မြို့သစ် ၉ ဧပြီ

 

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်အတွင်း သောက်သုံးရေ အလွန်ရှားပါးပြီး သောက်သုံးရေ အခက်အခဲဖြစ်နေသည့် လှေဝန်းကျေးရွာသို့ ဒုတိယအကြိမ်မြောက် ရေလှူဒါန်းခြင်းအဖြစ် ယနေ့ နံနက် ၈ နာရီက သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တို့ လှေဝန်းကျေးရွာဟာ ယခင်က ၄ လက်မ စက်ရေတွင်း ရေတင်စက်ဖြင့် သောက်သုံးရေ အသုံးပြု နေတာဖြစ်ပါတယ်။ ယခုအခါ စက်ရေတွင်း ရေတင်စက် ပျက်သွားတဲ့အတွက် ကျေးရွာပြည်သူတွေမှာ သောက်သုံးရေ ရှာပါးမှုကြုံတွေ့နေရတာ ဖြစ်ပါတယ်။ အခြားမှီခိုစရာ ရေတွင်းလည်း မရှိပါဘူး။ ယခုလို ကျွန်တော်တို့ ကျေးရွာအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူတွေက သောက်သုံးရေ လာရောက်လှူဒါန်း ပေးတဲ့အတွက် အထူးကျေးဇူးတင်ပြီး ဝမ်သာပီတိဖြစ်မိပါတယ်”ဟု ရေပြည့်ကျေးရွာအုပ်ချုပ်ရေးမှူး က ပြောသည်။

 

အဆိုပါ လှေဝန်းကျေးရွာသည် အိမ်ထောင်စု(၁၁၇)စု၊ လူဦးရေ(၅၄၃)ဦးရှိပြီး စက်ရေတွင်းပျက်နေစဉ် ကာလအတွင်း သောက်သုံးရေ အခက်အခဲမရှိစေရေး လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရေလှူဒါန်းရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း၊ မြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဝင်းဇင်ဖြိုး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ လိုက်ပါဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

 

သန်းဝင်းထွန်း (မြို့သစ်)