K ဇင်သစ်(မန်းတက္ကသိုလ်)
ယနေ့ သမဝါယမအသင်းများ ဖွဲ့စည်းပုံ
သမဝါယမအပေါ် အကောင်းမမြင်တဲ့ လှိုင်းဂယက်က ယနေ့တိုင် ထန်နေဆဲပါ။ အရိပ်မည်းရဲ့ ဝဲဂယက်ထဲမှာ မျောပါနေကြရပြီး အားမလျှော့ဘဲ ဇွဲမာန်တင်းပြီး ရုန်းကန်နေကြသူ ပစ္စက္ခ သမဝါယမလောကသားများအဖို့ အကောင်းမမြင် သူတွေကို ခွန်းတုံ့ပြန်ဖို့ဆိုတာကလည်း “ဘဲအုပ်ကတစ်ရာ နှစ်ရာ မဗေဒါက တစ်ယောက်(ပင်)တည်း”ဆိုသလိုများ ဖြစ်နေရောလား။ တချို့က အကောင်း မမြင်ရုံတင် မဟုတ်။ အဆိုးမြင်၊ ပုတ်ခတ်၊ ပျက်စီးပျောက်ကွယ်သွားစေလိုသော စိတ်ဆန္ဒ ရှိသူများလည်း ရှိနေမှာကို ငြင်းဖွယ်မရှိပါ။ ခက်တာက သမဝါယမ ခမျာလည်း အရေထူနေပြီလားပဲဟု တစ်ခါတစ်ရံ မှတ်ချက်ပြုမိသည်။ သမဝါယမကတော့ လူမျိုး-ဘာသာ၊ အရောင်-အသွေး၊ ကျား-မ၊ ဆင်းရဲ- ချမ်းသာ မခွဲခြားဘဲ အကောင်းမြင်သူ၊ အဆိုးမြင်သူ၊ ဝေဖန်ကဲ့ရဲ့ အတိမ်အနက် ဂဃနဏ မသိသေးသူတွေအပေါ်ကိုတော့ ယနေ့ထိတိုင် အကောင်းမြင်တဲ့ ဘက်က ကြိုဆိုနေဆဲပါ။ အဆိုးထဲက အကောင်းကို ရှာဖွေပြီး ကောင်းနိုးရာရာ တွေကို ချီးမွမ်းထောမနာပြုဖို့ နေနေသာသာ သမဝါယမဆိုတဲ့ ဝေါဟာရ ကြားလိုက်ရုံနဲ့ အကောင်းမမြင်-အဆိုးထင်ဆိုတဲ့ လမ်းစဉ်ကိုများ လက်ကိုင် ထားနေကြလေသလားလို့လည်း မယိုးစွပ်ရဲပါ။
“သမိုင်းတစ်ကွေ့မှာ မြန်မာ့သမဝါယမဟာ အစိုးရရဲ့လက်ကိုင်တုတ်သဖွယ် အသုံးချခံခဲ့ရတယ်”ဟု အချို့ကလည်း ဆိုနေကြပြန်သေးသည်။ ကမ္ဘာတွင် အောင်မြင်တိုးတက်နေသည့် သမဝါယမများသည် လွတ်လပ်ပွင့်လင်းမှုနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရှိနေကြသည်။ နိုင်ငံများ၏ အစိုးရများကလည်း သမဝါယမနှင့် ပတ်သက်၍ ဥပဒေပြဋ္ဌာန်းမှုများအပါအဝင် ထောက်ပံ့ကူညီမှု များလည်း လက်မနှေးကြစတမ်း ဆိုသကဲ့သို့ ရှိနေပေသည်။
မြန်မာနိုင်ငံတွင် ၂၂-၁၂-၁၉၉၂ ရက်က ထုတ်ပြန်ထားသည့် “သမဝါယမ အသင်းဥပဒေ”သည် ကမ္ဘာ့သမဝါယမများနှင့် ရင်ပေါင်တန်းနိုင်ရန် ဈေးကွက် စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေရှိနေပြီး အသင်း၏ လူမှု-စီးပွားရေး လုပ်ငန်းများကိုလည်း အများ၏ဆန္ဒဖြင့် ကိုယ့်ကြမ္မာကို ဖန်တီးခွင့်ပေးထားကာ လွတ်လပ်ပွင့်လင်းမှုရှိနေသည်ကို တွေ့ရသည်။ နိုင်ငံသား အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း သတ်မှတ်အစုတန်ဖိုးထည့်ဝင်ကာ သမဝါယမအသင်းသား ဖြစ်ခွင့်ရှိနေသည်ကိုလည်း အချို့လူများ သိရှိမှုနည်းနေသေးသည်ဟု ထင်မိ သည်။
စုပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှု ရလိုသူများနှင့် အများအကျိုး ထမ်းသယ်ပိုးလိုသူများအတွက် အသင်းသားများအဖြစ် ပါဝင်ပြီး သမဝါယမ အသင်း ဖွဲ့စည်းထူထောင်ခွင့် ရှိနေသည်။ ဆန္ဒတူသူများဖြင့် အသင်းဖွဲ့စည်းခွင့် ရနေပြီး ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင်၊ အထွေထွေစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကာ ရရှိသောအကျိုးအမြတ်များကို အသင်းတွင် ပါဝင်နေသူများသာ ခံစားခွင့်ရှိနေခြင်းက တန်းတူညီမျှမှုနှင့် သာတူညီမျှမှုတို့ကို ရှေ့တန်းတင် ထားသည်ဖြစ်ကာ ဒီမိုကရေစီ စံနှုန်းများဖြင့် ကိုက်ညီနေသည်။
၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အသင်းများ၏ အသွင်ပြောင်းပုံသဏ္ဌာန်ကို လက်လှမ်းမမီလိုက်သူများအတွက် ဝေခွဲရခက်နေသည်များလည်း ရှိနိုင်ကောင်း ပါသည်။ မပြီးဆုံးသေးသော ပန်းချီကားကို ရေးဆွဲနေရသည့် သမဝါယမ ရုပ်ပုံလွှာက တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် ဖြေရှင်းနေသည့်တိုင် အများ ပြည်သူပိုင်၊ သမဝါယမအသင်းပိုင်ဟူ၍ အသေးစိတ် သိရှိသူများလည်း နည်း နေသေးသည်ဟု ထင်မှတ်မိသည်။ ဆိုရှယ်လစ်ခေတ်က သမဝါယမအမည်ခံ ပြည်သူပိုင်ပစ္စည်းများ တစ်ခန်းရပ်ခဲ့သည်မှာ ၃၂ နှစ်ကျော်ကြာ တိုင်ခဲ့ပြီ။ ကုန်သွယ်ရေးက လွှဲပြောင်းထားသည့် ပြည်သူ့ဆိုင်(ယနေ့အခေါ် ပြည်သူ ပိုင်သိမ်း) မြေ/အဆောက်အအုံ၊ အခန်းများကို အစိုးရကိုယ်စား သမဝါယမဦးစီး ဌာနက လုပ်ထုံး၊ လုပ်နည်းနှင့်အညီ စီမံခန့်ခွဲပေးနေတာလောက်ပဲ ရှိမည်ထင် သည်။ ယနေ့ခေတ်သမဝါယမအသင်း အဆင့်ဆင့်ပိုင် ရွှေ့ပြောင်း/မရွှေ့ ပြောင်းနိုင်သော ရင်းနှီးပစ္စည်းများသည် ပြည်သူပိုင်/အစိုးရပိုင် မဟုတ်တော့ဘဲ ယင်းအသင်းတို့တွင် ပါဝင်နေသူများသာ ပိုင်ဆိုင်နေသည်ဟု တည်ဆဲဥပဒေက သက်သေထူထားသည်။
အသင်းဖွဲ့မည်ဆိုလျှင် ပြဋ္ဌာန်းချက်များနှင့်အညီ အသင်းစည်းကမ်း ရေးဆွဲပြီး အရပ်ရပ်ဆိုင်ရာအစည်းအဝေး(GM)က အတည်ပြုကာ အသင်း၏ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများကို အသင်းဦးဆောင်သူ BOD များ အပါအဝင် အသင်းသားအားလုံးက သူ့တာ ကိုယ့်စည်း ပူးပေါင်းဆောင်ရွက်ရသည့်၊ အစု အဖွဲ့ဖြင့် လုပ်ဆောင်ရသည့်သဘော ဖြစ်သည်။ အနည်းဆုံး အခြေခံ သမဝါယမအသင်းသုံးသင်းက အသင်းစု၊ အသင်းစုများပါဝင်သော အသင်းစုချုပ်၊ အသင်းစုနှင့် အသင်းစုချုပ်တို့ပါဝင်သော ဗဟိုသမဝါယမအသင်းဟူ၍ အဆင့် ဆင့် ဖွဲ့စည်းထားသည့် မြန်မာ့သမဝါယမအသင်းများ ဖွဲ့စည်းမှုသည် ဘေးတိုက် အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ ရသလို အထက်-အောက်လည်း ဟန်ချက်ညီညီ ဝိုင်းကူလို့ရနေသည်ကို တွေ့ရသည်။ ဤတွင် အရေးဆိုဖွယ် ရှိလာနိုင်သည်မှာ “သမဝါယမတွေ ဖွဲ့တော့ဖွဲ့နေတာပဲ အောင်လည်းမအောင်မြင်ဘူး”ဟု ဆိုကြ ခြင်းဖြစ်သည်။ အောင်မြင်သည်၊ မအောင်မြင်ဘူးဟု ဆိုရလောက်သည့် ပေတံ ကလည်း သူ့ဘက်၊ ကိုယ့်ဘက် အမြင်မတူတာများ ရှိနေနိုင်သည်။ ၂၀၁၃-၂၀၁၄ မှ ၂၀၁၈-၂၀၁၉ ကာလနှင့် ၃၀-၆-၂၀၂၀ ရက်အတွင်း သမဝါယမအသင်း ဖွဲ့စည်းမှု၊ ဖျက်သိမ်းမှု၊ တည်ရှိမှုတို့ကို ပူးတွဲပါ ဇယားအတိုင်း တွေ့ရှိနိုင်သည်။
ကောင်းမွန်တိုးတက်ပြီး အများအကျိုး အလေးထားကာ ရှေ့တန်းရောက် နေသည့် သမဝါယမအသင်းများလည်း အရေအတွက်များများ ရှိနေသလို မိမိအကျိုး၊ အဖွဲ့အစည်းအကျိုး သဟဇာတလွန်ကဲပြီး လုပ်နည်းလုပ်ဟန် လွဲမှားကာ ပျက်သွားရရှာသည့် အသင်းများလည်း ရှိနေပြန်သည်။
သမဝါယမ၏ အခြေခံမူ၊ ကျင့်ဝတ်နှင့် အနှစ်သာရ
မြန်မာ့သမဝါယမ၏ အခြေခံမူ (၁၀)ချက်- ရိုးသားခြင်း၊ ပွင့်လင်းခြင်း၊ လူမှုရေးစိတ်ဓာတ်ရှိခြင်းနှင့် အများအကျိုးကို အလေးထားခြင်းဆိုသည့် သမ ဝါယမကျင့်ဝတ် (၄)ရပ်၊ အနှစ်သာရ (၆)ရပ်တို့သည် ICA အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီ နေသည်ကိုလည်း တွေ့ရသည်။ သမဝါယမအသင်းဟူ၍ ဖြစ်လာပြီဆိုလျှင်တော့ ဥပဒေအရ အသင်းသား အသင်းဝင်များ၏ အကျိုးခံစားခွင့်၊ BOD အသင်း ဝန်ထမ်းများ၏ ခံစားခွင့်များက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီရမည် ဖြစ်ပေသည်။
“သမဝါယမအသင်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်က ဘာတွေလဲ၊ သမဝါယမ အသင်း၏ ဘဏ္ဍာငွေ ရင်းနှီးမတည်ငွေကို ဘယ်လိုရယူနိုင်သလဲ၊ သမဝါယမ အသင်းများ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုအပိုင်း၊ အသင်းများအား စာရင်း စစ်ဆေးမှုအပိုင်းများ ဘယ်လိုရှိကြသလဲ”ဆိုသည့့် မဆုံးနိုင်သော မေးခွန်းများ ကလည်း ဒီရေအလား မြင့်တက်နေဆဲဟု ထင်ပါသည်။ မေးခွန်းပေါင်းများစွာ၏ အဖြေများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများတွင် အသေးစိတ် ဖော်ပြပါရှိပြီး ဖြစ်သည်။
ထိုအထဲမှ အချက်အချို့ကို ထုတ်နုတ်ရလျှင် “အသင်း၏တာဝန်(၈)ချက်ရှိပြီး အသင်းစည်းကမ်း လိုက်နာခြင်း၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပါဝင်ဆောင်ရွက်နေသူများကို ခံစားခွင့် နှစ်စဉ်ခွဲဝေပေးခြင်း၊ စာရင်းဇယားများ ပြုစုခြင်းနှင့် သက်ဆိုင်ရာသို့ အစီရင်ခံစာ ပေးပို့ခြင်း၊ စာရင်းစစ်ခံယူခြင်း”တို့ ဖြစ်သည်။ သမဝါယမအသင်း၏ စာရင်းများကို အသင်း ကိုယ်တိုင်က ရေးဆွဲခြင်းနှင့် အသင်းစာရင်းစစ်များကလည်း စစ်ဆေးကြရမည် ဖြစ်ပေသည်။
အသင်း၏လုပ်ပိုင်ခွင့် (၆)ချက်ရှိပြီး ယင်းတို့မှာ “ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင် တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်၊ တရားစွဲခံနိုင်ခွင့်များရှိခြင်း၊ ပစ္စည်းများ ပိုင်ဆိုင်ခွင့်ရှိခြင်း၊ ပဋိညာဉ်စာချုပ် ချုပ်ဆိုပိုင်ခွင့်ရှိခြင်း၊ အသင်းက ရရန်ရှိသော ကြွေးမြီများကို အသင်းသား သို့မဟုတ် အသင်းဝင်၏ အစု၊ စုဆောင်းငွေ၊ ရင်းနှီးငွေနှင့် အသင်းက ပေးရန်ရှိသော အကျိုးခံစားခွင့်များမှ ခုနှိမ်ခွင့်ရှိခြင်း၊ ပုဂ္ဂလိကများနှင့် အကျိုးတူ ပေါင်းစပ်ဆောင်ရွက်ပိုင်ခွင့်ရှိခြင်း၊ အစိုးရ၏ ပံ့ပိုးကူညီမှုကို ရယူခွင့် ရှိခြင်း”ဟူ၍ တည်ဆဲဥပဒေတွင် ဖော်ပြထားသည်။
အသင်း၏ ဘဏ္ဍာရေးအပိုင်းတွင်လည်း “သမဝါယမအသင်းများသည် မိမိပိုင်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သော အဖွဲ့အစည်းဖြစ်၍ အသင်းသား အသင်းဝင်တို့၏ အစု၊ စုဆောင်းနှင့် ရင်းနှီးငွေများ၊ အမြတ်ငွေနှင့် ရန်ပုံငွေများ၊ ပြည်တွင်း ပြည်ပ ထောက်ပံ့ငွေများ၊ ချေးငွေများနှင့် တရားဝင်ရငွေများ”ဖြင့် လည်ပတ်လုပ်ကိုင် ဆောင်ရွက်နေကြခြင်း ဖြစ်ပေသည်။ ဒီဘက်ခေတ်များတွင် သမဝါယမအသင်းများအနေဖြင့် “အစိုးရ၏ ပံ့ပိုးကူညီမှုကို ရယူခွင့်ရှိခြင်း”ဟု ဆိုသော်လည်း ကိုယ့်အားကိုယ်ကိုး၍ ရုန်းကန်နေကြရဆဲဆိုသည်ကိုလည်း အားလုံးအသိပင် ဖြစ်ပေမည်။
သမဝါယမအသင်းများအား စီမံခန့်ခွဲခြင်း
သမဝါယမအသင်းများအား စီမံခန့်ခွဲခြင်းနှင့် ပတ်သက်၍ နည်းဥပဒေ အပိုဒ်(၇၀)၊ (က)တွင် “အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသည် သမဝါယမ အသင်း၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး သမဝါယမအသင်း၏ ကိစ္စအဝဝကို အပြီးသတ် ဆုံးဖြတ်နိုင်ခွင့်ရှိသည်။ အမှုဆောင်အဖွဲ့သည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး တစ်ခုနှင့်တစ်ခုအကြား အရပ်ရပ်ဆိုင်ရာ အစည်း အဝေးသို့ တာဝန်ခံ၍ အသင်း၏ နေ့စဉ်လုပ်ငန်းများကို စီမံခန့်ခွဲရမည်”ဟု ဖော်ပြထားသကဲ့သို့ အသင်းများအား ကြီးကြပ်ကွပ်ကဲခြင်းအပိုင်းတွင်လည်း နည်းဥပဒေ အပိုဒ်(၇၃)တွင် “သမဝါယမအသင်းကို အသင်းသား၊ အသင်းဝင်၊ ဦးစီးကော်မတီဝင်များ၏ ဆန္ဒဖြင့် စီမံခန့်ခွဲ ကြီးကြပ်ကွပ်ကဲရမည်။ ဦးစီး ကော်မတီ၊ အမှုဆောင်အဖွဲ့သည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး၏ ဆုံးဖြတ် ချက်များဖြင့် အသင်းကို ကြီးကြပ်ကွပ်ကဲရမည်၊ သမဝါယမအသင်း လုပ်ငန်းအဖွဲ့များကို ဦးစီးကော်မတီ သို့မဟုတ် အမှုဆောင်အဖွဲ့က ကြီးကြပ် ကွပ်ကဲရမည်၊ ဝန်ထမ်းများကို အမှုဆောင်အဖွဲ့ကဖြစ်စေ၊ တာဝန် လွှဲအပ် ခြင်းခံရသည့် လုပ်ငန်းအဖွဲ့က ဖြစ်စေ ကြီးကြပ်ကွပ်ကဲရမည်”ဟု ပြဋ္ဌာန်းထား ပေသည်။
သို့ဆိုရာ ဖွဲ့စည်းပြီး သမဝါယမအသင်းများအနေဖြင့် သမဝါယမဦးစီးဌာန အဆင့်ဆင့်တွင် မှတ်ပုံတင်ကြရပြီး ဦးစီးဌာန (သို့မဟုတ်) စာရင်းကျွမ်းကျင်သူ များက ခြောက်လတစ်ကြိမ် စာရင်းစစ်ဆေးခြင်းနှင့် နှစ်ကုန်သည့်အခါ နှစ်ချုပ် စာရင်းစစ်ဆေးပြီး စစ်ဆေးချက် အစီရင်ခံစာများကို သက်ဆိုင်ရာ သမဝါယမ ဦးစီးဌာနသို့ ပေးပို့၍ အတည်ပြုရမည်လည်း ဖြစ်ပေသည်။ ၃၀-၆-၂၀၂၀ ရက် အထိ အသင်းသား ၄၂၁၂၉၅၇ ဦးဖြင့် ဖွဲ့စည်းထားသည့် အခြေခံသမဝါယမ အသင်းပေါင်း ၃၉၁၁၁ သင်း ရှိနေခြင်းကြောင့် ပျမ်းမျှအားဖြင့် အခြေခံအသင်း တစ်သင်းတွင် အသင်းသား ၁၀၈ ဦးခန့် ပါဝင်နေကြသည်ဟု အကြမ်းဖျင်း တွက်ချက်၍ ရနိုင်ပေသည်။ အချို့အသင်းများသည် အသင်းသား ၁၀ ဦး၊ ၁၅ ဦးခန့်သာ ပါဝင်နိုင်သလို အချို့အသင်းများမှာ အသင်းသားဦးရေ ၃၀၀၀ ခန့် ရှိနေသည်ကိုလည်း တွေ့ရပေသည်။
အခြေခံအသင်းအများစုမှာ ကျေးလက်ဒေသများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူများဖြင့် ဖွဲ့စည်းထားသည့် အသင်းများ ဖြစ်နေကြသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးတို့အတွက် အဓိက ပင်မ ကျောရိုးသဖွယ် ကျေးလက်ဗဟိုပြု ဖွဲ့စည်းတည်ရှိနေသည့် သမဝါယမအသင်း များကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနေသကဲ့သို့ စုပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ၊ အများဆန္ဒဖြင့် စီမံခန့်ခွဲ သည့် ဒီမိုကရေစီကျင့်စဉ်များ တိုးပွားရရှိလာမည်လည်း ဖြစ်ပေသည်။
အချုပ်ဆိုရသော် သမဝါယမဆိုသည်မှာ “ဆန္ဒအလျောက် ပူးပေါင်းကြ သူတို့က မိမိတို့၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်နှင့် လိုအင်ဆန္ဒများ ဖြည့်ဆည်းရန်အလို့ငှာ ပူးပေါင်းပိုင်ဆိုင်ပြီး အများဆန္ဒနှင့်အညီ ကိုယ်တိုင်စီမံခန့်ခွဲဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်သည်”ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထားရာ လူသားအကျိုးပြုလုပ်ငန်းများကို အများ၏ဆန္ဒဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေကြသည့်၊ လူမှုရေးကို အလေးထားပြီး ကိုယ့်ခွန် ကိုယ့်အား စိုက်ထည့်ကာ ပူးပေါင်းမှုစွမ်းအားဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြသည့် သမဝါယမအသင်းများ တစ်နည်း သမဝါယမ လုပ်ငန်းများအပေါ် ကဲ့ရဲ့မှုအဖုံဖုံ၊ ဝေဖန်မှုအနန္တ၊ ပြစ်တင်မှုအမျိုးမျိုးတွေမှ ကင်းဝေးနိုင်ကြပါစေဟူ၍သာ။ ။
ကိုးကား
၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေ
၂၀၁၃ ခုနှစ် သမဝါယမအသင်းနည်းဥပဒေများ
သမဝါယမဦးစီးဌာန၊ စာရင်းမှတ်တမ်းများ


