မန္တလေး  ၁၈   ဧပြီ

 

သင်္ကြန်ကာလအတွင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှုခံယူရန် လူနာ ၁၉၆ ဦးနှင့် သေဆုံးသူ ၉ ဦး ရောက်ရှိလာကြောင်း အဆိုပါဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်က ပြောကြားသည်။

 

ယခုနှစ်တွင် ကျင်းပသည့် မန္တလေးသင်္ကြန်ပွဲတော်ကာလအတွင်း အကြိုနေ့မှ အတက်နေ့အထိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုကြောင့် လူနာစုစုပေါင်း ၇၅၂ ဦး ရောက်ရှိလာပြီး ၄င်းလူနာများအနက် ပြင်ပလူနာအဖြစ် ကုသမှုခံယူသူ ၅၅၆ ဦးနှင့် အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ကုသမှုခံယူသူ ၁၉၆ ဦးတို့ ရှိခဲ့သည့်အပြင် သေဆုံးပြီးမှ ရောက်ရှိလာသူ ၉ ဦးရှိကြောင်း သိရသည်။

 

'' ဒီနှစ်သင်္ကြန်ကာလမှာ ကျွန်တော်တို့ ဆေးရုံကြီးကို ရောက်ရှိလာတဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေက ယာဉ် မတော်တဆမှုကြောင့် အများဆုံး ရောက်ရှိလာပြီး ကုသမှုခံယူသူတွေထဲမှာ ဆိုင်ကယ်ကြောင့် ထိခိုက်မှုပိုမို ဖြစ်ပွားတာတွေ့ရပါတယ်။ သေဆုံးသူ ၉ ဦးကလည်း ၆ ဦးက ယာဉ်မတော်တဆမှုကြောင့်ဖြစ်ပြီး ကျန်နှစ်ဦးကတော့ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဖြစ်ပါတယ်။ ကျန်အမျိုးသမီးတစ်ဦးက ကျုံးထဲကို ခုန်ချလို့ ရေနစ်သေဆုံးတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကာလတွေနဲ့ နှိုင်းယှဉ်ရင် အတွင်းလူနာနဲ့ သေဆုံးသူဦးရေဟာ လျော့နည်းလာတာကို တွေ့ရပါတယ် '' ဟု ၎င်းက ပြောသည်။

 

သင်္ကြန်ကာလအတွင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိလာကြသည့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူစာရင်းများအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ၇၅၀ ဦးနှင့် သေဆုံးပြီးရောက်ရှိလာသူ ၂၈ ဦး၊ ၂၀၁၆ ခုနှစ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ၇၀ဝ ကျော်နှင့် သေဆုံးပြီး ရောက်ရှိလာသူ ၁၆ ဦး၊ ၂၀၁၇ ခုနှစ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ၈၁၃ ဦးနှင့် သေဆုံးပြီး ရောက်ရှိလာသူ ၁၇ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ၆၈၃ ဦးနှင့် သေဆုံးပြီးရောက်ရှိလာသူ ၈ ဦး ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)