ဇူလိုင် ၁၃

 

သီရိလင်္ကာနိုင်ငံသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာသည် နိုင်ငံအတွင်းမှ ထွက်ပြေးခဲ့သည်။  ဆန္ဒပြသူများသည် ပြီးခဲ့သည့်သီတင်းပတ်ကုန်ပိုင်းက သမ္မတနေအိမ်ကို စီးနင်းဝင်ရောက်ခဲ့ပြီးနောက် ၎င်းသည် သမ္မတရာထူးတာဝန်မှနုတ်ထွက်ရန် စီစဉ်ထားသည်။

 

သမ္မတသည် လူမြင်ကွင်းသို့မထွက်လာသည်မှာ သီတင်းပတ်တစ်ပတ်နီးပါးရှိပြီ ဖြစ်သည်။

 

သီရိလင်္ကာလေကြောင်းတပ်ဖွဲ့၏ ပြောကြားချက်အရ သမ္မတသည် ၎င်း၏ဇနီး၊ သက်တော်စောင့် နှစ်ယောက်နှင့်အတူ စစ်လေယာဉ်တစ်စင်းဖြင့် ယနေ့မနက်အစောပိုင်းက မော်လ်ဒိုက်နိုင်ငံသို့ ထွက်ပြေးသွားသည်ဟု သိရသည်။

 

နိုင်ငံ၏စီးပွားရေးအကျပ်အတည်းကြောင့် ဖြစ်ပေါ်သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများအကြားတွင် ယခုလိုဖြစ်သွားခြင်း ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းရှိပြည်သူများသည် လောင်စာဆီ၊ အစားအစာနှင့် အခြားလိုအပ်သောပစ္စည်းများဝယ်ယူရန် အခက်အခဲဖြစ်ပေါ်နေကြသည်။

 

သီရိလင်္ကာပါလီမန်သည် ဇူလိုင် ၂၀ တွင် သမ္မတသစ်ရွေးကောက်တင်မြှောက်ရန် မျှော်မှန်းထားသည်။

 

နိုင်ငံအတွင်း အာဏာအပြောင်းအလဲသည် ယခုအခြေအနေကို ထိန်းချုပ်နိုင်ခြင်းရှိ၊မရှိဆိုသည်မှာ မသေချာဟု လေ့လာသူများက  ဆိုသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို