သင်္ဘောသား လူသစ်များကို အလုပ်ခေါ်ယူရာတွင် အချို့လူသစ်များမှာ ပြောထားသည့် သင်္ဘောနှင့် အမှန်တကယ်တက်ရသည့် သင်္ဘောမတူသည့် ပြဿနာများကို ရင်ဆိုင်နေရ

ရန်ကုန် ဧပြီ ၂၄

သင်္ဘောသား လူသစ်များကို အလုပ်ခေါ်ယူရာတွင် အချို့လူသစ်များမှာ ပြောထားသည့် သင်္ဘောနှင့် အမှန်တကယ် တက်ရသည့် သင်္ဘောမတူသည့် ပြဿနာများကို ရင်ဆိုင်နေကြရကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် (MSF) မှ ဥက္ကဌ ကပ္ပတိန် စိုးမင်းအောင် က ပြောသည်။

လက်ရှိ အခြေအနေအရ သင်ကြားမှု အခြေအနေနှင့် ဘာသာစကား ပြဿနာများကြောင့် သင်္ဘောသား လူသစ်များအတွက် အလုပ်အကိုင်ရှားပါးမှု ရှိနေကြောင်းလည်း သိရသည်။

"နိုင်ငံခြားရောက်သွားပြီး သင်္ဘောပေါ်တက်မယ်ဆိုရင် ရန်ကုန်မှာလူတွေ့ဖြေတုန်းက သူ့ကိုပြောလိုက်တဲ့ သသေင်္ဘာမဟုတ်ဘဲ တခြားသင်္ဘော ဖြစ်နေတာပေါ့။ အမျိုးအစား၊ နာမည်မတူတဲ့ သင်္ဘောဖြစ်နေတယ်။ တချို့ဟာတွေဆို လက်ခံလိုမရတဲ့အခြေအနေရှိတဲ့ တော်တော်ကို အဆင့်အတန်းနိမ့်တဲ့ သင်္ဘောမျိုးတွေမှာ သွားအလုပ်လုပ်တာတွေ တွေ့ရတယ်။ ခက်တာကလည်း သူက ဒီကနေသွားတဲ့အချိန် ဒီမှာ ရိုက်ကြေးနဲ့ ပွဲစားခ က ပေးပြီးပြီ။ ပြန်လာရင်လည်းရှုံးမှာ။ ဘာဖြစ်သွားလဲဆိုတော့ မင်းကိုငါက အလုပ်ခန့်ပြီးပြီ၊ မင်းဟာမင်း မကျေနပ်လို့ ပြန်လာတယ် ဆိုတာမျိုးလည်း တွေ့နေရတယ်” ဟု ၎င်းက ဆိုသည်။

သင်္ဘောသား အလုပ်အကိုင်အနေဖြင့် ပတ်သက်၍ လက်ရှိတွင် ယခင် သင်္ဘောအလိုက်များသည့် နိုင်ငံအချို့က နိုင်ငံ၏ စီးပွားတက်လာသည့်အတွက် သင်္ဘောမလိုက်တော့သည့်အတွက် လိုအပ်သော သင်္ဘောသားဖြည့်တင်းမှုကို ဆောင်ရွက်နေကြကြောင်းလည်း ၎င်းထံမှ သိရသည်။

"လောလောဆယ်မှာတော့ မြန်မာသင်္ဘောသား အရေအတွက်က ထင်သလောက်တက်မလာဘူး။ တက်မလာတဲ့ အကြောင်းရင်းကလည်း အားလုံးကိုတော့ မဆိုလိုဘူး။ ဒါပေမဲ့ မြန်မာသင်္ဘောသား အများစုလူသစ်ဆိုရင်လည်း သင်္ဘောသားသုံး နိုင်ငံတကာ ဘာသာစကားက အင်္ဂလိပ်စာဖြစ်နေတဲ့အတွက် အင်္ဂလိပ်စာအားနည်းတယ်လို့ လည်းပြောလိုရတယ်။ နောက်တစ်ခုက သင်္ဘောနဲ့ ပတ်သက်တဲ့ အသက်မွေးဝမ်းပညာတွေအကုန်လုံးက စာသင်ခန်းထဲမှာ သင်တာဖြစ်တဲ့အတွက် အလုပ်ရှင်ဖြစ်တဲ့ သင်္ဘောပိုင်ရှင်တွေဘက်က နင်လားငါလားကိုယ်တွေ့မေးတဲ့အခါ စိတ်ကျေနပ်မှု သိပ်မရဘူး။ဘာလို့လဲဆိုတော့ သင်္ဘောသားလူသစ်ကလည်း စာသင်ခန်းထဲမှာသင်တာ ဖြစ်နေတာကိုး။ လက်တွေ့နဲ့လုပ်နိုင်မလား မေးတဲ့အချိန်မှာ စိတ်တိုင်းကျမှုမရှိဘူး။ ဒါမျိုးလေးတွေလည်း တွေ့ရတယ်” ဟု ကပ္ပတိန် စိုးမင်းအောင်က ဆိုသည်။

ယင်းကဲ့သို့ အခြေအနေကို သင်္ဘောသားများနှင့် အဖွဲ့အစည်းများ၊ အာဏာပိုင်များ၊ ဒေသခံ သင်္ဘောကိုယ်စားလှယ်များ၊ သင်တန်းကျောင်းများ စုပေါင်းဖြေရှင်းကြရမည် ဖြစ်ကြောင်းလည်း ၎င်းက သုံးသပ်ပြောကြားသည်။

MT