ခိုင်ကမ်း ၁၁ ဧပြီ
ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ စည်ပင်ဧရိယာအတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သော မွာလ်ဇမ်(ကွီး)ချောင်း တံတားအနီး၊ ကျောက်တစ်လုံးအပန်းဖြေစခန်းနှင့် အမှတ် (၄) ရပ်ကွက် စသည့်နေရာ (၃) နေရာတွင် သင်္ကြန်ကာလအတွင်း လုံခြုံရေး ချထားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနေရာများသည် ခရစ္စမတ်ကာလနှင့် သင်္ကြန်ကာလကဲ့သို့သော ကာလမျိုးတွင် ခိုင်ကမ်းမြို့ပေါ် သာမက ကလေးမြို့မှပြည်သူများ ကားကြီးကားငယ်များဖြင့် မိသားစုလိုက်သော်လည်းကောင်း၊ လူငယ်များ အစုအဖွဲ့ လိုက်သော်လည်းကောင်း လာရောက်အပန်းကြရာ အရက်သေစာ သောက်စားသူတချို့ကြောင့် ပြသနာဖြစ်လေ့ဖြစ်ထရှိသဖြင့် ယခုနှစ် သင်္ကြန်ကာလတွင် အလားတူ ပြသနာတစ်စုံတစ်ရာမဖြစ်ပေါ်စေရေးအတွက် ယခုလို လုံခြုံရေးတာဝန်ချထားခြင်းဖြစ်ကြောင်း သိရသည်။
လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဧပြီလ ၁၃ ရက်မှ ၁၇ ရက်ထိ (၅) ရက်ကြာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ခိုင်ကမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


