ရန်ကုန် ဇန်နဝါရီ ၄
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် ၂/တောင်ရပ်ကွက် မြင်တော်သာလမ်းရှိ မြို့နယ်ဘောလုံး အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါ အားကစားပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အဆင့် ကျောင်းပေါင်းစုံမှ အားကစားဝါသနာရှင် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများ၊ ရပ်ကွက်အသီးသီးမှ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအားကစားပြိုင်ပွဲများတွင် မီတာ(၁၀၀/၂၀၀/၄၀၀)အပြေးပြိုင်ပွဲများ၊ လှံတံပစ်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အာလူးကောက်၊ လွန်ဆွဲ၊ ရိုးရာခြင်းလုံး၊ ကြက်ဖခွပ်ပြိုင်ပွဲ စသည့်ပြိုင်ပွဲများ ကျင်းပခဲ့ပြီး ဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


