ဇန်နဝါရီ ၆
သီရိလင်္ကာနိုင်ငံသို့ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားများရောက်ရှိမှုအရေအတွက်အမြင့်မားဆုံးအဖြစ် စံချိန်တင်ခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း ဒစ်ဝါကြောင့် ဖြစ်ပေါ်လာသော အနှောင့်အယှက်များရှိနေသော်လည်း ခရီးသွားလုပ်ငန်းမှရရှိသောဝင်ငွေသည် စံချိန်သစ်တင်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ယမန်နေ့က ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံခြားအလုပ်အကိုင်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ဗီဂျီသာ ဟီရတ်က သီရိလင်္ကာနိုင်ငံသို့ တစ်နှစ်တာအတွင်း နိုင်ငံခြားခရီးသွား ၂ ဒသမ ၃၆ သန်းကျော် ရောက်ရှိခဲ့ရာ ပြက္ခဒိန်တစ်နှစ်တာအတွင်း နိုင်ငံခြားခရီးသွားများရောက်ရှိမှုသည် အမြင့်ဆုံးအရေအတွက်ဖြစ်သည်ဟု ဆိုသည်။
၂၀၂၅ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမှရရှိသောဝင်ငွေသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံရှိခဲ့ပြီး နိုင်ငံ၏ ဒုတိယအကြီးဆုံး နိုင်ငံခြားငွေရင်းမြစ်အဖြစ် ထိုကဏ္ဍ၏ရပ်တည်မှုကို အတည်ပြုခဲ့ကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားသည်။
နိုဝင်ဘာလကုန်ပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဒစ်ဝါ၏ သက်ရောက်မှုရှိသော်လည်း ခရီးသွားဝင်ရောက်မှုသည် အားကောင်းနေဆဲဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် နိုင်ငံခြားခရီးသွား သုံးသန်းထက်မနည်း လာရောက်ရန် ရည်မှန်းထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


