မန္တလေး ၂၉ မတ်


၂၀၁၉ မြန်မာ့နှစ်သစ်ကူး အခါတော်မဟာသင်္ကြန်၌ မန္တလေးမြို့ ဝင်မြို့ထွက်ဂိတ်များ၌ ဝင်လာသည့်ကားများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောသည်။

 

1


ထို့အပြင် သင်္ကြန်ရေကစား မဏ္ဍပ်နှင့် ဖျော်ဖြေရေး မဏ္ဍပ်များအပြင် ကျုံးဘေးများရှိ လမ်းဆုံလမ်းထောင့်များတွင် ရဲတပ်ဖွဲ့ဝင် ၇ ယောက်နှုန်း ချထား၍ လုံခြုံရေး ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

1


"သင်္ကြန်တွင်းမှာ လည်ပတ်ကြတဲ့ ကားတွေမှာ တုတ်ဓားလက်နက်ကိုင်ဆောင်ထား တာတွေရှိမရှိ စစ်ဆေးမယ်။ နောက်ပြီး မူးယစ်ရမ်းကားတာတွေ၊ခိုက်ရန်ဖြစ်ပွားတာတွေ မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်သွားမယ်" ဟု ၎င်းကပြောသည်။


ထို့ပြင် သင်္ကြန်ကာလ အတွင်းတွင် မန္တလေးတိုင်း၌ ရဲအင်အား ၂၀ဝ၀ ခန့်ဖြင့် ထိန်းသိမ်းသွားမည်ဖြစ်ပြီး မဏ္ဍပ်တစ်ခုလျှင် ရဲအင်အား ၅ ဦးထ ားရှိမည်ဖြစ်သည်။


"မဏ္ဍပ်တွေမှာ အလုံပိတ် ဆောက်ထားတာတွေ ရှိ၊မရှိကို သင်္ကြန်မတိုင်ခင်မှာစစ်ဆေးမယ်။ သင်္ကြန်တွင်းမှာလဲ စစ်ဆေးမယ်။ နောက်ပြီး CCTV တပ်ဆင်ထားခြင်းရှိ မရှိကို စစ်ဆေးသွားမယ်" ဟု လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ဆက်ပြောသည်။


ထို့ပြင် မန္တလေးမြို့ပေါ်တွင် ရောင်းချသောဆေးဆိုင်များတွင် ကာမစိတ်ကြွဆေးများ ရောင်းချမှု မရှိစေရန် ကြိုတင်စစ်ဆေး သွားမည်ဖြစ်ပြီး သင်္ကြန်ကာလ အတွင်းတွင်လည်း ထပ်မံစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။


ထို့ပြင် မန္တလေးမြို့အတွင်း လူစည်ကားသော နေရာများဖြစ်သည့် ကျောက်တော်ကြီးဘုရား၊ တောင်သမန်အင်းနှင့် ကန်တော်ကြီး စသည့်နေရာများတွင်လည်း လုံခြုံရေးများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ယခုနှစ် မန္တလေးသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်၊ တိုင်းရင်းသားသွေးချင်းများ၏ စုပေါင်းမဟာသင်္ကြန်ပွဲတော် တို့အပြင် ကျုံးအရှေ့ဘက်တွင်လည်း နေ့ညဈေးကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။


သူရိန်လင်း