နေပြည်တော် ၂၂ မတ် 


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေပေးငွေယူကိစ္စ (Mobile Financial Service) ဆောင်ရွက်မှုများ ပိုမိုတိုးတက် လာသည်နှင့်အမျှ  အဆိုပါ ကိစ္စရပ်များအား လုံခြုံစိတ်ချမှုရှိစွာ ဆောင်ရွက်နိုင်ရန်၊ အများပြည်သူလုံခြုံရေးကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရန်၊ SIM Card ပျက်စီး ပျောက်ဆုံးမှုများ ဖြစ်ပေါ်ပါက အလွယ်တကူ ပြန်လည်ရရှိသုံးစွဲနိုင်ရန်တို့အတွက်  SIM Card များကို စနစ်တကျမှတ်ပုံတင်၍ သုံးစွဲရန် အများပြည်သူသို့ ၂၀၁၆ ခုနှစ် သြဂုတ်လ မှ စတင် ဆောင်ရွက်ရန် အသိပေးထားပြီး ဖြစ်သည်။ 


ယခုအခါတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုတည်းဖြင့် SIM Card အမြောက်အမြားကို မှတ်ပုံတင်၍ အခြားသူများကို တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိခြင်း၊ မိမိတို့၏အမည်ဖြင့် မှတ်ပုံတင်ထားခြင်း မရှိသည့် ဆင်းကတ်များကို ဈေးကွက်တွင် အလွယ်တကူဝယ်ယူ သုံးစွဲနေခြင်းသည် နိုင်ငံတော်အစိုးရက မိုဘိုင်းဖုန်းအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ အများပြည်သူလုံခြုံရေးကို ထိရောက်စွာ အကာအကွယ် ပေးရန်ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။ 


SIM Card များ စနစ်တကျ မှတ်ပုံတင်ရေး ဆောင်ရွက်ရာတွင် သုံးစွဲသူများ အနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှန်ဖြင့်သာသုံးစွဲရေး၊ မိမိ၏နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်ဖြင့် အခြားသူများ မသုံးစွဲစေနိုင်ရေးတို့သည် အရေးကြီးသည်။ အခြားသူများ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်ဖြင့် သုံးစွဲနေပါကလည်း မိမိတို့၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှန်ဖြင့် မှတ်ပုံတင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဆက်သွယ်ရေး အော်ပရေတာများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် ဖြစ်သည်။ မိမိတို့လက်ရှိ သုံးစွဲလျက်ရှိသော SIM Card များကို နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှန်ဖြင့် မှတ်ပုံတင်ပြုလုပ်ခြင်းသည် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ဆောင်ရွက်ကြရန် လိုအပ်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။


SIM Card များ မှတ်ပုံတင်ခြင်း ပြုလုပ်ရန်အတွက် လိုအပ်သည့်အချက်များမှာ -(၁) အမည်၊ (၂) နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (သို့) ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်ကတ်၊ Passport No. (နိုင်ငံခြားသား များအတွက်သာ) ၊ (၃)အမှတ်စဉ်(၂)ပါ ကတ်ပြား မူရင်းနှင့် မိတ္တူ ၊ (၄)အဘအမည်၊ (၅)မွေးသက္ကရာဇ် (ရက်/လ/ ခုနှစ်)၊ (၆)လူမျိုး/ နိုင်ငံသား၊ (၇)ကျား/ မ၊ (၈)နေရပ်လိပ်စာ တို့ဖြစ်သည်။


အထက်ဖော်ပြပါအပိုဒ်(၄)၏အမှတ်စဉ်(၂)ပါ ကတ်ပြားတစ်ခုခုဖြင့် အများဆုံးSIM Card (၂)ခုသာ ဝယ်ယူစေရေး (၁-၄-၂၀၁၉) ရက်နေ့မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်သည်။ ဧပြီ ၁ ရက် နောက်ပိုင်း SIM Card ဝယ်ယူ မှတ်ပုံတင်မှုများ နှင့်စပ်လျဉ်း၍ SIM Card (၂)ခုထက်ပိုပြီး မှတ်ပုံတင် ထားရှိမှုများရှိပါက ပိုမိုမှတ်ပုံတင်ထားသည့် SIM Card အသစ်များအား ပိတ်သိမ်း သွားမည် ဖြစ်သည်။ သုံးစွဲသူ ပြည်သူများအနေဖြင့် SIM Card များ စနစ်တကျ မှတ်ပုံတင်နိုင်ရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းပါဝင် ပေးကြပါရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။ 


(သတင်းစဉ်)