မော်လိုက် ၂ ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့အနောက်ဘက် လေးမိုင်အကွာ မော်ကူးကြိုးပြင်ကာကွယ်တော၊ မော်လိုက်-ပြောင်ဘုတ်-စော်ဘွားရေရှင်ကားလမ်းမကြီးဘေးတွင် ၂၀၁၇ ခုနှစ်မှစ၍ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်နိုင်ရေး ဖွင့်လှစ်ပေးထားသည့် ပျားစွဲဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းကို ၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလအတွင်း ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်ရေး ပုံမှန်ဆင်စခန်း ဖွင့်ရက်များအတိုင်း ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဌာနအနေဖြင့် ၂၀၁၉ ခုနှစ် သင်္ကြန်ပွဲတော်ကာလတွင် ပျားစွဲဆင်စခန်းကို ပုံမှန်ဆင်စခန်း ဖွင့်ရက်များအတိုင်း ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်းနှင့် စခန်းဝင်ကြေးများကိုလည်း ပုံမှန်နှုန်းထားအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သင်္ကြန်ပွဲတော်ကာလတွင် ရာသီဥတုပူပြင်းသည့်အတွက် ဆင်စခန်းအား ယာယီပိတ်ခဲ့ကြောင်း ” မော်လိုက်အနောက်သစ်ထုတ်ရေးဒေသ၊ လက်ထောက်မန်နေဂျာ ဦးအောင်ကျော်ဇံ ထံမှ သိရသည်။

အဆိုပါ ပျားစွဲဆင်ခန်းကို တနင်္လာမှ သောကြာနေ့ အထိ နံနက် ၈နာရီမှ မွန်းတည့် ၁၂ နာရီထိ ဖွင့်လှစ်ထားရှိပြီး (စနေ၊ တနင်္ဂနွေ)ရုံးပိတ်ရက်များတွင် ညနေ ၃ နာရီမှ ညနေ ၅ နာရီထိ ပုံမှန်ဖွင့်လှစ် ပေးထားလျက်ရှိကြောင်း၊ စခန်းဝင်ကြေးအနေဖြင့် ပြည်တွင်းခရီးသည်များကို ကျပ် ၁၀ဝ၀၊ ဆင်စီးခြင်း(စခန်းတွင်း ခရီးတို)အတွက် တစ်ဦးလျှင် ကျပ် ၃၀ဝ၀ ကိုလည်းကောင်း၊ ပြည်ပနိုင်ငံခြားသားခရီးသွားဧည့်သည်များကို စခန်း ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် ကျပ် ၂၀ဝ၀ဝ၊ ဆင်စီးခြင်း(စခန်းတွင်း ခရီးတို)တစ်ဦးလျှင် ကျပ်၂၀ဝ၀ဝ ကောက်ခံ လျက်ရှိကြောင်း၊ ယင်းပျားစွဲဆင်စခန်းတွင် ဆင်ကြီး(၉)ကောင်၊ ဆင်ကလေး(၃)ကောင် စုစုပေါင်းဆင်(၁၂)ကောင် ဖြင့် ပြသလျက်ရှိပြီး ဝန်ဆောင်မှုအနေဖြင့် ဆင်များလုပ်ငန်းဝင်ပုံ၊ ဆင်ရေချခြင်း၊ အစာများ ကျွေးမွေးခြင်း၊ ဆင်ကရိယာ ကကြိုးတန်ဆာများ တပ်ဆင်ပြသပေးခြင်း၊ ဆင်များနှင့်အတူ အမှတ်တရမှတ်တမ်း ဓါတ်ပုံများ ရိုက်ကူးနိုင်ခြင်းနှင့် ဆင်အကြောင်းအရာ ဗဟုသုတဖြစ်ဖွယ်များကို ရှင်းလင်းပြသခြင်းများကို ဆောင်ရွက်လျက် ရှိပြီး လာရောက်လည်ပတ်သူများ နားခိုနိုင်ရေး နားနေဆောင်များကို ဆောက်လုပ်လျက်ရှိကြောင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပျားစွဲဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် စုစုပေါင်း (၇၄၄)ဦး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

မော်လိုက်သားလေး