သခွတ်ပွင့်ကြော်

စံလွင် (ငါးဦးစီး)

 

သခွတ်ပွင့်ကို အများအားဖြင့် ပြုတ်ပြီး ငါးပိရည်နဲ့ အတို့အမြှုပ်အဖြစ် အစားများကြပါတယ်။ တချို့ကတော့ သခွတ်ပွင့်ကို ရေနွေးဖြော ပါးပါးလှီးပြီး ဆီကျက်လောင်းကာ နှမ်းလှော်၊ မြေပဲလေးစိတ်ကွဲထောင်းတို့နဲ့ သုပ်စားကြပါသေးတယ်။ စာရေးသူတို့ အမေကတော့ သခွတ်ပွင့်ဆိုရင် အခြောက်လှန်းပြီး ပြန်ကြော်စားရတဲ့ အရသာကို ပိုကြိုက်တယ်လို့ ဆိုပါတယ်။ 

 

အဖြူရောင်သခွတ်ပန်းတွေက မိုးဦးလေဦးကျ အချိန်တွေမှာ လှိုင်လှိုင်ပွင့်တတ်တာပါ။ မိမိတို့ငယ်စဉ်က မိုးဦးကျအချိန် လျှပ်စီးတွေလက် မိုးတွေခြိမ်းလာပြီဆိုရင် ကောင်းကင်မှာ သိကြားမင်းနဲ့ အသူရာနတ်တွေ စစ်ဖြစ်နေတဲ့အသံတွေလို့ လူကြီးသူမများက ပုံပြင်သဖွယ်ပြောပြပါတယ်။ အဲဒီမှာ သခွတ်ပွင့်ရဲ့ နောက်ခံဇာတ်လမ်းလည်းပါလာပြီး အင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ 

 

အသူရာနတ်မင်းရဲ့သမီးကို သိကြားမင်း ခိုးယူသွားရာကစလို့ ရန်ဘက်တွေ ဖြစ်လာကြပြီး အသူရာနတ်မင်းက တာဝတိံသာကို စစ်ချီပါသတဲ့။ နတ်သိကြားတွေနဲ့ စစ်ဖြစ်တဲ့အခါ အသူရာတွေ စစ်ရှုံးလို့ မြင်းမိုရ်တောင် ထက်ကနေ ပစ်ချခြင်းခံရပါသတဲ့။ မိန်းမောရာကနေ နိုးထလာတဲ့အသူရာတွေဟာ ဆွတ်ဆွတ် ဖြူအောင်ပွင့်နေတဲ့ သခွတ်ပွင့်တွေကိုမြင်မှ သူတို့ရောက်နေတဲ့နေရာဟာ အနီရောင်ရဲရဲ ကသစ်ပန်းတွေပွင့်တဲ့ သိကြားမင်းစံရာ တာဝတိံသာမဟုတ်ပါကလား၊ အသူရာပြည ပါပဲလားဆိုတာကို သတိဝင်လာပြီး တာဝတိံသာကို တစ်ဖန် စစ်ချီကြပြန်ပါသတဲ့။ အဲဒီ အကြောင်းအရာကိုယူပြီး သီချင်းရေးဆရာ မြို့မငြိမ်းက “နှစ်တိုင်းပင် သခွတ်ပွင့်ချိန်မှာ သိကြားနဲ့ အသူရာ သမက်နဲ့ ယောက္ခမ ဘောက်ကျလို့လည်း အားမရနိုင်ရှာ” ရယ်လို့ စာသားသွင်းပြီး “သခွတ်ပန်း” အမည်နဲ့ သီချင်း ရေးဖွဲ့ရာမှာ နာမည်ကြီးပြီး အလွန်လူကြိုက် များပါတယ်။ 

 

အထက်အညာဒေသဘက်မှာက လက်ပံပွင့်၊ သခွတ်ပွင့်၊ မန်ကျည်းဖူး၊ မန်ကျည်းရွက် အစရှိတဲ့ အပွင့်အရွက်တွေကို နှစ်ပေါက်ထား စားသုံးဖို့ကို အချဉ်တည်၊ အခြောက်လှန်းကာ သိုမှီးထားတတ်ကြပါတယ်။ သခွတ်ပွင့်ကို အခြောက်လှန်းမယ်ဆိုရင် အပွင့်အတွင်းက ဝတ်ဆံလေးတွေကိုဖယ်ပြီး အပွင့်ကိုထက်ခြမ်း ခွဲကာ ခြောက်သွေ့သွားအောင် ကျဲကျဲပူတဲ့ နေမှာ နှစ်နေလောက်ပြရပါတယ်။ ထူးခြားချက်က ဖြူဆွတ်နေတဲ့ သခွတ်ပွင့်တွေဟာ နေလှန်းလိုက်ရင်မည်းသွားတတ်ပြီး ချက်ပြုတ် တဲ့အခါလည်း အရောင်ညိုမည်းသွားပါတယ်။ သခွတ်ပွင့်ရဲ့ အကျိုးဂုဏ်ကို ဥတုဘောဇန သင်္ဂဟကျမ်းမှာ “သခွတ်ပွင့်သည် ချို၊ ဖန်၊ ခါး အရသာရှိ၏။ အေး၏။ အစာကို မျှစေ တတ်၏။ သွေး၊သလိပ်တို့ကို နိုင်၏” လို့ ဖော်ပြထားပါတယ်။ 

 

နေလှန်းထားတဲ့ သခွတ်ပွင့်ခြောက်တွေကို ကြော်စားတော့မယ်ဆိုရင် အပွင့်တွေ နူးပွလာအောင် ဦးစွာ ရေအေးနဲ့ နှစ်နာရီ လောက် စိမ်ရပါမယ်။ မြန်ချင်ရင်တော့ ရေနွေး နဲ့ စိမ်လိုက်ပါ။ အပွင့်တွေရေနူးပြီး ပွလာတဲ့ အခါ ရေညှစ်ပြီး မထူမပါးလှီးကာ အသင့်ပြင် ထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထောင်းပြီးသား အရောကို ဆီမွေးသတ်ပါ။ ကြက်သွန် ကြော်တွေ ရွှေရောင်သန်းလာတဲ့အခါ သခွတ် ပွင့်များကို ထည့်လှိမ့်ပေးပါ။ 

 

ပြီးက အပွင့်များနူးလာအောင် ရေထည့်ပြီး အဖုံးအုပ်ကာ ဆက်တည်ထားပါ။ ဆီဆူသံ ပေးပြီး ဆီပြန်စ ပြုလာတဲ့အခါ အပေါ့၊ အငန် မြည်းလို့ မီးဖိုမှချကာ စားရန်အသင့်ဖြစ်ပါပြီ။ သခွတ်ပွင့်ကျော်ရဲ့ အရသာဟာ ချို၊ ဖန် အရသာမှာ အခါးလေးစွက်နေတာကြောင့် နှုတ်မြိန်အောင် အစွမ်းထက်တဲ့ဆေးဖက်ဝင် ဟင်းလျာတစ်ခွက် ဖြစ်ပါတယ်။