နေပြည်တော် ၉ ဧပြီ

 

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်း ၂၀၁၈ ခုနှစ် ဇွန် ၁၇ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းထန်စွာ တိုက်ခတ်မှုများကြောင့် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ တောင်ရိုးတန်းရှိ အထင်ကရသမိုင်းဝင် စေတီတော်တစ်ဆူဖြစ်သည့် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ ကုန်းတော်၊ မြေထိန်းနံရံများနှင့် သာသနိက အဆောက်အဦများ ပြိုကျပျက်စီးခဲ့ရသည်။

 

အဆိုပါ ပျက်စီးခဲ့မှုများကို အမြန်ပြန်လည် ပြုပြင်မွမ်းမံနိုင်ရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာငွေရှာဖွေရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ပထမအဆင့် အနေဖြင့် ကုန်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ကုန်းမြေတွင် Drilling လုပ်ခြင်း၊ Anchor Installation လုပ်ငန်းနှင့် Grouting လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား စေတီတော်မြတ်ကြီး ပြန်လည်တည်ဆောက်ရေး ကော်မတီနှင့် Right Tunnelling Myanmar ကုမ္ပဏီတို့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် လုပ်ငန်းသဘောတူစာချုပ်ကို ချုပ်ဆိုဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်တွင် လုပ်ငန်းများစတင် ဆောင်ရွက်လျက်ရှိသည်။

 

သမိုင်းဝင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးကုန်းတော် ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် မော်လမြိုင်မြို့ ကမ္ဘောဇဘဏ်ခွဲ(၁)၌ KBZ Bank Account No.(02230202202309302) ဖြင့် ရန်ပုံငွေဖွင့်လှစ်ထားရှိပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အလှူငွေများ ထပ်မံလိုအပ်လျက်ရှိသဖြင့် အနယ်နယ်အရပ်ရပ်ရှိ စေတနာရှင်များ၊ အဖွဲ့အစည်းများအနေဖြင့် အဆိုပါ KBZ Bank Account သို့ တိုက်ရိုက်ထည့်သွင်း လှူဒါန်းခြင်းဖြင့်လည်းကောင်း၊ ဦးမြင့်သန်းဝင်း၊ ညွှန်ကြားရေးမှူး (ဝ၉-၅၁၈၆၅၃၆)၊ ဦးစိုးမြင့်၊ ညွှန်ကြားရေးမှူး(ဝ၉-၅၃၁၂၅၈၉)၊ ဦးမြင့်အောင်၊ ညွှန်ကြားရေးမှူး (ဝ၉-၅၃၂၂၅၈၂)နှင့် ဦးကျော်ဇင်ဦး၊ ညွှန်ကြားရေးမှူး (ဝ၉-၄၄၀၆၃၉၆၁၁)တို့ထံ ဆက်သွယ်လှူဒါန်းခြင်းဖြင့်လည်းကောင်း၊  အလှူခံဌာနများဖြစ်သည့် ကျိုက်သလ္လံစေတီတော်ဂေါပက အဖွဲ့ရုံး(ဝ၅၇-၂၀၂၁၃၃၄)နှင့် မွန်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနရုံး (ဝ၅၇-၂၀၂၅၈၇၆၊ ဝ၉-၂၅၅၇၂၂၃၅၁)၊ မွန်ပြည်နယ် အစိုးရဖွဲ့ရုံး(ဝ၅၇-၂၀၂၇၃၀၃)၊ မွန်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (ဝ၅၇-၂၀၂၇၀၃၅) တို့သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

မောင်လူမော်