နေပြည်တော်  ၅  ဧပြီ

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်ရောင်း) သွေးကြောသွင်း ဆေးရည်ထုတ်လုပ်မှု အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်၊ အင်ရောင်းကျေးရွာရှိဆေးဝါးစက်ရုံ (အင်ရောင်း)တွင် ကျင်းပသည်။

ရှေးဦးစွာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချို၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဦးမျိုးသစ်၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဦးစိုင်းပန်းဆိုင်၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်တို့က စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဦးခင်မောင်ချို၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကမ္ဗည်းမော်ကွန်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယခုဖွင့်လှစ်သည့် သွေးကြောသွင်း ဆေးရည် အဆောက်အဦမှနှစ်စဉ် သွေးကြောသွင်းဆေးရည် (၈)သန်းထုတ်လုပ်နိုင်မည်ဖြစ်ရာ စက်ရုံ တစ်ခုလုံးအနေဖြင့် (၁၀)သန်းအထိတိုးမြှင့် ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် နှစ်စဉ် သွေးကြောသွင်းဆေးရည် သန်း (၆၀)ခန့် လိုအပ်နေပါကြောင်း၊ ယခုသွေး ကြောသွင်းဆေးရည် ထုတ်လုပ်သည့် အဆောက်အဦဖွင့်လှစ်လိုက်သည့်အတွက် ပြည်တွင်း စုစုပေါင်းထုတ်လုပ်မှုမှာ (၁၅) သန်း ရှိလာပြီဖြစ်၍ ပြည်တွင်းလိုအပ်ချက်၏ (၂၅) ရာခိုင်နှုန်းအထိထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ သွင်းကုန်အစားထိုးစက်မှု လုပ်ငန်းများအောင်မြင်စေရန် နိုင်ငံတော်မှလည်း အားပေးမြှင့်တင်လျက်ရှိကြောင်း၊ ယခု အဆောက်အဦဖွင့်လှစ် နိုင်ခဲ့ခြင်းကြောင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ပေးနိုင်မည် ဖြစ်၍ များစွာဝမ်းမြောက်ပါကြောင်းပြောကြားသည်။

ဆက်လက်၍ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးဦးကိုကိုအောင်က သွေးကြောသွင်း ဆေးရည် ထုတ်လုပ်မှုအဆောက်အဦသစ် တည်ဆောက်ခဲ့မှုနှင့် နိုင်ငံတော်၏ လိုအပ်ချက်အရ သွေးကြောသွင်းဆေးရည်များတိုးမြှင့်ထုတ်လုပ် ဆောင်ရွက်မည့် အခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် သွေးကြောသွင်းဆေးရည်ထုတ်လုပ်မှု အဆောက်အဦ အတွင်းတွင် ဆေးရည်ထုတ်လုပ်မှု အဆင့်ဆင့် တို့အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယနေ့ ဖွင့်လှစ်သည့် သွေးကြောသွင်းဆေးရည် ထုတ်လုပ်မှုအဆောက်အဦအား သြစတြေးလျနိုင်ငံ အခြေစိုက် Synnertec Co., Ltd. မှ ဒီဇိုင်းရေးဆွဲပြီးအမေရိကန်နိုင်ငံနှင့် အီတလီနိုင်ငံမှ ထုတ်လုပ်သည့် စက်များတပ်ဆင်ထား၍ Blow Fill Seal နည်းပညာ အသုံးပြုလျက် နှစ်စဉ် သွေးကြောသွင်း ဆေးရည်ဘူး (၁၀) သန်းအထိတိုးမြှင့် ထုတ်လုပ် နိုင်မည်ဖြစ်သည်။ သွေးကြောသွင်းဆေးရည်များအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့်အညီ ထုတ်လုပ်ထားပါသည်။ ထို့အပြင် ဆေးရည်ဘူးများအားလည်းဆေးဝါးသုံးအဆင့် (Pharmaceutical Grade) ကော်စေ့များကိုသာ အသုံးပြု၍ ထုတ်လုပ်ထားရုံသာမကပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဆန်း သစ်တီထွင်မှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် MMS ISO 15747:2010 နှင့် Europan Pharmacopoeia 7th Edition စံချိန်စံညွှန်းများနှင့် ကိုက်ညီကြောင်း သိရှိရသည်။

မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပြည်တွင်း လိုအပ်ချက်များပြားသော ဆေးဝါးများ တိုးမြှင့် ထုတ်လုပ်မှုအား (၂) ဆ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ နိုင်ငံခြားမှ နည်းပညာများရယူပြီး မြွဆေိပ်ဖြေဆေး၊ ကင်ဆာရောဂါဝေဒနာရှင်များအတွက် နာကျင်မှု သက်သာစေသော ဆေးဝါးအသစ်များ၊ အသည်းရောင်အသားဝါဘီကာကွယ်ဆေးများ ထုတ်လုပ် ပေးလျက်ရှိကြောင်းနှင့် မေးခိုင်ရောဂါကာကွယ်ဆေးနှင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးများကိုလည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)