သံတောင် ၁၂ ဧပြီ
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်မြို့ရှိ ပသိချောင်းသို့ နှစ်စဉ်သင်္ကြန်ကာလအတွင်း ရေလာကစားသူများနှင့် စည်ကားလျှက်ရှိရာ ပသိချောင်းအလည်အပတ်ရေကစားကြသူများ ချောင်းဖျားရှိ မြို့ရေပေးဝေရေး ရေစုကန်အထက်သို့ တက်ရောက်ရေကစားခြင်းမပြုစေရန်၊ ရေကောင်းရေသန့် ဆက်လက် တည်ရှိနိုင်ရေး ရေကစားသည့် နယ်မြေကန့်သတ်မှုများဆောင်ရွက်ရန် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပသိချောင်းသည် ၁၂ လ ရာသီတစ်လျှောက်လုံး ရေစီးဆင်းလျက်ရှိပြီး ပွင့်လင်းရာသီရောက်တိုင်း ရပ်ဝေးရပ်နီးမှ လေ့လာရေးခရီးဖြင့် လာရောက်အပန်းဖြေမှု ပိုမိုများပြားလာခဲ့သည်။
ပသိချောင်းမှ မြို့ရေပေးနိုင်ရေး ဆောင်ရွက်ထားသည့် ရေစုကန်၏အထက်ဘက်သို့ ရေကစားမှု မှာပိုမိုများပြားနေပြီ ဖြစ်သည့်အတွက် မြို့ရေပေးဝေရေး ရေစုကန်အတွင်း ရေညစ်ညမ်းမှုများရှိလာခြင်း အချို့ သော ရေကစားသည့် အမျိုးသားတို့မှ အရက်သေစာသောက်စားမူးယစ်ကာ ဘီယာ/အရက်ပုလင်းခွံများကို ကျောက်တုံးပေါ်တင်ကာ လက်တည့်စမ်းပစ်ခွဲနေသည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် ပသိချောင်း လည်ပတ်မှုကန့်သတ်နယ်မြေ ထားရှိဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကိုကိုဝင်းမှ ပြောကြားသည်။
ယခုနှစ်တွင် ကျရောက်သည့် သင်္ကြန်ရက်မတိုင်ခင်မှစ၍ နယ်မြေကန့်သတ်မှုအပြင် ခရီးသွားလာသူများ၏ အသုံးပြုပြီးပစ္စည်းမှ ထွက်ပေါ်လာသည့်အမှိုက်သရိုက်များကို စနစ်တကျ စွန့်ပစ်နိုင်ရေး အမှိုက်စွန့်ပစ်သည့် ခြင်း/ပုံးများထားရှိသွားရန် မြို့စည်ပင်ဥက္ကဋ္ဌ ဦးတင်ဝင်းမြင့်က ဆွေးနွေးသွားသည်။
သင်္ကြန်ကာလနှင့် နောက်ပိုင်းကာလများတွင်လည်း ဒေသခံများသုံးစွဲနေသည့် ရေပေးဝေရေး ရေစုကန်၏ အထက်ဘက်သို့ တက်ရောက်ရေကစားခွင့် ခွင့်ပြုမည် မဟုတ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိဌာနဆိုင်ရာများနှင့် ဒေသခံတို့ပူးပေါင်းပါဝင်အဖွဲ့ဖြင့် ထိန်းသိမ်းကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


