သာယာဝတီ   ၇  မေ 

    
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သာယာဝတီမြို့၊ အရှေ့သပြေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ မေ ၆ ရက် နံနက် ၉ နာရီက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာဟောပြောပွဲပြုလုပ်ပြီး ကျေးလက်နေ ပြည်သူများအား အခမဲ့ ဆေးဝါးကုသပေးခဲ့ကြောင်း သိရသည်။  

  
ယင်းသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါ်အိအိအောင်က သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား သိရှိထားရမည့် အချက်များကို ရှင်းလင်းဟောပြောသည်။ 


ဆက်လက်ပြီး ကျေးလက်ကျန်းမာရေးမှူး ဒေါ်နီနီချိုက အပူဒဏ်အန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောသည်။ ထို့နောက် ကျန်းမာရေးဌာနမှ ဆရာမများက ကျေးလက်နေ ပြည်သူများအား သွေးတိုးရောဂါ၊ ဆီချိုသွေးချိုရောဂါ၊ အထွေထွေရောဂါများ ရှိ/ မရှိ စစ်ဆေးကာ ဆေးဝါးအခမဲ့ ကုသပေးခဲ့ပြီး တက်ရောက်လာသော ပြည်သူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမူဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


သန့်ဇော်(ပြန်/ဆက်)