ရန်ကုန် အောက်တိုဘာ ၇
ယခုနှစ် ၁၃၈၇ ခုနှစ် သီတင်းကျွတ်ပွဲတော်ကာလတွင် ပုဂံယဉ်ကျေးမှုနယ်မြေသို့ ယမန်နှစ်ထက် ခရီးသွားပိုမိုဝင်ရောက်ခဲ့ရာ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းခဲ့ကြောင်း သိရသည်။
ပုဂံတွင် ပွင့်လင်းခရီးသွားရာသီအစဖြစ်သည့် သီတင်းကျွတ်ပွဲတော်ကာလနှင့် ကျောင်းပိတ်ချိန်တွင် အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိ နိုင်ငံတစ်ဝန်းမှ ခရီးသွားများဖြင့် အထူးစည်ကားခဲ့ရာ အဆိုပါရက်အတွင်း ဟိုတယ်များ အခန်းပြည့်သည့်အပြင် ဘုန်းတော်ကြီးကျောင်းများတွင်လည်း တည်ခိုသူများဖြင့် ပြည့်နေခြင်းကြောင့် အချို့မှာ ပုပ္ပားသို့ သွားရောက်တည်းခိုခဲ့ကြရပြီး အချို့မှာ ကားလမ်းဘေးတွင် ယာဉ်များပေါ်၌ ညအိမ်၍ ပုဂံတွင် လည်ပတ်ခဲ့ကြရသည်။
“ပုဂံမှာ ဒီနှစ်သီတင်းကျွတ်က မနှစ်ကထက် ခရီးသွားပိုပြီး ဝင်လာတာတွေ့ရပါတယ်။ အဖိတ်နေ့နဲ့ လပြည့်နေ့မှာ ထီးလိုမင်းလိုဂူဘုရားကို ဘုရားဖူးတစ်သောင်းကျော် ဝင်ရောက်ခဲ့ပြီး ဒီနေ့လပြည့်ကျော် တစ်ရက်နေ့မှာ ဘုရားဖူး ၈၀၀၀ ကျော် ဝင်လာတာတွေ့ရပါတယ်။ ပြည်တွင်းခရီးသွား များပါတယ်။ ပွဲတော်ကာလမှာ မိုးလေလွတ်ပြီး ခရီးသွား စည်စည်ကားကား ဝင်လာတဲ့အတွက် ဒေသခံတွေလည်း အလုပ်အကိုင်တွေ အဆင်ပြေကြလို့ ဝမ်းသာနေကြပါတယ်။ ပုဂံမှာ တကယ်တမ်း ခရီးသွားဝင်လာပြီဆိုရင် ဟိုတယ်တွေ မဆံ့တာတွေ့ရတယ်။ အဖိတ်နေ့နဲ့ လပြည့်နေ့ဆိုရင် ပုပ္ပားက တည်းခိုခန်းတွေမှာတည်းပြီး ပုဂံမှာလည်ပတ်ရတဲ့အထိ ခရီးသွားတွေ စည်ကားခဲ့ပါတယ်”ဟု ထီးလိုမင်းလိုဂူဘုရားမှ အတွင်းရေးမှူး ဦးတင်လှဦးက ပြောသည်။
“ဒီနှစ် ခရီးသွားရာသီအစ ဖွင့်ပွဲလှတယ်လို့ ပြောရမှာပါ။ အောက်တိုဘာ ၅ ရက်ကနေ ၇ ရက်အထိ ပုဂံကဟိုတယ်တွေ အခန်းပြည့်နေပြီး ၁၀ ရက်အထိ တည်းခိုသူမပြတ်တာ တွေ့ရပါတယ်။ မနှစ်က လပြည့်နေ့ နောက်ပိုင်း ခရီးသွားနည်းသွားပြီး ဒီနှစ်မှာ ဒီနေ့အထိ ဘုရားဖူးတွေ စည်ကားနေပါတယ်။ နိုင်ငံခြားသား ခရီးသွားတော့ နည်းသေးတယ်။ ပွင့်လင်းရာသီဆိုရင် ဝင်လာနိုင်ပါတယ်။ ဘုရားဖူးများတဲ့အတွက် မြင်းလှည်းတွေ၊ အီးဘိုက်၊ ဆိုင်ကယ်နဲ့စက်ဘီးလည်း ငှားဖို့မရှိအောင် အဆင်ပြေကြတာ တွေ့ရတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ အဆင်ပြေကြတော့ ဒေသခံတွေ ပြုံးပျော်နေတာ တွေ့ရတဲ့အတွက် စိတ်ကြည်နူးရပါတယ်”ဟု ပုဂံဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပုဂံယဉ်ကျေးမှုနယ်မြေရှိ အထင်ကရဘုရား၊ စေတီ ၁၈ ဆူတွင် ခရီးသွားများဖြင့် စည်ကားခဲ့ပြီး မိထ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းရှိ ချောင်းကူးတံတားရေတိုက်စားမှုကြောင့် ပျက်စီးသွားခဲ့ရာ ဘုရားဖူးအချို့ ပြန်လှည့်မှုများရှိခဲ့သော်လည်း အချိန်မီ တံတားပြန်လည်ပြီးစီးမှုကြောင့် ပုဂံသို့ ခရီးသွားများ တဖွဲဖွဲဝင်ရောက်မှုဖြင့် သီတင်းကျွတ် ကာလသည် ဘုရားဖူးခရီးသွားများဖြင့် စည်ကားခဲ့ပြီး ဒေသခံများလည်း အရောင်းအဝယ် အဆင်ပြေခဲ့၍ စီးပွားရေးအခွင့် အလမ်းများ ပွင့်လန်းခဲ့ကြောင်း သိရသည်။
ဥဿ
ဓာတ်ပုံ - ကိုလွင်


