သဘာဝဘေးအန္တရာယ်ခံရမှု လျော့ပါးရေး

၂၆ ဒီဇင်ဘာ

 

ကြေးမုံအယ်ဒီတာ့ အာဘော်

 

ယခုအခါ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် သဘာဝဘေး အန္တရာယ်အမျိုးမျိုးတို့သည် ကမ္ဘာကြီးအား ခြိမ်းခြောက်လာသည်ကို မြင်တွေ့နေရသည်။ ပုံမှန်အားဖြင့် ရေကြီး၊ ရေလျှံ၊ လေပြင်းကျ၊ မုန်တိုင်း တိုက်ခတ်စသည့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ် တစ်မျိုးမျိုးသည် မိုးဦး၊ မိုးလယ်၊မိုးနှောင်းကာလတို့တွင် ဖြစ်လေ့ရှိသော်လည်း ယခုအခါရာသီမရွေး၊အချိန်မရွေး၊ ဒေသမရွေး ဖြစ်ပေါ်လာသည်။မြန်မာနိုင်ငံအနေဖြင့် အခြားဘေးများထက် အထက်ပါသဘာဝဘေးတစ်မျိုးမျိုးကို နှစ်စဉ်ကြုံတွေ့လေ့ရှိသော်လည်း ၂၀ဝ၈ ခုနှစ် သဘာဝဘေးမှလွဲ၍ ဘေးအန္တရာယ် ကြီးကြီးမားမား ရင်ဆိုင်ရခြင်းမရှိချေ။ ကမ္ဘာပေါ်ရှိနိုင်ငံတို့အနေဖြင့်မူ ရေကြီး၊ ရေလျှံ၊ မုန်တိုင်းတိုက်၊ တောမီးလောင်၊မီးတောင်ပေါက်၊ ငလျင်လှုပ် တစ်မျိုးမဟုတ် တစ်မျိုးရင်ဆိုင်ကြုံတွေ့နေရသည်။

 

 

၂၀၁၅ ခုနှစ် မတ်လက ဂျပန်နိုင်ငံ ဆန်ဒိုင်းမြို့၌ တတိယအကြိမ်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး ကမ္ဘာ့ညီလာခံကျင်းပခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင် ချမှတ်ခဲ့သည်။ သဘာဝဘေးအန္တရာယ်များ၏သဘောသဘာဝကို နားလည်ထားရန်၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ပါးစေရေးအတွက် စီမံခန့်ခွဲမှု ပိုမိုအားကောင်းလာရန်၊ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို မူလအခြေအနေထက် ပိုမို ကောင်းမွန်အောင် ပြန်လည်ဆောင်ရွက်ပေးခြင်းတို့ကို မြှင့်တင်ဆောင်ရွက်သွားရန် သတ်မှတ်ထားသည်။

 

 

လူသားများ၏ ပြုပြင်ဖန်တီးမှု အကျိုးဆက်အဖြစ် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လာရာ လူသားများပင် သဘာဝဘေးတို့ကိုမလွဲမသွေ ကြုံတွေ့ကြရမည်ဖြစ်သည်။ ယခုနောက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်များမှာ အကြိမ်အရေအတွက် ပိုများလာသည်။ အဖျက်စွမ်းအားကြီးမားလာသည်။ ထိုသို့အားကောင်းလာမှုကို ကောင်းမွန်ထိရောက်သည့်သဘာဝဘေးစီမံခန့်ခွဲမှုများဖြင့် ဟန့်တားနိုင်မည်ဆိုပါက ပျက်စီးထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့နည်းသက်သာစေမည်ဖြစ်သည်။မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားထိခိုက်မှုမရှိသော်လည်း ထိခိုက်လာနိုင်မည်ကို ကြိုတင်မြော်တွေး၍ သဘာဝဘေးကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ခဲ့ပြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားသည်။

 

 

ကော်မတီသည် ၂၀၁၆ ခုနှစ် မေလမှ ယနေ့ကာလအထိသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများကို နှစ်နှစ်နီးပါးတာဝန်ယူဆောင်ရွက်ခဲ့ရာ မတူကွဲပြားမှုများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရပြီးဖြစ်၍ အဆိုပါ အတွေ့အကြုံများဖြင့် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဗဟိုကော်မတီ၏လမ်းညွှန်မှု၊ ဒေသဆိုင်ရာကော်မတီများ၏ စီမံခန့်ခွဲမှုဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြသည်ကို မြင်တွေ့နေရပါသည်။ မုန်တိုင်းသဘာဝ ဘေးရှောင်ရှားရေး အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် Cyclone Shelter များကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင တည်ဆောက်ရန် စီစဉ်နေသည်မှာ အထူးကောင်းမွန်ပါသည်။

 

 

၂၀ဝ၈ နာဂစ်မုန်တိုင်း ဖြစ်ပွားပြီးနောက် ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် Cyclone Shelter များ တည်ဆောက်ပေးခဲ့သည်ကိုတွေ့ရသည်။ Cyclone Shelter ဆိုသည်မှာ သဘာဝဘေးကျရောက်လာပါက ဘေးအန္တရာယ်ကင်းစေရန် ခိုနားရှောင်ပုန်းရန်အတွက် ကြိုတင်စီမံဆောင်ရွက်ပေးထားသည့် အဆောက်အအုံဖြစ်၍ သဘာဝဘေးမကျရောက်သေးပါက အဆိုပါအဆောက်အအုံများ ပျက်စီးယိုယွင်းခြင်းမရှိစေဘဲ ထိန်းသိမ်းစောင့်ရှောက်ကာ အသင့်ပြင်ဆင်ခြင်းဖြစ်သည်ကိုသိရှိထားရန်လိုအပ်သည်။ယခင်ကာလက သဘာဝဘေးကျရောက်ပြီးမှသာ ပြင်ဆင်ဆောင်ရွက်ကြသည့်အနေအထားမှ ယခုအခါ သဘာဝဘေးမကျရောက်မီ ကာလကတည်းက ကြိုတင်စီမံပြင်ဆင် ဆောင်ရွက်နေပြီဖြစ်၍ ပြည်သူများအတွက်လုံခြုံစိတ်ချရသော အခြေအနေကောင်းများ ရှိနေပြီဖြစ်သည်။

 

 

သို့ဖြစ်ရာကာလအလိုက်ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးများကို ကြိုတင် ဖော်ထုတ်ပြီး မည်သည့်အချိန်တွင် မည်သို့ဆောင်ရွက်ရမည့် အစီအမံနှင့် ပြုမူလုပ်ကိုင်ဆောင်ရွက်တတ်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း အပ်ပါသည်။