ရန်ကုန် ၁၆ ဧပြီ
၁၃၈၀ ပြည့်နှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော် အတက်နေ့တွင် ရန်ကုန်မြို့၌ ရေကစား မဏ္ဍပ်ကြီးများနှင့် လမ်းလျှောက် သင်္ကြန်တို့တွင် ရေကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် အထူးစည်ကားခဲ့သည်။
ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့ရှိ ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်တွင် နံနက်ပိုင်းမှ စတင်၍ နိုင်ငံကျော် အနုပညာရှင်များ၏ တေးဂီတ ဖျော်ဖြေမှုများနှင့်အတူ ယိမ်းအဖွဲ့များက ကပြဖျော်ဖြေကြရာ ရေကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိသကဲ့သို့ မြို့တော်ဗဟို မဏ္ဍပ်အနီးရှိ လမ်းလျှောက် သင်္ကြန်တွင်လည်း ပြည်သူများပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က ``ဒီနှစ်သင်္ကြန်ရဲ့ မြင်ကွင်းတွေကတော့ အရင်နှစ်တွေထက် ထူးခြားပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ လမ်းလျှောက်သင်္ကြန်ကို မနှစ်ကထက် နေရာတွေတိုးချဲ့ပြီး ကျင်းပပေးခဲ့တဲ့အတွက် ပြည်သူတွေ သင်္ကြန်မှာ လည်ပတ်စရာနေရာတွေများလာတယ်။ လမ်းလျှောက်သင်္ကြန်တွေလုပ်ပေးလိုက်တဲ့ အတွက် သင်္ကြန်လည်တဲ့ ပြည်သူတွေအတွက် အပူဒဏ်ကိုကာကွယ်ပေးရာရောက်တယ်။ ယာဉ်မတော်တဆမှု တွေလည်းနည်းသွားနိ်ုင် သလို ယာဉ်ကြောကြပ် တည်းမှုတွေလည်း အရင်နှစ်တွေထက် သက်သာသွား တာ တွေ့ရတယ်´´ ဟုပြောသည်။
ယခုနှစ် ရန်ကုန် သင်္ကြန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုအရ မြို့နယ်များအ လိုက် ဗဟိုမဏ္ဍပ်များ နှင့် ပုဂ္ဂလိက ရေကစား မဏ္ဍပ်များကို သတ်မှတ်စည်းကမ်းချက်များ အတိုင်းခွင့်ပြု ခဲ့သည့် အပြင် မြန်မာ့ရိုးရာနန်းတွင်း ရှေးခေတ်သင်္ကြန်၊ ကျေးလက်သင်္ကြန်နှင့် ခေတ်ပေါ် သင်္ကြန် (ခေတ်သုံးခေတ်) တို့ကို ကိုယ်စားပြုသည့် လမ်းလျှောက်သင်္ကြန်များကိုလည်း မဟာဗန္ဓုလပန်းခြံ လမ်းတစ်လျှောက်နှင့် မြကျွန်းသာ ဥယျာဉ်၊ အင်းလျားကန်ဘောင်တို့ အပါအဝင် နေရာငါးနေရာ၌ ကျင်းပလျက်ရှိရာ သင်္ကြန်ရေကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် စည်ကားခဲ့သည်။
မရမ်းကုန်းမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်ထွန်းက ``ဒီနှစ် သင်္ကြန်က အရင်နှစ်တွေထက် သင်္ကြန်ရေကစားထွက်တဲ့သူတွေပိုများတယ်။ သင်္ကြန်ကားတွေနဲ့လည် တဲ့ သူတွေရှိသလို လမ်းလျှောက်သင်္ကြန်မှာလည်း စည်စည်ကားကားနဲ့ ပျော်ရွှင်ဖို့ကောင်းပါတယ်။ ဒီနှစ်မှာ မြို့နယ်အလိုက် မဏ္ဍပ်ကြီးတွေရှိတဲ့အတွက် အရင်နှစ်တွေထက် လည်ပတ်စရာတွေပိုများလာ တယ်။ ပိုပြီးလည်းစည်ပါတယ်´´ ဟုပြောသည်။
ယနေ့ ရန်ကုန်သင်္ကြန် အတတ်နေ့တွင် မဏ္ဍပ်ကြီးများ အများဆုံးစုစည်း တည်ရှိရာ လှိုင်မြို့နယ် (အင်းလျားကန်းပေါင် အနီး) ပြည်လမ်းပေါ်ရှိ မဏ္ဍပ်ကြီးများ၊ မြို့တွင်းလမ်းမကြီးများတွင် တစ်ခု အပါအဝင်ဖြစ်သည့် အနော်ရထာလမ်းပေါ်ရှိ မဏ္ဍပ် ကြီးများလမ်းနှင့် မြို့နယ်များအလိုက် တည်ရှိသည့် မြို့နယ် ဗဟိုမဏ္ဍပ်များတွင် နာမည်ကျော် ရုပ်ရှင်၊ သဘင်နှင့် ဂီတအနုပညာရှင်များနှင့်အတူ သင်္ကြန်ယိမ်းအဖွဲ့များက ညနေပိုင်း အထိ သီဆိုဖျော်ဖြခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးတွင်း၌ ပြည်သူများ အန္တရာယ်ကင်းစွာဖြင့် ပျော်ရွှင်စွာ ရေကစားနိုင်စေရန်နှင့် မှုခင်းများလျော့နည်းစေရန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင် ရွက်လျက်ရှိသကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှုများနှင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှုမရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။
သတင်း-ဇော်ကြီး၊ မင်းသစ်(သတင်းစဉ်)
ဓာတ်ပုံ-ဇော်မင်းလတ်၊လှမိုး


