၅ ဒီဇင်ဘာ

 

သီရိလင်္ကာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့က သေဆုံးသူ ရှစ်ဦးရှိပြီး လူပေါင်း ၁၅၀ဝ၀ ကျော် ထိခိုက်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနက ပြောကြားခဲ့သည်။

 

လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် နေအိမ်အလုံးပေါင်း ၂၇၀ ကျော် ပျက်စီးခဲ့ပြီး လူပေါင်း ၁၀ဝ၀ ကျော်ကို ပိုမိုလုံခြုံမှုရှိသည့် အဆောက်အအုံများသို့ ပြောင်းရွှေ့ပေးခဲ့သည်။

 

သီရိလင်္ကာအလယ်ပိုင်း အနောက်ဘက်ဒေသရှိ ကီဂယ်လီ နှင့် တောင်ဘက်ဒေသရှိ ရာတနာပူရာ မြို့တို့အပါအဝင် နေရာတော်တော်များများတွင် မြေပြိုမှုသတိပေးချက်လည်း ဆက်လက်တည်ရှိနေပြီး မြေပြိုမှုဖြစ်ပွားလေ့ရှိသော ဒေသများတွင် နေထိုင်သောမိသားစုများကို ပိုမိုလုံခြုံသော အဆောက်အအုံများသို့ ပြောင်းရွှေ့ပေးခဲ့သည်။

 

ယမန်နေ့နှောင်းပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် မြို့တော် ကိုလံဘို အပါအဝင် ကျွန်းနေရာအနှံ့ လမ်းများပေါ်တွင် ရေလွှမ်းမိုးခဲ့ပြီး ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့များတွင် ပါဝင်ကူညီလုပ်ဆောင်ရန် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များကို နေရာချထားခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနက ပြောကြားခဲ့သည်။

 

သီရိလင်္ကာသမ္မတာ ဂိုတာဘာယာ ရာဂျာပါစကာ က ရေကြီးမှု၊ မြေပြိုမှုတို့ကြောင့် ထိခိုက်ခဲ့သည့် ပြည်သူတို့၏ ဘေးကင်းလုံခြုံရေးနှင့် ကောင်းကျိုးချမ်းသာ ရရှိရေးအတွက်  ချက်ချင်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို တနင်္လာနေ့က ညွှန်ကြားခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်နေသည့် ရေကြီးမှု၊ မြေပြိုမှုနှင့် ကျောက်တုံးများ ပြိုကျမှုကို အမြန်တုံ့ပြန်ဆောင်ရွက်ရန်အတွက် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန တို့နှင့်အတူ ညှိနှိုင်းဆောင်ရွက်ကြရန် ဝန်ကြီးဌာန တာဝန်ရှိသူအားလုံးနှင့် ဒေသခံအစိုးရကိုယ်စားလှယ်များကို တိုက်တွန်းခဲ့သည်။

 

လေပြင်းတိုက်ခတ်မှုနှင့် မိုးကြိုးပစ်ခံရမှုတို့ကြောင့် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေမည့် လုံလောက်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်လည်း ပြည်သူများကို မိုးလေဝသဌာနက သတိပေးနှိုးဆော်ထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို