သင်္ကြန်အတာအိုးများ မန္တလေးဈေးကွက်သို့ ဝင်ရောက်လာကာ အရောင်းအဝယ်များ ကောင်းနေ

မန္တလေး၊ မတ် ၂၅

နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကာလအတွင်း အသုံးပြုရန် ရောင်းချမည့်အတာအိုးများ မန္တလေးဈေးကွက်သို့ မတ်လဆန်းပိုင်းမှ စတင်ဝင်ရောက်လာပြီး လက်လီလက်ကား ဖြန့်ချိရောင်းချပေးလျက်ရှိရာ အရောင်းအဝယ်များ ကောင်းမွန်နေကြောင်း သိရသည်။

အဆိုပါ သင်္ကြန်အတာအိုးများကို မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တပ်ကြီးကျေးရွာနှင့် မတ္တရာမြို့နယ် စကျင် ကျေးရွာများမှ ထုတ်လုပ်တင်ပို့ကာ မန္တလေးဈေးကွက်အတွင်း၌ အိုးအမျိုးအစားအလိုက် တစ်အိုးလျှင် လက်လီဈေးနှုန်း ကျပ် ၈၀၀ မှ ကျပ် ၁၂၀၀၊ လက်ကားဈေးနှုန်း ကျပ် ၆၀၀ မှ ကျပ် ၇၀၀ ဈေးများဖြင့် ရောင်းချပေးလျက်ရှိကြောင်း“ရွှေညောင်ပင်အိုး ဆိုင်” အိုးရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ဒေါ်တင်မာနွယ်က ပြောသည်။ “သင်္ကြန်ကာလမှာ အသုံးပြုကြမယ့် အတာအိုးတွေကို တပ်ကြီးရွာက အများဆုံး ထုတ်လုပ်ရောင်းချပါတယ်။ ဒီနွေဦးကာလမှာတော့ သင်္ကြန်အတာအိုးတွေအပြင် မြောင်မြို့နယ်နဘက်ရွာနဲ့ စဉ့်ကူးမြို့နယ် ခတ်သင်ကျေးရွာတွေကထွက်တဲ့ သောက်ရေ အိုးတွေလည်း ဈေးကွက်ထဲကို ဝင်လာကြတယ်။ နှစ်သစ်ကူးကာလမှာ မြန်မာလူမျိုး တွေအနေနဲ့ လူ့ပြည်ကို ဆင်းလာတဲ့ သကြားမင်းကို နေ့နံ ခုနစ်မျိုးပါတဲ့ အညွန့်ပန်းနဲ့ အတာအိုးထဲမှာထည့်ပြီး ရိုးရာဓလေ့အဖြစ် လှူဒါန်းကြိုဆိုကြတယ်။ ဒါ့အပြင် နှစ်ဆန်း ၁ ရက်နေ့မှာလည်း ပရိတ်အိုးအဖြစ် အသုံးပြုလေ့ရှိကြတဲ့အတွက် သင်္ကြန်ကာလမှာ အတာအိုးတွေ ရောင်းအကောင်းဆုံးပါပဲ။ ဒါကြောင့် အိုးလုပ်ငန်းလုပ်ကိုင်သူတွေက ဒီသင်္ကြန်ကာလအတွက် အတာအိုးတွေကို ကြိုတင်ပြီး ထုတ်လုပ်ထားကြတာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါ အိုးလုပ်ငန်းကို မန္တလေးတိုင်း ဒေသကြီးအတွင်း၌ အမရပူရမြို့နယ်၊ စဉ့်ကူး မြို့နယ်၊ မြင်းခြံမြို့နယ်၊ မတ္တရာမြို့နယ်များ နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်များတွင် မိရိုးဖလာ စီးပွားရေးလုပ်ငန်းအဖြစ် အဓိကထုတ်လုပ်ကာ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ် လက်မှုပညာရပ်ကို မပျောက်ကွယ်စေရန် ထိန်းသိမ်းစောင့်ရှောက်လုပ်ကိုင်လျက်ရှိပြီး ထွက်ရှိလာသည့် အိုးများကို ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် မန္တလေးမြို့သို့ အများဆုံး တင်ပို့ရောင်းချကြသည့်အပြင် ခန္တီး၊ မော်လိုက်၊ ဟုမ္မလင်းနှင့် ပုဂံ-ညောင်ဦး မြို့နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိ ကြောင်း သိရသည်။

မောင်အေးချမ်း