သက်ရှိသတ္တဝါတို့၏ ဤမြေကမ္ဘာ အားလုံးရှင်သန်ခွင့်ရှိသည်သာ

၂၅ ဒီဇင်ဘာ

 

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခု၊ သုံးခု၊ လေးခု သို့မဟုတ် မိမိတို့ ငယ်စဉ် ဘဝက ပုံမှန်တွေ့မြင်ခဲ့ရဖူးသည့် မြင်ကွင်းများ တဖြည်းဖြည်း ပျောက်ဆုံး သွားခဲ့ပြီဖြစ်သည်ကို သတိထားမိသူများ နည်းပါလိမ့်မည်။ နံနက် စောစောနှင့် ညနေဆည်းဆာချိန်တိုင်း အုပ်ဖွဲ့ပျံသန်းသွားတတ်ကြသည့် ရေဘဲ၊ ရေငှက်များ၊ ဆောင်းရာသီရောက်တိုင်း လယ်ကွင်းရေစပ်များ ရှိရာဆီ ဆင်းသက်လာတတ်ကြသည့် ကြိုးကြာငှက်၊ ဝန်ပိုငှက်များ၊ သစ်ပင်မြင့်ကြီးများပေါ်တွင် အုပ်စုလိုက် ဆူညံစွာ မြူးတူးနေတတ်ကြသည့် ကြက်တူရွေးများ၊ မိုးဦးကျတိုင်း မြက်ခင်း လယ်ကွင်းများဆီမှ ဖားကောင်ရေ ရာပေါင်း၊ ထောင်ပေါင်းများစွာတို့၏ အော်မြည်သံမျိုးစုံများ၊ မစိုက်ပျိုးဘဲ အလေ့ကျပေါက်လာသည့် ကန်စွန်း၊ ထိကရုံး၊ ကနဖော့၊ မှိုနားတို စသည်တို့ အပါအဝင် လယ်တောထဲမှ စားစရာအပင်ငယ် မျိုးစုံနှင့် ငါး၊ ပုစွန်၊ ခရုများစသည့် မိမိတို့ပတ်ဝန်းကျင်မှ သဘာဝပေါက်ပင်များနှင့် သားငှက်များမှာ အတိတ်ကာလမှ ပုံရိပ်များသာဖြစ်ပြီး ပစ္စုပ္ပန်ကာလတွင်မူ တွေ့မြင်ခွင့်ရရန် ခဲယဉ်းသွားပြီဖြစ်သည်။

 

လူသားတို့အပါအဝင် မြေကမ္ဘာကြီးပေါ်တွင် ရှင်သန်ကျက်စားကြသည့် သက်ရှိသတ္တဝါများ ဖြစ်တည်ပေါ်ပေါက်လာစေရန် နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့သည်။ အားကြီးသူသာ ရှင်သန်နိုင်သည့် သဘာဝပတ်ဝန်းကျင်၏ ဆင့်ကဲဖြစ်စဉ်များအတွင်း ဇီဝမျိုးစုံ မျိုးကွဲတို့မှာ တရွေ့ရွေ့ ပြောင်းလဲမှု၊ ဖြစ်ပေါ်တိုးတက်မှု၊ မျိုးစုံမျိုးကွဲ ခွဲထွက်မှုများဖြင့် သဘာဝနှင့် ကိုက်ညီ အောင် ချိန်ညှိပြောင်းလဲကာ ရှင်သန်ကြရသည်။ သက်ရှိသတ္တဝါများအနက် အသိဉာဏ်အမြင့်မားဆုံးသော လူသားတို့က က္ဘာကြီးကို ချုပ်ကိုင်လွှမ်းမိုး ကာ သဘာဝတရားကြီးကို အံတုဖက်ပြိုင်လာနိုင်ပြီဖြစ်သည့်တိုင် အခြား သော သက်ရှိများဖြစ်သည့် သားငှက်တိရ္ဆာန်တို့သည်လည်း ကမ္ဘာမြေ ပေါ်တွင် ရှင်သန်ခွင့်ရှိသည်သာ ဖြစ်သည်။ သို့မဟုတ် အသိဉာဏ်အမြင့်မား ဆုံးသော လူသားများအနေဖြင့် အခြားသက်ရှိသတ္တဝါ သားငှက်တိရ္ဆာန် တို့၏ ရှင်သန်နိုင်ခွင့်ကို အသိအမှတ်ပြုကာ စောင့်ရှောက်ကာကွယ်မှုပြုရန် တာဝန်များရှိနေသည်။

 

သဘာဝပေါက်ပင်များနှင့် သားငှက်တိရ္ဆာန်များ ပျက်စီးပြုန်းတီး ပျောက်ကွယ်သွားရခြင်း၏ အကြောင်းရင်းများစွာအနက် အဓိကကျသော အကြောင်းရင်းများမှာ ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ သစ်တောပြုန်းတီးမှု၊ အလွန်အကျွံ သို့မဟုတ် တရားမဝင် အမဲလိုက်မှု၊ အလွန်အကျွံငါးဖမ်းဆီးမှု၊ စိုက်ပျိုးမြေ၊ စားကျက်မြေများ ချဲ့ထွင်မှု၊ လူဦးရေတိုးပွားလာမှုနှင့်အတူ မြေယာအသုံးချမှု၊ သယံဇာတ ထုတ်ယူ သုံးစွဲမှု၊ စွမ်းအင်၊ ရေအရင်းအမြစ်များ ထုတ်ယူအသုံးပြုမှု များပြားလာမှု၊ သားရိုင်းတိရ္ဆာန်များ၏ ကိုယ်အဂ¯အစိတ်အပိုင်းများကို အရောင်းအဝယ် ပြုမှုတို့ပင် ဖြစ်သည်။

 

လက်ရှိ်အခြေအနေတွင် မိမိတို့နိုင်ငံအနေဖြင့် ကျား၊ ဆင် စသည့် သားရိုင်းတိရ္ဆာန်ကြီးများမှာ တရားမဝင်အမဲလိုက်ခြင်းကြောင့် ကောင်ရေလျင်မြန်စွာ ကျဆင်းနေကြောင်း၊ အဆိုပါသတ္တဝါများ၏ ကိုယ်အဂ¯အစိတ်အပိုင်းများကို နယ်စပ်ရှိ မှောင်ခိုဈေးကွက်များတွင် အရောင်းအဝယ်များ ရှိနေခြင်းကြောင့် အမဲလိုက်သတ်ဖြတ်မှုများ ပိုမို များပြားလာကြောင်း၊ ဆင်များ သတ်ဖြတ်ခံရမှု ယခင်ထက် ပိုများလာပြီး၊ ကျားကောင်ရေမှာလည်း လွန်စွာနည်းပါးသွားပြီဖြစ်ရာ အခြား ကျားမျိုး နွယ်များဖြစ်သည့် အင်းကျား၊ ကျားသစ် စသည့် မျိုးစိတ်များ၏ ရှင်သန်မှုကို ခြိမ်းခြောက်လာကြောင်း မကြာမီက သတင်းများ ထွက်ပေါ် လာသည်။

 

တစ်ဆက်တည်းမှာပင် တောနေတိရ္ဆာန်များဖြစ်သည့် ချေ၊ ဆတ်၊ တောဝက်၊ တောင်ဆိတ်၊ ဖြူ၊ မျောက်စသည့် သတ္တဝါတို့၏ အသားကို ဟင်းလျာအဖြစ် ရောင်းချနေသည့် စားသောက်ဆိုင်များကို မရောင်းချရန် ပညာပေးခြင်း၊ တားဆီးခြင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူတို့က ပြုလုပ် လျက်ရှိကြောင်းလည်း သိရသည်။ ရောင်းချမှုများရှိခြင်းမှာ စားသောက် သူများရှိခြင်းကြောင့်လည်းဖြစ်ရာ ပုံမှန်စားသုံးနေကျ သားငါးများ မဟုတ်သည့်အပြင် စားသုံးရန်သင့် မသင့် စစ်ဆေးထားခြင်းမရှိသော သားရိုင်းသတ္တဝါတို့၏ အသားကို အထူးအဆန်းအဖြစ် စားသောက်မှုကို ဆင်ခြင်သင့်သည်ဟု ယူဆမိသည်။ အေအိုင်ဒီအက်စ်ကဲ့သို့သော ရောဂါ၏ မူလအစမှာ အာဖရိကမျောက်ဝံများဖြစ်ပြီး ¤င်းတို့၏ အသားများကို စားရာမှ လူတို့ထံ ကူးစက်ခဲ့ခြင်းဖြစ်သည်ဟု မှတ်သားခဲ့ရဖူးရာ နမူနာယူ ဆင်ခြင်ဖွယ်ဖြစ်သည်ဟု ဆိုချင်ပါကြောင်း။