ပဲခူး အောက်တိုဘာ ၇

 

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယမန်နေ့ညပိုင်း အဘိဓမ္မာအခါတော်နေ့ တွင်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ဆီမီး ၁၀၀၀၀ ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ဆုတောင်းပြည့် ရွှေမော်ဓောစေတီမြတ်ကြီးအား နမောတဿသုံးကြိမ်ရွတ်ဆို ကန်တော့ကာ ဆီမီး ၁၀၀၀၀ အား စတင်မီးထွန်းညှိပူဇော်ကြသည်။

 

ထို့နောက် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက ဆီမီးများ ထွန်းညှိကြပြီး ရောင်စုံမီးပုံးပျံများ လွှတ်တင်ပူဇော်၍ တေးညွှန့် မင်္ဂလာတေးဂီတအဖွဲ့က ငြိမ့်ညောင်းသာယာသော ဓမ္မတေးများဖြင့် သီဆိုပူဇော်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ရတနာမိုးဆင်အကအဖွဲ့နှင့် တေးညွှန့်မင်္ဂလာတေးဂီတအဖွဲ့တို့ကို ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။

 

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါ တော်နေ့) ညချမ်းတွင် ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၊ ရွှေသာလျောင်း ရုပ်ပွားတော်မြတ်ကြီး၊ ကျိုက်ပွန်လေးမျက်နှာဘုရား၊ မဟာစေတီတော်မြတ်ကြီး၊ ရွှေဂူလေးဘုရား၊ ရွှေဂူကြီးဘုရား၊ ကျိုက်ပညာယျစေတီတော်မြတ်ကြီး စသည့် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများတွင် သီတင်းကျွတ်အခါသမယ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား သိုက်မြိုက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်၍ ပဲခူးမြို့ ရွှေမော်ဓောဘုရားအနီးရှိ သာသနာ့ဗိမာန်နှင့် ပဲခူးမြို့ ရှေးဟောင်းဘုရား စေတီပုထိုးများ၊ ရပ်ကွက်/ရပ်ကျေးရွာများအလိုက် စတုဒိသာကျွေးမွေးမှုများဖြင့် ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)