နေပြည်တော် ၂၂  ဧပြီ

 

ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာခြင်းနှင့်အတူ ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီး မှုများသည် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက်  စိန်ခေါ်မှုတစ်ရပ်အဖြစ် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိရာ စိုက်ကွင်းများအား မျက်ခြည်မပြတ် ကွင်းဆင်းစစ်ဆေးခြင်း ၊ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီရယူခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက် ကြစေလိုကြောင်း ပြည်ထောင်စု၀န်ကြီး ဒေါက်တာအောင်သူက ပြောသည်။

 

mdn

 

ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၊ အောင်မင်္ဂလာခန်းမတွင် ဧပြီ ၂၁ ရက် နံနက်ပိုင်းက ပြုလုပ်သောမိုးသီးနှံများ (FAW)ငမြှောင်တောင် ကာကွယ်နှိမ်နှင်းရေးအတွက် သွင်းအားစု ပံ့ပိုး ပစ္စည်းများထောက်ပံ့ပွဲနှင့် (G.A.P) လက်မှတ်ပေးအပ်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆေးဖျန်းပုံးနှင့် ဆေးဖျန်းဝတ်စုံများနှင့် ရှမ်းပြည်နယ် စိုက်၊ မွေး၊ ဆည်ဝန်ကြီး ဦးစိုင်းလုံကျော် က ပိုးသတ်ဆေးများကို ထောက်ပံ့ ပေးအပ်ရာ တောင်သူများကိုယ်စား တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ဆက်လက်၍ C.P ကုမ္ပဏီမှ လှူဒါန်းသော အစေ့ထုတ်ပြောင်းမျိုးစေ့များနှင့် ဓာတ်မြေဩဇာများကို အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က လည်းကောင်း၊ (G.A.P) အသိအမှတ်ပြုလက်မှတ်များကို စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲ တင့်ထွန်းကလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

mdn

 

ရှမ်းပြည်နယ်သည် ပြောင်းသီးနှံ အများဆုံးစိုက်ပျိုးသည့် ဒေသဖြစ်ပြီး ၂၀၁၈ မိုးရာသီတွင် ပြောင်းစိုက်ဧက(၇၀၀၀၀၀)ခန့် ရှိခဲ့သည်။ စပါး၊ နှံစားပြောင်း၊ ကြံ၊ ဟင်းသီး ဟင်းရွက် သီးနှံများ အပါအဝင် သီးနှံမျိုးစိတ် (၈၀)မျိုးခန့်တွင် ကျရောက်နိုင်သည့် ဖောငမြောင် တောင်ပိုးသည် ပြောင်းဖူးကို ပိုမိုနှစ်သက်သည့် အားလျော်စွာ မြန်မာနိုင်ငံအနှံ့ရှိ ပြောင်းဧက (၁၃၀၀၀၀)တွင် ကျရောက် ဖျက်ဆီးခဲ့ကြောင်း“ဖော” ငမြှောင်တောင် ကျရောက် ဖျက်ဆီးမှုအား သီးနှံကာကွယ်ရေးဌာနခွဲ (ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်များရှိသီးနှံ ကာကွယ်ရေးနှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ အချိန်မီကွင်းဆင်းပြီး ကာကွယ်နှိမ်နင်းခြင်း၊ ပညာပေးဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ဥမြုံနှင့် လောက်ကောင်များ ကောက်ယူ၍ ဖျက်ဆီးခြင်း၊ ပိုးသတ်ဆေးများ ပက်ဖျန်းခြင်း၊ ပညာပေးဗွီနိုင်းပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့သည့်နည်းတူ ဖောငမြောင်တောင် ကျ​ရောက်သည့်ဒေသများသို့ ဓာတုပိုးသတ်ဆေးများ၊ နည်းပညာများ ထောက်ပံ့ပေးခဲ့ပြီး ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မူဆယ်မြို့နယ် ရွှေလီရတနာ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ခြင်း လုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်ရန်၊ မြစိမ်း ရောင်ကျေးရွာ (အသားကဏ္ဍ)များ ဆက်လက်ဖော်ဆောင်ရန်၊ နယ်စပ်ဒေသတွင် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရန်နှင့် ဝန်ထမ်းအင်အားဖြည့်တင်းသွားရန်၊ နယ်စပ်ဂိတ်ပေါက်များမှ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း တရားမဝင်ဝင်ရောက်မှု ကာကွယ်တားဆီးခြင်းအား ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မူဆယ်မြို့နယ်၊ ၁၀၅ မိုင်အနီးရှိ "နမ္မတူမိသားစုနို့စားနွားမွေးမြူရေးခြံ" သို့ သွားရောက်၍ နို့စားနွားနှင့် နို့စားကျွဲ မွေးမြူထားရှိမှုများနှင့် မြက်ချဉ်ဖတ်ပြုလုပ်ထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ရှိ စိုက်ပျိုး ရေးဦးစီးဌာန၊ မြေအသုံးချရေးဓာတ်ခွဲခန်း၊ အပင်ပိုးမွှားဓာတ်ခွဲခန်းနှင့် Plant Quarantine တွင် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ရှင်းလင်းပြသသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မူဆယ်မြို့နယ် မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန၊ တိရစ္ဆာန်ရောဂါထိန်းချုပ်ရေး ဓာတ်ခွဲခန်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက တိရစ္ဆာန် ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရန်များ လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)