ပုသိမ်  ၃၁  မတ်

ဧရာဝတီတိုင်းဒေသကြီးအတွင်းနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပြေးဆွဲပေးနေသော အဝေးပြေး ယာဉ်လိုင်းများကို ပုံမှန်ပြေးဆွဲပေးသွားမှာဖြစ်ပြီး သက်မှတ်ယာဉ်စီးခများထက် ပိုမိုတောင်းခံပါက ခရီးသွားပြည်သူများအနေဖြင့် တိုင်းကြားနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ သင်္ကြန်ကာလအတွင်းမှာ ယာဉ်လိုင်းတွေကို ပြေးဆွဲပေးသွားဖို့အတွက် ပိုင်ရှင်တွေရဲ့ ဆန္ဒအတိုင်း ဆွဲချင်လည်းဆွဲ မဆွဲချင်လည်း ရပ်ထားပေါ့၊ ပြေးဆွဲသွားမယ်ဆိုရင်တော့ ဥပဒေဘောင်အတွင်းကပဲ လုပ်ရမယ်၊ ယာဉ်ပြေးဆွဲမှုကိုတော့ လုံးဝရပ်နားသွားဖို့တော့ မရှိဘူး၊ ပုံမှန်အတိုင်းပဲ ပြေးဆွဲသွားမှာပါ၊ အနည်းငယ်လောက်ပဲ ရပ်နားသွားမှာပါ၊ ပိုင်ရှင်တွေကိုတော့ ယာဉ်ရပ်နားပါ၊ ပြေးဆွဲကြပါလို့ မပြောဘူး၊ သူတို့သဘောအတိုင်းဘဲ လုပ်သွားမှာဖြစ်တယ်” လို့ ၎င်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှတစ်ဆင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ၊ ပခုက္ကူ၊ ပြည်မြို့များကို တိုင်းကျော် ယာဉ်(၆၀)ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိပြီး  ၎င်းအပြင် မြန်အောင်၊ မြောင်းမြ၊ ကြံခင်၊ ဟင်္သာတမြို့များ အပါအဝင် ခရိုင်နှင့် မြို့နယ်အတွင်း အဝေးပြေးဝင်း နှစ်ခုမှ အစီး (၁၄၀)ခန့် ပြေးဆွဲပေးလျက်ရှိကြောင်း အဆိုပါရုံးမှ သိရသည်။

သင်္ကြန်ကာလအတွင်း ပြေးဆွဲသော ယာဉ်များအနေဖြင့် သတ်မှတ်ထားသော ယာဉ်စီးခနှုန်းထားများထက် ပိုမိုတောင်းခံခြင်း၊ ဥပဒေဘောင်အတွင်း ကျော်လွန်ပြီးပြေးဆွဲပါက ခေါ်ယူသတိပေးခြင်းများ ပြုလုပ်သွားမည့်အပြင် ထပ်မံစည်းကမ်းဖောက်ဖျက်မှု ရှိလာပါက ယာယီယာဉ်ပြေးဆွဲမှု ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဦးမြင့်လွင်က ပြောသည်။

ယခင်နှစ်များတွင် ယာဉ်စီးခ ပိုတောင်းမှု၊ စည်းကမ်းဖောက်ဖျက်မှုများ မရှိခဲ့ကြောင်း၊ အဆိုပါရုံးမှ ပြေးဆွဲနေသောယာဉ်များ ဥပဒေနဲ့အညီ ပြေးဆွဲနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်သွားမှာ ဖြစ်သလို ယာဉ်ပိုင်ရှင်များနှင့် ကားဂိတ်များကို သင်္ကြန်ကာလအတွင်း လိုက်နာရမည့် စည်းကမ်းများကို သိရှိစေရန်အတွက် အကြောင်းကြားစာများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထွန်းဇော်(၁၂၆)