နေပြည်တော် ၂၈  မတ်

သစ်တောပြန်လည်ထိန်းသိမ်းခြင်း စီမံကိန်းအကြိုအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ၌ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပသည်။

အခမ်းအနားတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲတွင် သက်ဆိုင်ရာပညာရှင်များကလည်း သစ်တောများပြန်လည်ပြုစုပျိုးထောင်ရေး အခွင့်အလမ်းများကို အကဲဖြတ်ခြင်းနည်းလမ်း (Restoration Opportunity Assessment Methodology-ROAM)နှင့် ရေမြေတောတောင်သစ်တောဝန်းကျင်ပြန်လည် ပြုစုပျိုးထောင်ရေး (Forest Landscape Restoration-FLR) အစီအစဉ်များကိုလည်း မိတ်ဆက်ရှင်းလင်းသည်။

မြန်မာနိုင်ငံမှာ စတင်ဆောင်ရွက်မည့် The Restoration Initiative (TRI) စီမံကိန်းသည် ၂၀၁၁ ခုနှစ်တွင်စတင်ခဲ့သည့် Bonn Challenge အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖော်ဆောင်သွားမှာသည်။၂၀၂၀ ခုနှစ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာအဖြစ် ဧကသန်းပေါင်း ၁၅၀ ပြန်လည်ပြုစုပျိုးထောင်ရေးဦးတည်ချက်နှင့်အတူ လက်ရှိနိုင်ငံတကာကတိကဝတ်အများအပြားကို အကောင်အထည်ဖော်ဆောင်ရွက်သည့် မူဝါဒလမ်းစဉ်အဖြစ်The Bonn Challenge က အဓိကအခန်းကဏ္ဍကနေပါဝင်လျက်ရှိသည်။

ပြုန်းတီးနေသည့် သစ်တောမြေများကို ဘက်စုံအသုံးချနိုင်သည့် မြေအဖြစ်ဒေသနှင့် နိုင်ငံတော်စီးပွားရေးကိုတိုးတက်စေခြင်း၊ အစားအစာနှင်ရေသန့်လုံလောက်မှုရှိခြင်းနှင့် ဇီဝသက်ရှိ ကြွယ်ဝစေခြင်းစသည့် အထောက်အပံ့ဖြစ်စေပြီး ဒေသတစ်ခုမှာရှိသည့် သစ်တောသစ်ပင်များ၏ ရှင်သန်ပေါက်ရောက်မှု၊ အရေအတွက်ပိုမိုတိုးပွားလာအောင် ဆောင်ရွက်ခြင်းနှင့်ဒေသတစ်ခု၏ ဇီဝထုတ်လုပ်မှုကို ပြန်လည်ဖြစ်ထွန်းရန်ဖြစ်သည်။ "ရေရှည်" ဆောင်ရွက်ရမယ့်လုပ်ငန်းများ ဖြစ် သည့်အတွက် ဂေဟစနစ်ခိုင်မာလာရုံသာမက ပြန်လည်ပြုစုပျိုးထောင်ရေးလုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိမှုများ၊ ကာဗွန်ထုတ်လွှတ်မှုလျော့ချနိုင်မှုများ စသည့် အကျိုးကျေးဇူးများ ချက်ချင်းခံစားရမည်ဖြစ်ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်  ဆက်စပ်ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ IUCN ၊ TNCနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ် များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊  ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ပြီး ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)