၁၂ ဖေဖော်ဝါရီ
သြစတြေးလျနိုင်ငံမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ ဝိသမလောဘစီးပွားရေးသမားတွေမှာ တာဝန်ရှိ၊ မရှိကို စုံစမ်းစစ်ဆေးရမယ်လို့ လွှတ်တော်အမတ်တစ်ဦးက ပြောပါတယ်။
လက်ရှိအုပ်ချုပ်နေတဲ့ ကွန်ဆာဗေးတစ်လစ်ဘရယ်ပါတီရဲ့ အဖွဲ့ဝင် လွှတ်တော်အမတ် ကွန်ဆက်တာ ဖယ်ရီဗန်တီဝဲလ်စ်က အင်္ဂါနေ့က ကျင်းပခဲ့တဲ့ လွှတ်တော်မှာ အဲဒီလို ပြောကြားခဲ့ပါတယ်။
နယူးဆောက်ဝေးလ်ပြည်နယ်ရဲ့ မီးသတ်ဌာနအကြီးအကဲကတော့ တောမီးရှို့ခြင်းဟာ မီးလောင်မှုရဲ့အဓိက အကြောင်းအရာမဟုတ်ကြောင်း၊ မီးလောင်ကျွမ်းစေတဲ့ သဘာဝအချက်အလက်တွေကြောင့်သာဖြစ်တယ်လို့ ပြောပါတယ်။
တောမီးလောင်ကျွမ်းခြင်းနဲ့ပတ်သတ်ပြီး သြစတြေးလျရဲ့ ရာသီဥတုပြောင်းလဲမှုအပေါ် စကားစစ်ထိုး နေကြပါတယ်။ လွှတ်တော်အမတ်က တောမီးလောင်ကျွမ်းခြင်းနဲ့ပတ်သတ်တဲ့ အွန်လိုင်းပေါ်က သတင်းအမှားပေါ်မှာ သံယောင်လိုက်ခြင်းသာဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။
ကွန်ဆက်တာဟာ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်ရဲ့ ပါတီကနေ တောမီးရှို့ခြင်းကြောင့် တောမီးလောင်တယ်လို့ ပြောဆိုချက်ကို နောက်ဆုံးထောက်ခံနေတဲ့ လွှတ်တော်အမတ် ဖြစ်ပါတယ်။
နိုင်ငံရဲ့ အရှေ့ပိုင်းနဲ့ တောင်ပိုင်းရှိ သစ်တော ဟက်တာပေါင်း ၁၀ သန်းကျော်ကို လပေါင်းများစွာလောင်ကျွမ်းခဲ့ပြီး လူပေါင်း အနည်းဆုံး ၃၃ ဦး သေဆုံးခဲ့သလို တိရစ္ဆာန် အကောင်ရေ ဘီလီယံနဲ့ ချီပြီးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အိမ်ခြေပေါင်း ၂၅၀၀ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
နိုင်ငံတွင်းက မိုးခေါင်မှုနဲ့ ရာသီဥတု အပြောင်းအလဲတွေက တောမီးကို အချိန်ကြာကြာလောင်ကျွမ်းစေသလို နိုင်ငံမှာ အပူဆုံးနဲ့ အခြောက်သွေ့ဆုံးနှစ်အဖြစ် မှတ်တမ်းတင်မှုတွေကလည်း တောမီးလောင်ကျွမ်းမှုကို အားပေးနေတာဖြစ်ပါတယ်။
MDN
ကိုးကား - AFP


