဆိုပါဖော်ပြချက်ကို အတည်ပြုရန် ငြင်းဆန်ထားသည်။

 

စက်တင်ဘာ ၅ ရက်က ကာဇက်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်သမ္မတသည် စက်တင်ဘာ ၁၄ ရက်တွင် ဥဇဘတ်ကစ္စတန်၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ကာဇက်စတန်သို့ တရားဝင် လာရောက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

 

အကယ်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်သည်နိုင်ငံ ရပ်ခြားသို့ ခရီးသွားမည်ဆိုပါက အဆိုပါခရီးစဉ်သည် ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် နိုင်ငံခြားတိုင်းပြည် တစ်ခုသို့သွားမည့် ၎င်း၏ ပထမဆုံးခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

 

ရုရှားသမ္မတရုံးကလည်း ရှရှားသမ္မတ ပူတင်သည် ဥဇဘတ်ကစ္စတန်တွင် ကျင်းပမည့် အက်စ်စီအို အစည်းအဝေးသို့ သွားရောက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ခေါင်းဆောင်နှစ်ဦးသည်လွန်ခဲ့သောဖေဖော် ဝါရီ ၄ ရက်က လူကိုယ်တိုင် နောက်ဆုံးတွေ့ခဲ့ကြသည်။     

 

အင်န်အိတ်ချ်ကေ